
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မှတ်တမ်းတင်ထားသမျှ အဆိုးရွားဆုံး ဝက်သက်ရောဂါကူးစက်ပျံ့နှံ့နေလို့ စက်တင်ဘာလ ၂၆ ရက်က နိုင်ငံတဝန်း ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုတရပ်ကို စတင်ခဲ့ပါတယ်။
ဒီအစီအစဉ်က ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အရင်က လုပ်ခဲ့တဲ့ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်မှာ မပါခဲ့ရတဲ့ ကလေးငယ် ၃ ဒသမ ၄ သန်းကို ဦးတည်ဆောင်ရွက်တာပါ။ ဒီလှုပ်ရှားမှုကို မြို့တော် ဒါကာမှာစခဲ့ပြီး အောက်တိုဘာလကုန်အထိ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်။
ဧပြီလက လုပ်ခဲ့တဲ့ အဓိက ဝက်သက်နဲ့ ဂျာမန် ဝက်သက် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်မှာ ဆေးမထိုးခဲ့ရသေးတဲ့ အသက် ၆ လကနေ ၅ နှစ်ကြား ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့ ရည်ရွယ်ထားပါတယ်။
ကျန်းမာရေးပညာရှင်တွေက ဝက်သက်ရောဂါကို တိုက်ဖျက်ရာမှာ ကာကွယ်ဆေးထိုးနှံခြင်းဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်တယ်ဆိုပေမဲ့ ရောဂါကူးစက်မှု အများဆုံးနေရာတွေကို ရှာဖွေဖော်ထုတ်ခြင်း၊ ရောဂါကူးစက်ခံရနိုင်ခြေများတဲ့ ကလေးငယ်တွေကို ကာကွယ် စောင့်ရှောက်ခြင်းနဲ့ ရောဂါပိုးရှိသူတွေဆီက ကူးစက်ပျံ့နှံ့မှုကို တားဆီးခြင်းတို့ဟာလည်း ရောဂါထိန်းချုပ်ရေးအတွက် လိုအပ်တယ်လို့ သတိပေးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝက်သက်ရောဂါကူးစက်မှုက မတ်လအစောပိုင်းမှာ စတင်ခဲ့ပြီး ဝက်သက်ရောဂါနဲ့ ဆက်စပ်တဲ့ သံသယဖြစ်သူနဲ့ အတည်ပြု သေဆုံးသူဦးရေ ၉၉၉ ယောက် ရှိခဲ့ပါတယ်။ ဆေးရုံတွေမှာလည်း ရောဂါဖြစ်နေတဲ့ ကလေးငယ်တွေနဲ့ ပြည့်နေပြီး ရောဂါကို မထိန်းချုပ်နိုင်သေးပါဘူး။
နိုင်ငံရေး မငြိမ်မသက်မှုတွေကြောင့် ကာကွယ်ဆေးထိုးခံဖို့ လွတ်သွားတာနဲ့ ကာကွယ်ဆေးထောက်ပံ့မှုဆိုင်ရာ ပြဿနာတွေ ဖြစ်ခဲ့လို့ ကလေးငယ်တွေ၊ အထူးသဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးတဲ့ အရွယ်မရောက်သေးတဲ့ အသက် ၉ လအောက် မွေးကင်းစကလေးငယ်တွေမှာ ရောဂါကူးစက်ခံရနိုင်ခြေ မြင့်မားလာခဲ့ပြီး ဒီအခြေအနေက အသက်အရွယ်အုပ်စုအသီးသီးကြား ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုအားပေးရာရောက်ခဲ့တယ်လို့ ကျန်းမာရေး အရာရှိတွေနဲ့ ပညာရှင်တွေက ပြောခဲ့ပါတယ်။
ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းစဉ်တွေအပြင် ပြည်သူတွေကို အသိပညာပေးခြင်း၊ ရောဂါပိုးရှိသူတွေကို သီးခြားခွဲထားပြီး ကုသခြင်းနဲ့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေကို ကူညီထောက်ပံ့ခြင်းတို့နဲ့ ပေါင်းစပ်ဆောင်ရွက်ကြဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။










