DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းခရီးသွားလာမှု သိသိသာသာလျော့ကျ
DVB
·
November 10, 2022
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းခရီးသွားလာမှု သိသိသာသာလျော့ကျ
Donate to DVB

လက်ရှိ ခရီးသွားရာသီကာလမှာ နေရာဒေသအပေါ်မူတည်ပြီး ပြည်တွင်းမှာ ပုံမှန်ခရီးသွားလာမှုတွေ ရှိလာတယ်ဆိုပေမဲ့ စစ်တပ်က အာဏာမသိမ်းမီ ရှိခဲ့တဲ့အခြေအနေနဲ့ နှိုင်းယှဉ်ရင် များစွာလျော့ကျသွားတယ်လို့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှုခံခဲ့ရတဲ့ ပထမလှိုင်းနဲ့ ဒုတိယလှိုင်း အပြီးကာလမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ဦးမော့လာချိန် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ ပြည်တွင်းခရီးသွားလာမှုက သိသိသာသာ ‌လျော့ကျလာခဲ့တာပါ။

ခရီးသွားကုမ္ပဏီပိုင်ရှင်တဦးက “ကျနော်တို့ ၂၀၂၀ နဲ့ ၂၀၂၁ ကို ပြန်ကြည့်ရင် ၂၀၂၀ ခုနှစ်ရဲ့ ၇ လပိုင်း ၈ လပိုင်းတွေမှာ ရှိခဲ့တဲ့ ပြည်တွင်းခရီးသွားပမာဏက တော်တော်လေး မြင့်ခဲ့တယ်နော်။ ကိုဗစ်မတိုင်မီပေါ့။ တခါ ကိုဗစ်ဖြစ်ပြီးတဲ့နောက် ပထမလှိုင်း၊ ဒုတိယလှိုင်း ကြုံခဲ့ရပြီးနောက် လူတွေဟာ အိမ်ထဲမှာပဲ နေခဲ့ရတဲ့အတွက် ကိုဗစ်ငြိမ်သွားတဲ့အချိန် နိုဝင်ဘာ ဒီဇင်ဘာလတွေမှာ ခရီးထွက်ကြလို့ ခရီးသွားတွေ ပြန်တက်လာတယ်။ ဒါပေမဲ့ ၂၀၂၁ မှာ စစ်တပ်အာဏာသိမ်းပြီးနောက် သိတဲ့အတိုင်းပဲ လုံခြုံရေးမကောင်းလို့ ခရီးသွားတဲ့နှုန်းက လုံးဝကျသွားခဲ့ရတယ်။ အခု ၂၀၂၂ ခရီးသွားရာသီကာလမှာ လူတွေဟာ မွန်းကြပ်လာတဲ့အတွက် ခရီးသွားလာချင်ကြတယ်။ ဒါကြောင့်မို့ သီတင်းကျွတ်ပိတ်ရက်လို long holiday ရက်တွေမှာ သွားကြတာတွေ များလာတယ်။ ပြောရရင် ချောင်းသာ၊ ငွေဆောင်နဲ့ ငပလီ၊ ဒါတွေက ကမ်းခြေခရီးသွားပေါ့။ တခါ ပြည်တွင်းဘုရားဖူးသဘောမျိုး သွားကြတာက ပုဂံ၊ ပုပ္ပါး၊ ပြင်ဦးလွင်နဲ့ ကလော၊ တောင်ကြီး၊ အင်းလေး အဲ့ဒီလောက်ပဲ သွားနိုင်လာနိုင်ကြတယ်။ ဘာပြောပြော လွန်ခဲ့တဲ့ ၂ နှစ်က အခြေအနေနဲ့တော့ ယှဉ်လို့ မရတော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းခရီးသွားလုပ်ငန်း အခြေအနေက နိုင်ငံခြားသား ခရီးသွားတွေ ဝင်လာဖို့ထက် ပြည်တွင်းခရီးသွားတွေကို ဆွဲဆောင်နိုင်မှသာ ဆက်လက်ရှင်သန်နိုင်မယ့် အခြေအနေနဲ့ ရုန်းကန်နေရပါတယ်။

ဟိုတယ်လုပ်ငန်းရှင်တဦးကလည်း “အန်ကယ်လ်တို့အနေနဲ့ နိုင်ငံခြားသား ခရီးသွားကို မျှော်နေတာထက် ပြည်တွင်းခရီးသွားတွေကို အခုလိုအချိန်မှာ ကြိုးစားပြီး ဆွဲဆောင်နိုင်ဖို့ လိုမယ်နော်။ အဲ့ဒါဆိုရင် ဘာပဲပြောပြော လုံးဝ ရပ်တန့်နေတာထက်စာရင် နည်းနည်းလေးတော့ ရှင်သန်လာမှာပေါ့။ ဥပမာ အန်ကယ်လ်တို့ ဟိုတယ်တွေဆိုရင်လည်း ဝန်ထမ်းစရိတ်လိုဟာမျိုး ပြန်ရနိုင်တယ်။ တကယ်လို့ လုံခြုံရေး ကောင်းမွန်လာမယ်၊ နိုင်ငံရေး ပြန်လည်တည်ငြိမ်လာမယ်ဆိုရင် ထုံစံအတိုင်း တရုတ်လူမျိုးတွေက အုံနဲ့ကျင်းနဲ့ လာလည်ကြဖို့ ရှိတယ်နော်။ ယိုဒယားကလည်း သူတို့ လာလည်ချင်ကြတယ်။ ဒါပေမဲ့ ဟိုတလောကဖြစ်ပွားတဲ့ ကျိုက်ထီးရိုးကိစ္စဆိုရင် ရုပ်ဆိုးတာပေါ့။ ဒါမျိုးတွေရှိနေတော့ နိုင်ငံခြားသား ခရီးသွားတွေ လာဖို့က တော်ရုံတန်ရုံနဲ့ မလွယ်တော့ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာမသိမ်းမီကာလ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရလက်ထက် ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ မြန်မာနိုင်ငံအတွင်းကို နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ၄ ဒသမ ၈ သန်းကျော် ရှိခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီမှ သြဂုတ်အထိ ၄ လတာ ကာလအတွင်းမှာ မြန်မာနိုင်ငံအတွင်းကို နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုက ၂၀,၀၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013