
ပိုလန်အာဏာပိုင်တွေဟာ အခုနှစ်အစောပိုင်းက စစ်ဆင်ရေးတခုအတွင်း ဘိန်းဖြူတတန်ကျော် သိမ်းဆည်း ရမိခဲ့တယ်လို့ ဇွန် ၈ ရက်မှာ ပြောပါတယ်။
ဗြိတိန် အကောက်ခွန်ဌာနက သတင်းပေးအပြီး မတ်လမှာ ဘောလ်တစ်ဆိပ်ကမ်း ဂဒေးညာကို ရောက်လာတဲ့ သင်္ဘောပေါ်က ကုန်သေတ္တာတွေထဲကနေ မူးယစ်ဆေးဝါးတွေကို အကောက်ခွန် အရာရှိတွေက သိမ်းဆည်းရမိခဲ့တယ်လို့ ပိုလန်အမျိုးသား အခွန်စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စုကနေ တင်ပို့တဲ့ ကုန်သေတ္တာ ၄ ခုထဲမှာ ဘိန်းဖြူ ၁,၀၃၀ ကီလိုဂရမ်ပါဝင်ပြီး ခန့်မှန်းခြေအားဖြင့် မှောင်ခိုဈေးကွက်တန်ဖိုး ယူရို ၅၂ သန်း (အမေရိကန် ဒေါ်လာ သန်း ၆၀) ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
တင်ပို့မှုတွေကို အလှဆင်အုတ်တွေ ပါတယ်လို့ စာရင်းသွင်းထားတာပါ။ မကြာသေးမီက ပိုလန် သမိုင်းမှာ အကြီးမားဆုံး မူးယစ်ဆေးဝါးဖမ်းဆီးမှုတရပ်လို့ အခွန်စီမံခန့်ခွဲရေးဌာနက ဖော်ပြခဲ့ ပါတယ်။
အသက် ၃၃ နှစ်ကနေ ၄၃ နှစ်ကြား အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတယောက် အပါအဝင် ပိုလန်နိုင်ငံသား ၃ ယောက်တို့ကို မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင် တွေက ပြောခဲ့ပါတယ်။
Source: Reuters











