DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဥပဒေ ရေးဆွဲပြဋ္ဌာန်းရန် NUG ကို နိုင်ငံရေးသမားများတိုက်တွန်း
DVB
·
November 13, 2022
ပြည်သူ့ကာကွယ်ရေးတပ်မတော်ဥပဒေ ရေးဆွဲပြဋ္ဌာန်းရန် NUG ကို နိုင်ငံရေးသမားများတိုက်တွန်း
Donate to DVB

စစ်ကိုင်းမှာ ပြန့်ကျဲနေတဲ့ PDF တွေကို ထိန်းချုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဥပဒေကို NUG က ရေးဆွဲပြဌာန်းဖို့ လိုအပ်နေပြီလို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတွေက တိုက်တွန်းပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကို ထူထောင်ခဲ့ပေမယ့် ဥပဒေတရပ်ပြဋ္ဌာန်းထိန်းချုပ်ထားတာမရှိသေးဘဲ ကာကွယ်ရေးမူဝါဒဆိုင်ရာ အခြေခံမူတွေနဲ့ လိုက်နာရမယ့် စည်းကမ်းတွေကိုသာ ထုတ်ပြန်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို ဥပဒေတရပ်ခိုင်ခိုင်မာမာ မပြဋ္ဌာန်းနိုင်သေးတာကြောင့် မြေပြင်မှာ ပြန့်ကျဲနေတဲ့ PDF တွေကို ထိန်းချုပ်နိုင်မှုအားနည်းနေတာလို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲမှာ ထောင်နဲ့ချီပြီးရှိနေတဲ့ PDF အဖွဲ့တွေထဲမှာ NUG လက်အောက်ကို ဝင်ရောက်တဲ့အဖွဲ့တွေရှိခဲ့သလို မဝင်ရသေးတဲ့အဖွဲ့တွေလည်းရှိနေဆဲဖြစ်ပါတယ်။ 

NUG လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖ၊ ပကဖတို့အပြင် အခုနောက်ပိုင်းမှာ ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖပါ ထပ်တိုးလာပေမယ့် ခိုင်မာတဲ့ ဥပဒေနဲ့ ထိန်းချုပ်ထားတာမျိုးမဟုတ်သေးပါဘူး။ 

NUG က လက်အောက်ခံအဖွဲ့တွေကိုတောင် ခိုင်ခိုင်မာမာ မထိန်းချုပ်နိုင်ရင် Local PDF တွေကို ထိန်းနိုင်ဖို့ဆိုတာ ရုန်းကန်ရဦးမယ့် အနေအထားမှာပဲရှိနေတယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမား ကိုစိုးဝင်းဆွေက သုံးသပ်ပါတယ်။

"လူတယောက်ကို ပိုစတာတခုကိုင်ပြီး ဆန္ဒပြခိုင်းတာက ပြဿနာမရှိဘူးပေါ့။ ဒါပေမယ့် လူတကိုယ် သေနတ်တလက်ကိုင်ပြီးတော့ ခုခံစစ်ဆင်နွှဲကြပါဆိုတဲ့ကိစ္စမှာတော့ လက်နက်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုလုပ်ရတဲ့ ပြဿနာ နောက်ဆက်တွဲတွေ အ များကြီးရှိလာနိုင်တယ်ဗျာ။ နိုင်ငံရေးရည်ရွယ်ချက်မပါဘဲ လက်နက်ကိုင်ဆောင်မှုတွေက လက်နက်တလွဲသုံးမှုတွေကို ဖြစ်ပေါ်စေတယ်။ ဒီအပိုင်းတွေက အမြန် ထိန်းချုပ်ရမယ့် အပိုင်းတွေဖြစ်တယ်ဗျ။ NUG အနေနဲ့က စစ်တပ်ဖွဲ့ရင် စစ်ဘက်ဆိုင်ရာ ဥပဒေတခါတည်းရေးဆွဲဖို့ လိုတယ်ဗျာ။ လောလောဆယ်မှာ ကျနော် သိသလောက် PDF ဥပဒေမရှိဘူး။ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဥပဒေမရှိတဲ့အတွက် ဘယ်ပေတံနဲ့ထားပြီးတော့ မြေပြင်ကို ထိန်းချုပ်မလဲဆိုတဲ့ကိစ္စမှာ အများကြီးပြဿနာဖြစ်တယ်။ NUG အောက်မှာမဝင်သေးတဲ့ Local PDF တွေကို အသာထားလိုက်ဦး။ NUG အောက်မှာရှိနေတဲ့ ပကဖတို့၊ ပလဖတို့၊ PDF တို့ဆိုတာတောင် ဥပဒေနဲ့အညီပေါ့ ဘယ်သူက ဘယ်အပိုင်းမှာ ဘယ်တာဝန်ရှိတယ်ဆိုတဲ့ မူကျကျကိုင်တွယ်နိုင်တဲ့အပိုင်းမှာ ကျနော်တို့ အားနည်းနေတာရှိတယ်ဗျာ။ ဆိုတဲ့အခါကြတော့ NUG အောက်မှာ မဝင်သေးတဲ့အဖွဲ့အစည်းတွေကို ကိုင်တွယ်ဖို့ဆိုတာကတော့ တော်တော်ကြိုးစားရဦးမယ့် အပိုင်းမှာရှိတယ်။ လက်နက်ဆိုတာ စည်းစိမ်တမျိုးပဲဗျာ လက်နက်ရဲ့ စည်းစိမ်ကို လူတွေက သာယာလာတယ် သိလာတယ်ဆိုတဲ့အချိန်ကြရင်တော့ လက်နက်အပေါ်မှာ အလွဲသုံးစားမှုတွေက သေချာပေါက်ဖြစ်လာမှာဗျ။ ဒီအပိုင်းတွေက အချိန်းမဆိုင်းဘဲ မြန်မြန်ထိန်းချုပ်နိုင်မှသာလျှင် ကျနော်တို့ တော်လှန်ရေးဆီကို ရောက်မယ့် လက်နက်တွေ ဖြစ်လာမယ်လို့ ကျနော်ကတော့ ယူဆတယ်ဗျ။"

