DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင် ၁၇ ဦးကို အေအေ ဖမ်းဆီးထား
DVB
·
November 11, 2022
ရခိုင်ပြည်လွတ်မြောက်ရေးပါတီဝင် ၁၇ ဦးကို အေအေ ဖမ်းဆီးထား
Donate to DVB

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီရဲ့ ဗဟိုကော်မတီဝင် ခိုင်မြသာ အပါအဝင် ပါတီဝင် ၁၇ ယောက်ကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးထားကြောင်း  ALP ပါတီက နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ALP ဗဟိုကော်မတီဝင် ခိုင်မြသာကိုအေအေက နိုဝင်ဘာ ၇ ရက်မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်-မြန်မာ နယ်စပ် ရွာသစ်ကေကျေးရွာမှာ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ထုတ်ပြန်ထားပါတယ်။

ခိုင်မြသာ မင်္ဂလာဆောင်တဲ့နေ့မှာကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ALP ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

“မင်္ဂလာဆောင်တဲ့နေ့မှာ မင်္ဂလာဆောင်ပြီးပြီး ညနေပိုင်း အိမ်တအိမ်ကနေပြီး ထမင်းစားဖိတ်တယ်။ ဖိတ်တဲ့အခါ သူတို့ဇနီးမောင်နှံအသစ်က ထမင်းစားသွားတယ်။ သွားပြီး အပြန်မှာ ဖမ်းတာလို့ သိရတယ်။”

ခိုင်မြသာဟာ အိန္ဒိယနိုင်ငံ တရိပူရမှာ မွေးဖွားကြီးပြင်းလာတဲ့ ရခိုင်လူမျိုးတဦးဖြစ်ပြီး ရခိုင်ပြည်အတွက် ငယ်စဉ်ကတည်းက သူတတ်နိုင်တဲ့ဘက်က အားတက်သရော လုပ်ဆောင်လာသူဖြစ်ပြီး အေအေ အနေနဲ့ ဒီလိုပြုမူလုပ်ဆောင်ချက်ဟာ ရခိုင်ပြည်ရှိ နိုင်ငံရေး အင်အားစုတွေအကြား ညီညွတ်ရေးကို ပျက်ပြားစေကြောင်း ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် (အေအေ) အနေနဲ့ ၂၀၂၂ ခု တနှစ်အတွင်း ALP ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေနဲ့ ပါတီနဲ့ဆက်စပ်တဲ့ သံဃာတော်၊ ကလေးငယ်ပါမကျန် ရည်ရွယ်ချက်ရှိရှိ နေရာတကာမှာ ဖမ်းဆီးလာတာကို တွေ့ရကြောင်းလည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ALP ဗဟိုအလုပ်မှုဆောင် ခိုင်ပေါ်လင်းနဲ့ ပါတီမိသားစုဝင်ဖြစ်တဲ့ ၈ တန်းကျောင်းသား မောင်စိုးမင်းနိုင်တို့ကိုလည်း အေအေက ဖမ်းဆီးသွားခဲ့ပြီးနောက် အခုအချိန်ထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် အခုနှစ် ၂၀၂၂ သြဂုတ်လကစပြီး အခုလ နိုဝင်ဘာ ၇ ရက်အထိ ULA/AA က ဖမ်းဆီးထားတဲ့ ALP/ALA တပ်ဖွဲ့ဝင် စုစုပေါင်း ၁၇ ဦးအထိ ရှိနေပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို အချင်းချင်းကြား စည်းလုံးညီညွတ်မှု ပျက်ပြားစေတဲ့လုပ်ရပ်ကို ရှောင်ကြဖို့ လိုတယ်လို့လည်း ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

“ပြောရမယ်ဆိုလို့ရှိရင်တော့ ကိုယ်တို့အချင်းချင်းကြားမှာ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ရှိသလို နောင်အနာဂတ်မှာလည်းပဲ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတွေအတွက် လုပ်လာတဲ့လူတွေ အချင်းချင်း စကားမပြောလို့မရဘူး။ စကားကတော့ တချိန်ချိန် တနေ့နေ့မှာ ပြောရမှာဖြစ်တယ်။ ပြီးလို့ရှိရင် အန်တီရဲ့ စိတ်နေသဘောထားတွေကို ပြောရမယ် ဆိုလို့ရှိရင်လည်း တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်လုပ်ကြတဲ့သူ အားလုံးဟာဆိုလို့ရှိရင် အန်တီတို့ရဲ့ သားသမီးတွေဖြစ်တယ်။ ရှေ့က ခေါင်းဆောင်တွေလုပ်လို့ မအောင်မြင်ခဲ့တာကို နောက်ကလုပ်လာတဲ့သူတွေက လုပ်လို့ အောင်မြင်နိုင်တယ်။ အခုက လုပ်နေဆဲပဲဖြစ်တယ်။ ဘယ်သူမှလည်း မအောင်မြင်သေးဘူး။ လုပ်နေဆဲအနေအထားမှာ တယောက်ကိုတယောက်၊ တဖွဲ့ကိုတဖွဲ့ နစ်နာအောင် မလုပ်သင့်ဘူး။ ဒါဆိုလို့ရှိရင် အမျိုးသားစည်းလုံးညီညွတ်ရေးကို အရမ်းထိခိုက်စေတယ်။ အဲလိုလုပ်ရပ်တွေကို ရှောင်ကြဖို့လိုတယ်လို့ ပြောချင်ပါတယ်။”

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (အေအေ) ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရရှိသေးပါဘူး။ 

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာပါဝင်လက်မှတ်ရေးထိုးထားသလို စစ်တပ်အာဏာသိမ်းပြီး နောက်မှာ စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ နှစ်ကြိမ်တိုင်သွားရောက် တွေ့ဆုံခဲ့တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး  ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) ကတော့ လက်ရှိ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013