DVB Logo
Home
Lead Story
ရီပတ်ဘလစ်ကန်တွေ အနိုင်ရသွားမလား၊ အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ
DVB
·
November 9, 2022
ရီပတ်ဘလစ်ကန်တွေ အနိုင်ရသွားမလား၊ အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ
Donate to DVB

တစုံတခုဟာ မြင်ပါတွေ့ပါများလာရင် ရိုးသွားတတ်သလိုပဲ သတင်းအကြောင်းအရာတခုကို ထပ်တလဲလဲ မြင်ရတဲ့အခါ ရိုးအီသွားတတ်ပါတယ်။ ၂၀၂၀၊ ၂၀၂၁ အတွင်း ကမ္ဘာ့သတင်းမီဒီယာတွေမှာ နေ့စဉ်မပါမဖြစ် အကြောင်းအရာဟာ “ကိုဗစ်” ကပ်ဘေးသတင်း ဖြစ်ပြီး ၂၀၂၂ မှာတော့ “ယူကရိန်းစစ်ပွဲ” ဖြစ်လာတယ်။ ခု ယူကရိန်းစစ်ပွဲ ရှစ်လကျော် တနှစ်နီးပါးကြာလာတော့ ယူကရိန်းစစ်ပွဲသတင်းဟာ ငြီးငွေ့စရာ ဖြစ်လာပြန်ရော။ လူဆိုတာကလည်း ကိုယ့်ဒုက္ခမှ ကိုယ်ပဲဆိုတော့ တနေရာရာ ဘယ်သူတွေ ဘယ်လောက် ဒုက္ခရောက်ရောက်၊ ဘယ်သူတွေ ဘယ်လောက်ရက်စက်ရက်စက်၊ ခဏတော့ ဂရုဏာသက် စုတ်သပ် ဖြစ်လိုက်တာကလွဲရင် သိပ်အရေးကြီးတယ်လို့ မခံစားတတ်ကြပေဘူး။ ဒီလိုပါပဲ နိုင်ငံတွေဟာ ကိုယ့်ကိစ္စ ကိုယ်ပဲ အရေးကြီးတတ်ကြသလို ကိုယ်နဲ့ထိစပ်လာမယ့် အခြေအနေမျိုးလောက်ကိုပဲ အသည်းအသန် ပူပန်တတ်ကြတယ်။ ကိုယ်တွေကသာ အရေးကြီးနေတာ၊ ကမ္ဘာ့သတင်းတွေထဲမှာ ကိုယ့်မြန်မာသတင်းက ပေါ်လိုက် ပျောက်လိုက်ပါပဲ။

အခု အမေရိကားမှာ (midterm election) ကြားဖြတ်ရွေးကောက်ပွဲကျင်းပတော့ သူတို့အတွက် အဓိကအစ်ရှူး (issues) တွေက သန္ဓေတားဆီးမှုဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး၊ ရာဇဝတ်မှု ထူပြောမှုနဲ့ လူနေမှုစရိတ် ကြီးမြင့်လာမှုတွေပဲ ဖြစ်တယ်။ ဒါ အမေရိကန်ပြည်သူတွေ လက်ငင်းကြုံနေရတဲ့ ပြဿနာတွေပါ။ ဒီအစ်ရှူးတွေက အတိုက်အခံ ရီပတ်ဘလစ်ကန်တွေ အတွက် အားသာချက် ဖြစ်လာနိုင်တယ်။

ပြီးခဲ့တဲ့ ဇွန်လမှာ ဗဟိုတရားရုံးဟာ သန္ဓေတားဆီးရေးဥပဒေကို ပယ်ချလိုက်တော့ ရီပတ်ဘလစ်ကန်တွေအတွက် ဒီအစ်ရှူးက မှေးမှိန်သွားတယ်။ ရီပတ်ဘလစ်ကန်တွေက ထောက်ခံပြီး ဒီမိုကရက်တွေက အားမပေးတဲ့ အမျိုးသမီးတွေရဲ့ သန္ဓေတားဆီးခွင့်ဥပဒေ အရေးနိမ့်သွားတဲ့အခါ ရီပတ်ဘလစ်ကန်တွေရဲ့ အဓိကအစ်ရှူးက ကုန်ဈေးနှုန်း၊ လူဝင်မှုပြဿနာနဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေ ဖြစ်လာတယ်။

လက်ရှိအနေအထားက ခု ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ဘက်က အနည်းဆုံး အောက်လွှတ်တော်မှာ အနိုင်ရသွားနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ပဲ။ မကြာသေးမီက ကောက်ယူခဲ့တဲ့ စစ်တမ်းအရတော့ လက်ရှိသမ္မတ ဘိုင်ဒင်ရဲ့ လူကြိုက်များမှုဟာ ၅၀ ရာခိုင်နှုန်းအောက်ကို ရောက်နေတယ်။

ကြားဖြတ်ရွေးကောက်ပွဲက လေးနှစ် သမ္မတသက်တမ်းအတွင်း ၂ နှစ်တကြိမ် ကျင်းပတာဖြစ်ပြီး ဒီရွေးကောက်ပွဲက လက်ရှိသမ္မတ ဘိုင်ဒင်ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးနိုင်တယ်။ အများသိချင်နေကြတာက ဒီရွေးကောက်ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာပါ။

သိကြတဲ့အတိုင်း လွန်ခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာ ဒီမိုကရက်ပါတီဟာ လွှတ်တော်နှစ်ရပ်စလုံးကို ဦးဆောင်ထားနိုင်ခဲ့တဲ့အတွက် ဘိုင်ဒင်အနေနဲ့ သူ့စိတ်ကြိုက် ဥပဒေတွေကို ပြဋ္ဌာန်း အတည်ပြုနိုင်ခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကန်ကြား အပြတ်အသတ် မဲအသာရမှု မရှိခဲ့ဘဲ အင်မတန်ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တယ်ဆိုတာ သတိမူဖို့ လိုပါတယ်။ ဒါ့ကြောင့် ဒီကြားဖြတ်ရွေးကောက်ပွဲဟာ နှစ်ဖက်စလုံးအတွက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာပါလိမ့်မယ်။