စစ်ကိုင်းတိုင်းက တချို့မြို့နယ်တွေမှာ NUG လက်အောက်ခံကာကွယ်ရေးအဖွဲ့တွေနဲ့ Local PDF တွေကြားထဲက မကျေလည်မှုတွေဟာ တနေ့တခြားပိုပြီးရှုပ်ထွေးလာပါတယ်။ လက်နက်ခွဲဝေမှု၊ ရိက္ခာခွဲဝေမှု၊ နယ်မြေခွဲဝေမှုပြဿနာတွေ နေ့တိုင်းကြုံတွေ့နေရတာဖြစ်ပါတယ်။ 

တချို့မြို့နယ်တွေမှာ အချင်းချင်းပစ်ခတ်တာတွေ သေဆုံးစေမှုတွေပါဖြစ်ပွားခဲ့ပြီး လူသိရှင်ကြားဖြေရှင်းရတဲ့အထိ ဆိုးရွားခဲ့တဲ့ပြဿနာတွေလည်းရှိခဲ့ပါတယ်။ ဒေသတွင်း PDF အချင်းချင်းဖြစ်နေတဲ့ မကျေလည်မှုတွေနဲ့ပတ်သက်ပြီး ဆားလင်းကြီးဒေသခံ PDF ခေါင်းဆောင်တယောက်က အခုလို သုံးသပ်ပါတယ်။

တွေ့ရာသင်္ချိုင်းဓါးမဆိုင်းအဖွဲ့ခေါင်းဆောင် စွမ်းသူမောင်က "အရင်တုန်းက လူကြီးတွေပြောတဲ့ စကားအရဆိုရင် အလံဖြူ၊ အလံနီတောင်မှ ဖြစ်သွားနိုင်တဲ့ အနေအထားရောက်တယ်။ ဘာလို့လဲဆိုတော့ ကြီးနိုင်ငယ်ညှဉ်းတွေပေါ့နော်။ နောက်ပြီးကြတော့ အခြေအနေလှရင်လှပေါ့၊ အခြေအနေမလှရင်တော့ အင်အားနည်းတဲ့အဖွဲ့အစည်းက ခံရမှာပဲ။ အင်အားများတဲ့အဖွဲ့အစည်းက တောခိုပဲ။ ဒီလိုနဲ့ပဲ၊ ဒီလိုအနေအထားမှာရောက်မယ်လို့တောင် တွေးမိတယ်ပေါ့နော်။ ခုတပ်ရင်းတွေ ချပေးတယ်ကွာ။ ယင်းမာပင်ခရိုင်မှာဆိုရင် တပ်ရင်း ၃၈ ရင်းလို့ကြားတယ်။ ဒါပေမယ့် ခုချိန်အထိ တပ်ရင်းတွေ စုစုစည်းစည်းနဲ့ တိုက်ပွဲဖော်ဆောင်တာမှ မလုပ်ပေးနိုင်သေးတာ။ လုပ်လည်းမလုပ်ပေးနိုင်ဘူး။ အဖွဲ့အစည်းတွေကလည်း အတ္တတွေပြိုင်နေတဲ့အတွက်ကြောင့်မို့လို ဒီတော်လှန်ရေးကြီးကတော့ ရင်လေးစရာပါပဲ။"

၂၀၂၁ မတ်လနှောင်းပိုင်းကစပြီး စစ်ကိုင်းတိုင်းမှာ တစတစပေါ်ထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ လက်ရှိအချိန်မှာ ထောင်နဲ့ချီတဲ့အရေအတွက်အထိရှိနေတာပါ။ မြို့နယ် ၃၇ ခု၊ ကျေးရွာ ၅၀၀၀ ကျော်ရှိတဲ့ စစ်ကိုင်းတိုင်းမှာ ဒေသတွင်းကာကွယ်ရေးအဖွဲ့ငယ်အများကြီး ပြန့်ကျဲနေတာဖြစ်ပါတယ်။ 

ဒီအခြေအနေမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ စစ်ကိုင်းတိုင်းမှာ ပြန့်ကျဲနေတဲ့ PDF တွေကို စုစည်းပြီး တိုင်းအဆင့် စစ်ကွပ်ကဲရေးကော်မရှင်တရပ်ဖွဲ့စည်းသင့်ပြီလို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတွေက တိုက်တွန်းပါတယ်။ 

နိုင်ငံရေးဘက်မှာလည်း တိုင်းအဆင့် အတိုင်ပင်ခံကောင်စီတရပ်ဖွဲ့စည်းပြီး နိုင်ငံရေးပြဿနာတွေကို အဖြေရှာဖို့လိုအပ်နေတယ်လို့ဆိုပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013