
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ သစ်ရောင်းကျေးရွာအုပ်စု သံပတ်ကွင်းကျေးရွာမှာ စစ်မှုထမ်းရင် ငွေကျပ်သိန်း ၄၀ ပေးမယ်လို့ ကတိပေးပြီး ခေါ်ဆောင်သွားတဲ့ မောင်မျိုးဝင်း (ခ) မောင်မျိုးမင်းဟာ ပျောက်ဆုံးနေပြီး မိသားစုနဲ့လည်း အဆက်အသွယ်ပြတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ တတိယပတ်အတွင်းမှာ သစ်ရောင်းကျေးရွာအုပ်စုက စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူး မြင့်အေး၊ ရာအိမ်မှူး ဇင်မျိုးထိုက်နဲ့ ဝင်းမြင့် (ခ) တုံးတာကြီး၊ အုန်းလှိုင်တို့အဖွဲ့ဟာ ဆင်မကျေးရွာကနေ ပြောင်းရွှေ့နေထိုင်လာတဲ့ မောင်မျိုးဝင်းကို စစ်ဆေးစရာရှိတယ်လို့ ပြောဆိုခဲ့သလို စစ်မှုထမ်းရင် ငွေကျပ်သိန်း ၄၀ ပေးမယ်လို့ ကတိပေးပြီး ခေါ်ဆောင်သွားခဲ့တာပါ။
ဒါပေမဲ့ ရက်ပိုင်းအကြာမှာ မိသားစုဝင်တွေက မောင်မျိုးဝင်းအကြောင်း သတင်းမကြားရတော့လို့ လိုက်လံစုံစမ်းခဲ့ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က သူတို့ခေါ်ဆောင်သွားတာ မဟုတ်ကြောင်းနဲ့ အကြောင်းအရာကို မသိရှိကြောင်း ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မိသားစုဝင်တွေက လိုက်လံစုံစမ်းခဲ့ပေမဲ့ မောင်မျိုးဝင်းဟာ ဘယ်စစ်တပ်စခန်း၊ ဘယ်တပ်ရင်းကိုမှ ရောက်ရှိနေခြင်း မရှိသေးသလို ကတိပေးထားတဲ့ ငွေကျပ်သိန်း ၄၀ ကိုလည်း မိသားစုထံ ပေးအပ်တာမရှိဘဲ လက်ရှိအချိန်အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “လူငယ်ကို ခေါ်သွားပြီးကတည်းက မိသားစုက ဘယ်နေရာမှာ ရှိနေတယ် ဆိုတာ မသိရသေးဘူး။ လိုက်စုံစမ်းပေမဲ့လည်း သေချာတဲ့သတင်း မရသေးဘူးလို့ သိရတယ်။ မိသားစုအနေနဲ့လည်း အခုချိန်အထိ စိုးရိမ်ပူပန်နေကြရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် သစ်ရောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၇ ရွာက အိမ်ခြေ ၁,၈၀၀ နီးပါးဆီကနေ စစ်အာဏာရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရာအိမ်မှူးတွေဟာ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး မတရား ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလို ကောက်ခံရရှိထားတဲ့ ငွေကြေးတွေဟာ သိန်းရာနဲ့ချီရှိနေပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ ရာအိမ်မှူးတွေက ခွဲဝေယူသုံးစွဲနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အဲဒီလူငယ်ကို ဖမ်းပြီး စစ်မှုထမ်းဖို့ ပြန်ရောင်းစားတယ် လို့ သိရတယ်။ အုပ်ချုပ်ရေးမှူးတွေရဲ့ မြေပြင်လုပ်ဆောင်ချက်တွေကို အရေးယူမှု အားနည်းလို့ အခွင့်အရေးယူပြီး လုပ်နေတာ” လို့ ပြောပါတယ်။
စစ်ဘေးဒဏ်နဲ့ စီးပွားရေးအခက်အခဲတွေ ကြုံတွေ့နေရတဲ့ ဒေသခံပြည်သူတွေဟာ ငွေကြေး ကောက်ခံမှုတွေနဲ့ ဖိနှိပ်မှုတွေကိုပါ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။