အောက်လွှတ်တော် အမတ် ၄၃၅ နေရာမှာ နှစ်ပါတီစလုံးက သေချာတဲ့ အရေအတွက်တချို့ကို ရရှိထားပြီး နေရာ ၃၀ အတွက်သာ ဟိုဘက် ဒီဘက် အပြိုင်ရွေးချယ်ရဖို့ ရှိနေတယ်။ အဓိက ပြိုင်ရမယ့် နေရာတွေက ပင်ဆယ်လ်ဗေးနီးယား၊ ကယ်လီဖိုးနီးယား၊ အိုဟိုင်းယိုးနဲ့ မြောက်ကာရိုလိုင်းနားတို့ပါ။

အထက်လွှတ်တော် ဆီးနိတ်မှာလည်း ၃၅ နေရာထဲက ၄ နေရာပဲ အဓိကပြိုင်ရဖို့ရှိတယ်လို့ ဆိုတယ်။ အဓိကနေရာတွေက နီဗားဒါး၊ အရီဇိုးနား၊ ဂျော်ဂျီယာနဲ့ ပင်ဆယ်လ်ဗေးနီးယားပါ။ အကြိတ်အနယ် ပြိုင်ကြမှာဖြစ်လို့ ချက်ချင်းကြီး အဖြေထွက်ဖို့ မရှိဘူးလို့လည်း ဆိုတယ်။

စစ်တမ်းတွေအရ ဘိုင်ဒင်ရဲ့ လူကြိုက်များမှုဟာ ၅၀ ရာခိုင်နှုန်းအောက်ကို ရောက်လာတဲ့အတွက် ဒီကြားဖြတ်ရွေးကောက်ပွဲက သူ့ရဲ့အနာဂတ်ကို အဆုံးအဖြတ် ပေးလာနိုင်တယ်။ ဒီမိုကရက်တွေ အရင်လိုပဲ အနိုင်ရခဲ့ရင် ဘိုင်ဒင်အနေနဲ့ လက်ရှိသွားနေတဲ့ မူဝါဒအတိုင်း ဆက်သွားနိုင်မှာဖြစ်ပေမဲ့ လွှတ်တော်တရပ်ရပ်မှာ အရေးနိမ့်ခဲ့မယ်ဆိုရင်တော့ ရီပတ်ဘလစ်ကန်တွေက သူတို့ရဲ့ အစီအစဉ် (agenda) တွေ အကောင်ထည်ဖော်ဖို့ ကြိုးပမ်းလာမယ်လို့ ခန့်မှန်းကြတယ်။

အဲဒါတွေက လက်ရှိ ၂၀၂၁၊ ဇန်နဝါရီ ၆ ရက်၊ လွှတ်တော်အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး ကော်မတီကို ထိန်းချုပ်ပြီး ဖျက်သိမ်းပစ်တာ၊ သမ္မတ ဘိုင်ဒင်ရဲ့သားနဲ့ တရုတ်ကုမ္ပဏီတွေ ဆက်စပ်လုပ်ကိုင်နေတာ၊ အာဖဂန်နစ္စတန်က အမေရိကန်စစ်သားတွေ ကသောကမျော ဆုတ်ခွာခဲ့ရတဲ့ ကိစ္စတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်လာနိုင်တာပဲ ဖြစ်တယ်။

အလားတူ ဘိုင်ဒင်အတွက် အမေရိကန် တရားသူကြီးချုပ် ခန့်အပ်ရေး အပါအဝင် ရာထူးခန့်အပ်ရေး ကိစ္စတွေမှာ ပိုပြီးခက်ခဲလာနိုင်တယ်။ အထူးသဖြင့် အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တွေက ထိန်းချုပ်သွားနိုင်ခဲ့ရင် ဘိုင်ဒင်ရဲ့ နိုင်ငံခြားရေးမူဝါဒဖြစ်တဲ့ ယူကရိန်းကို အကူအညီပေးရေး အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာပြီး အနှောင့်အယှက် ဖြစ်လာနိုင်တယ်။ ဒီအခြေအနေမျိုးနဲ့ ရင်ဆိုင်လာရရင် ဘိုင်ဒင်အနေနဲ့ သူ့ကိုပေးအပ်ထားတဲ့ သမ္မတတဦးရဲ့ လုပ်ပိုင်ခွင့်နဲ့ ပယ်ချနိုင်ပါသေးတယ်။ အဲဒီလိုဖြစ်ခဲ့ရင်တော့ လွှတ်တော်တွင်း လွန်ဆွဲပွဲဟာ ၂၀၂၄ ရွေးကောက်ပွဲအထိ ဆက်သွားလိမ့်မယ်လို့ ဆိုတယ်။

​အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၄ သမ္မတရွေးကောက်ပွဲအပေါ် သက်ရောက်မှု ရှိမှာဖြစ်သလို ဒီရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေက အနိုင်ရခဲ့မယ်ဆိုရင်တော့ အမေရိကန်ရဲ့ လက်ရှိနိုင်ငံခြားရေးမူဝါဒအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲက အမေရိကန်ပြည်သူတွေအပေါ် သက်ရောက်မှုရှိသလို ကမ္ဘာကြီးအတွက်လည်း သက်ရောက်မှုတွေ ရှိနေတယ်..။

CWM

Ref: The  vote loom - so who will win Congress?

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013