DVB Logo
Home
မြန်မာသတင်း
တနေ့လုပ်ခအနည်းဆုံး ၈၀၀၀ ကျပ်ပေးရန် ကျောက်စိမ်းဖိနပ်စက်ရုံ အလုပ်သမားထောင်ချီ ဆန္ဒပြ
DVB
·
November 9, 2022
တနေ့လုပ်ခအနည်းဆုံး ၈၀၀၀ ကျပ်ပေးရန် ကျောက်စိမ်းဖိနပ်စက်ရုံ အလုပ်သမားထောင်ချီ ဆန္ဒပြ
Donate to DVB

ကုန်ဈေးနှုန်းကြီးမြှင့်လာပြီး အထွေထွေကုန်ကျစရိတ်များကြောင့် တနေ့လုပ်ခအနည်းဆုံး ၈၀၀၀ ကျပ်ပေးဖို့ တောင်ဒဂုံမြို့နယ် ၁၄၁ ရပ်ကွက် မြဝတီမင်းကြီးလမ်းမပေါ်မှာ တည်ရှိတဲ့ ကျောက်စိမ်းဖိနပ်စက်ရုံက အလုပ်သမားထောင်နဲ့ချီ ဒီကနေ့ မနက် ၁၀ နာရီကျော်က လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြခဲ့တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

အလုပ်သမားတဦးက "ညီမတို့တောင်းတဲ့ လုပ်ခရှစ်ထောင်ကတော့ မရဘူး၊ ကျန်တဲ့အချက်တွေကိုတော့ စက်ရုံဘက်က လိုက်လျှောပေးမယ်လို့ ကတိပေးတယ်၊ အာ့ကြောင့် ညှိနှိုင်းမှုအဆင်ပြေသွားတယ်" လို့ ဒီဗွီဘီ ကိုပြောပါတယ်။

အလုပ်သမားတွေဟာ တနေ့တာလုပ်အားခ ၈၀၀၀ ကျပ်ရရှိဖို့၊ ယ ခင်ပေးတဲ့ ဆုကြေးများပြန်ပေးဖို့၊ ရက်မှန်ကြေးကို ၁၅၀၀၀ မှ ၂၀၀၀၀ တိုးမြှင့်ပေးဖို့၊ နှစ်အလိုက် နှစ်ကြေးပေးဖို့၊ ခေါင်းဆောင်ကြေးနဲ့ ကျွမ်းကျင်ကြေးပေးရာမှာ EC နဲ့ Super တို့မှ သတ်မှတ်ပေးဖို့ စတာတွေအပြင် ဆန္ဒပြတောင်းဆိုတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်တာ၊ ခွဲခြားဆက်ဆံတာ မပြုဖို့ စတဲ့ အချက်တွေပါဝင်တယ်လို့သိရပါတယ်။

ဆန္ဒပြမှုဖြစ်ပြီးနောက် အလုပ်သမား၊ အလုပ်ရှင်နဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ ညှိနှိုင်းခဲ့ရာ တနေ့အနည်းဆုံးလုပ်ခ ၈၀၀၀ ကျပ်မှအပ အခြားတောင်းဆိုတဲ့အချက်တွေ ပြေလည်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကိုပြောပါတယ်။

"အနည်းဆုံးလုပ်ခက ပြန်ပြီးမပြင်ဆင်ရသေးတော့ ပေးလို့မရဘူး၊ ဥပဒေမှာ ၄၈၀၀ ပဲရှိတာ ဒီစက်ရုံက ပေးလိုက်ရင် နောက်စက်ရုံပါ ပြသာနာဖြစ်လာနိုင်တယ်။ သူတို့တောင်းတဲ့ ရက်မှန်ကြေးကို စက်ရုံဘက်က ၁၅၀၀၀ ကို ၁၈၀၀၀ တိုးပေးတယ်။ ကျွမ်းကျင်ကြေးကိစ္စကိုလည်း ဒီလကုန် တိတိကျကျထုတ်ပြန်ပေးမယ်လို့ စက်ရုံဘက်က ပြောထားတယ်၊ အဆင်ပြေသွားပါတယ်" လို့ ပြောပါတယ်။

တရုတ်နိုင်ငံသားပိုင် ကျောက်စိမ်းဖိနပ်ထုတ်လုပ်မှုကုမ္ပဏီမှာ အလုပ်သမား ၁၆၀၀ ရှိပြီး ဒီကနေ့ ဆန္ဒပြတဲ့ အလုပ်သမားဦးရေမှာ ၁၁၀၀ ကျော်ရှိတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ် မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှာ အနည်းဆုံးတနေ့လုပ်ခ ၈၀၀၀ ရရှိရေးအတွက် ဆန္ဒပြခဲ့ရာ အလုပ်သမား ၂၉ ဦးအလုပ်ထုတ်ခံခဲ့ရပါသေးတယ်။

မြန်မာနိုင်ငံမှာ အလုပ်သမားတွေ  တနေ့လုပ်ခအနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်အဖြစ် ၂၀၁၈ ခုနှစ်က သတ်မှတ်ထားတာဖြစ်ပြီး ၂ နှစ်တကြိမ်ပြောင်းလဲသတ်မှတ်ရမှာဖြစ်ကာ  စစ်တပ်က အာဏာသိမ်းပြီးနောက် ပြန်လည်သတ်မှတ်နိုင်ခြင်း မရှိတော့တာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013