
နော်ဝေနဲ့ ယူကရိန်းနိုင်ငံတို့ဟာ နှစ်နိုင်ငံ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမှာဖြစ်ပြီး၊ အဲဒီထဲမှာ ယူကရိန်းဒရုန်းတွေကို နော်ဝေနိုင်ငံအတွင်း ထုတ်လုပ်သွားမဲ့ အစီအစဉ်လည်း ပါဝင်တယ်လို့ နော်ဝေအစိုးရက ဧပြီ ၁၄ ရက်မှာ ပြော ပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက်အရ နော်ဝေနိုင်ငံဟာ ယူကရိန်းနိုင်ငံအတွင်း ဒရုန်းထုတ်လုပ်ရေး လုပ်ငန်းတွေကို ကူညီပံ့ပိုးပေးမှာဖြစ်သလို၊ ယူကရိန်းဘက်ကလည်း ဒရုန်းနည်းပညာဆိုင်ရာ အချက်အလက်တွေနဲ့ ဗဟုသုတတွေကို နော်ဝေနဲ့ ပြန်လည်မျှဝေသွားမယ်လို့ အော်စလို အစိုးရက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နော်ဝေနိုင်ငံဟာ တခြား နော်ဒစ်နိုင်ငံတွေ၊ ဘောလ်တစ်နိုင်ငံတွေနည်းတူ ယူကရိန်းကို အခိုင်အမာ ထောက်ခံတဲ့နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းဒီဇိုင်းနဲ့ ဒရုန်းတွေကို နော်ဝေမြေပေါ်မှာပါ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
နော်ဝေဝန်ကြီးချုပ် ယူးနပ်စ်ဂါးစတိုးရေ့က“ရုရှားရဲ့ ကျူးကျော်မှုကို ခက်ခက်ခဲခဲ တိုက်ထုတ်နေရတဲ့ ယူကရိန်းရဲ့ အတွေ့အကြုံတွေဆီကနေ ကျနော်တို့ သင်ယူနိုင်ပါတယ်"လို့ ယူကရိန်းသမ္မတနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် စတိုးရေ့ရဲ့ အစိုးရဟာ ယူကရိန်းအတွက် ရေရှည်ရန်ပုံငွေ အစီအစဉ်တရပ်ကို လွှတ်တော်တွင်းရှိ ပါတီအားလုံးရဲ့ ထောက်ခံမှုနဲ့ ရေးဆွဲချမှတ်ထားပြီး အဲဒီအစီအစဉ်အရ ၂၀၂၃ ခုနှစ်ကနေ ၂၀၃၀ ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံခန့် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
ဒါဟာ လူဦးရေအချိုးအစားအရ ကြည့်မယ်ဆိုရင် နော်ဝေနိုင်ငံဟာ ယူကရိန်းကို အများဆုံး ပံ့ပိုးပေးနေတဲ့ နိုင်ငံတွေထဲကတနိုင်ငံ ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ဧပြီ ၁၄ ရက်မှာ နော်ဝေနိုင်ငံကို ရောက်လာခဲ့ပြီး နော်ဝေ ဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
နော်ဝေနဲ့ ယူကရိန်းတို့ရဲ့ လုံခြုံရေးကို အားကောင်းစေဖို့ ကူညီပေးမဲ့ နှစ်နိုင်ငံသဘောတူညီချက်တရပ်ကို လက်မှတ်ထိုးမယ်လို့ ဇလန်းစကီးက တယ်လီဂရမ် မက်ဆေ့ချ်အက်ပ်မှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် အိမ်ရှေ့မင်းသား ဟိုကွန်းနဲ့ ဥပဒေပြုအမတ်တွေနဲ့လည်း တွေ့ဖို့ စီစဉ်ထားတယ်လို့ သူက ထပ်ပြောခဲ့ပါတယ်။
ဒီအတောအတွင်း ယူကရိန်းစစ်တပ်က ရုရှားထိန်းချုပ်ထားတဲ့ ဒန်ညက်စ် ဒေသက ရုရှားဒရုန်းသိုလှောင်ရုံတွေကို SCALP ခရုဇ်ဒုံးကျည်တွေ၊ ပဲ့ထိန်းဗုံးတွေနဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters











