
ရခိုင်ပြည်နယ်မှာ အရပ်သား ၉ ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ ပုဏ္ဏားကျွန်းအခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၅၀ တပ်ရင်းနဲ့ ပါဝင်ပတ်သူတွေကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေသွားမယ်လို့ နိုဝင်ဘာ ၁၁ ရက်မှာ ရက္ခိုင်တပ်တော် (အေအေ)က ကြေညာပါတယ်။
နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်းက စစ်ကောင်စီရဲ့ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ(၅၅၀) တပ်ရင်းက ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာက အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာထဲမှာရှိနေတဲ့ အသက်ကြီးပိုင်း အပြစ်မဲ့ပြည်သူ ၉ ဦးထက်မနည်းကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ တစ်နိုင်ငံလုံး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေထဲက အဆိုးရွားဆုံး သိသာထင်ရှားတဲ့ အစုလိုက် အပြုံးလိုက်သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတခုဖြစ်တယ်လို့ အေအေ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ နိုဝင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက်တို့မှာလည်း စစ်ကောင်စီက ပုဏ္ဏားကျွန်းအခြေစိုက် ခမရ(၅၅၀) တပ်ရင်း ပါဒလိတ်၊ ကွမ်းတောင် တပ်စခန်းတွေက လက်နက်ကြီးနဲ့ပစ်ခတ်၊ စစ်ရဟတ်ယာဉ်၊ ဒရုန်းတွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျေးရွာတွေကို ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးပြီး အမျိုးသမီးနဲ့ ကလေးအပါဝင် ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ကိုယ်လက်ဆုံးရှုံးခဲ့ရပါတယ်။
လက်နက်ကိုင်းအချင်းချင်း ရင်ဆိုင်မတိုက်ရဲဘဲ အပြစ်မဲ့ပြည်သူတွေကိုသာ ဦးတည်တိုက်ခိုက်ဝံ့တဲ့ စစ်ကောင်စီရဲ့ အခုလို လုပ်ရပ်တွေမှာ အလွန်သူရဲဘောကြောင်တဲ့ စက်ဆုပ်ရွံရှာဖွယ်လုပ်ရပ်ဖြစ်တယ်လို့ အေအေက ဝေဖန်ထားပါတယ်။
နိုဝင်ဘာ ၁၀ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ထောက်ပို့ပစ္စည်းကားတစ်စီးကို ရက္ခိုင့်တပ်တော်(အေအေ)က ပုဏ္ဏားကျွန်းမြို့နယ် ဆင်းအင်းကြီးကျေးရွာနဲ့ ပဒေသာကျေးရွာ အကြားမှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် အနီးနားက ကျေးရွာတွေကို စစ်ကောင်စီက ဝင်ရောက်ပြီး ရွာသားတွေကို သတ်ဖြတ် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။