DVB Logo
Home
Lead Story
အကြမ်းဖက်စစ်‌ကောင်စီ၏ ယုတ်မာမှုတိုင်းသည် ပြည်သူ့တော်လှန်ရေးအတွက်‌ တွန်းအားပေးလောင်စာ (သို့) ခေတ်ပြောင်းစွမ်းအား
DVB
·
November 8, 2022
အကြမ်းဖက်စစ်‌ကောင်စီ၏ ယုတ်မာမှုတိုင်းသည် ပြည်သူ့တော်လှန်ရေးအတွက်‌ တွန်းအားပေးလောင်စာ (သို့) ခေတ်ပြောင်းစွမ်းအား
Donate to DVB

အသိဉာဏ်ခေါင်းပါးပြီး မိုက်ရိုင်းရမ်းကားတတ်တဲ့ သတ္တဝါတွေဆိုတာ လက်နက်အားကိုး အစွယ်သွား လက်သည်းခွန်အားသာလျှင် အဖြေလို့ ထင်မှတ်ပြီး ဗိုလ်ကျ အနိုင်ကျင့်တတ်ကြတယ်။ အဲ့ဒီသတ္တဝါတွေဟာ အကြောက်တရားကိုဖန်တီးလို့ တခြားသတ္တဝါတွေအပေါ် စိုးမိုးအနိုင်ယူဖို့ ကြိုးစားရင်း သူတို့ကိုယ်၌က အကြောက်တရားကြီးစွာ ရှင်သန်ကြရတယ်။

အခုလည်း ယုတ်ညံ့သိမ်ဖျင်းလှတဲ့ အကြမ်းဖက်စစ်‌ကောင်စီဟာ ပြည်သူ့ဘဏ္ဍာနဲ့ ဝယ်ထားတဲ့ လက်နက်တွေ အားကိုးပြီး ပြည်သူကို ရက်ရက်စက်စက်နှိပ်ကွပ်လို့ အကြောက်တရား ဖန်တီးရင်း သူတို့မှာ အကြောက်တရားတွေကြီးစိုးလို့ ထိတ်လန့်နေကြပြီဖြစ်ပါတယ်။

ဒီတခေါက် စစ်အာဏာရှင်စနစ် ဖြိုဖျက်ရေး နောက်ဆုံးအဆင့်မှာ မြန်မာပြည်သူတွေ ပေးဆပ်ရတဲ့ အရင်းအနှီးဟာ ကြီးမားလွန်းလှပါတယ်။ သမိုင်းတွင်ရစ်လောက်အောင် စွန့်လွှတ်ပေးဆပ်ရတဲ့ ပြည်သူတိုင်းရဲ့ အသက်တွေ၊ ဘဝ‌တွေ၊ အိုးအိမ်တွေ၊ ဥစ္စာစီးပွားတွေ၊ လွတ်လပ်မှု‌တွေ၊ တန်ဖိုးရှိတဲ့အချိန်တွေ စတဲ့ အရင်းအနှီးတွေ ကြီးမားလေလေ ပြည်သူလူထု ပြန်ရမယ့်အရာတွေကလည်း တန်ဖိုး အလွန်ကြီးမားမှာ ဖြစ်ပါတယ်။

ယမ်းမှုန်လေးတမှုန်ဟာ မီးတောက်သေးသေးလေးသာ ဖြစ်ပေါ်စေနိုင်ပေမဲ့ ယမ်းမှုန်ပေါင်းများစွာဟာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အမှန်တရားကို မြတ်နိုးကြတဲ့ မြန်မာပြည်သူ သန်း ၅၀ ကျော်ဟာ ယမ်းမှုန်ပေါင်း သန်း ၅၀ ဖြစ်ပါတယ်။

နိုင်ငံသူနိုင်ငံသားတွေက လက်မခံဘဲ တိုင်းပြည်အာဏာကို လုယူထားတဲ့ စစ်အကြမ်းဖက်ကောင်စီရဲ့ လူမဆန်တဲ့ ယုတ်မာရက်စက်မှုတိုင်းဟာ ပြည်သူလူထုကို ယမ်းပုံမီးကျဖြစ်စေလို့ နွေဦးတော်လှန်ရေးအတွက် လောင်စာတွေဖြစ်လာပြီး သမ္မတရူး မင်းအောင်လှိုင်နဲ့ ဓားပြအုပ်စုအတွက် ကိုယ့်သေတွင်း ကိုယ်တူးနေသလို ဖြစ်လာနေပါပြီ။ သူတို့ရက်စက်လေလေ စစ်အာဏာရှင်တော်လှန်ရေး မီးတောက်ကြီးက ကြီးမား အရှိန်ရလာလေလေ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်ည ဖားကန့်ဒေသ အင်နန်းပါ (Nnang Pa) ရွာမှာ စတိတ်ရှိုးလုပ်နေစဉ် စစ်အကြမ်းဖက်တပ်က တမင်ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်လေယာဉ်ပျံ‌တွေနဲ့ ဗုံးကြဲပြီး ပြည်သူလူထုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ကေအိုင်စီဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်ကနေ အားလုံးရဲ့ ဝမ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေ ဖြစ်လာမှာလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေဟာ ဖက်ဆစ်စစ်ဘီလူးတွေရဲ့ ရမ်းကားရက်စက်မှုတွေကြောင့် အစားထိုးမရနိုင်တဲ့ မိမိတို့ရဲ့ ဆုံးရှုံးရမှု၊ ဝမ်းနည်းကြေကွဲရမှုတွေကို တော်လှန်ရေးခွန်အားအဖြစ် အရှိန်မြှင့်နေကြပြီ ဖြစ်ပါတယ်။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ စစ်အာဏာရှင်စနစ် အကြွင်းမဲ့ဖျက်သိမ်းရေးအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်အတွင်းမှာ တိုင်းရင်းသား ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ စွန့်လွှတ်ပေးဆပ်ရမှုတိုင်းဟာ အချည်းအနှီး ဖြစ်သွားတယ်ဆိုတာ မရှိပါဘူး။ အညတရ အာဇာနည်အားလုံးရဲ့ အသက်ဘဝ ပေးဆပ်ရမှု အားလုံးရဲ့ အသီးအပွင့် အကျိုးကျေးဇူးတွေကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်သန္ဓေစိတ်ဓာတ်၊ ယုံကြည်ချက်၊ ခံယူချက်တွေကို သွေးကူမျိုးပွားလို့ လက်ဆင့်ကမ်းလာနိုင်ခဲ့ခြင်း ရလဒ်‌တွေပါပဲ။

သာဓကကိုပြရရင်၊ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးအခင်းမှာ အသက်ပေးသွားရတဲ့‌ ကျောင်းသူ ကျောင်းသားတွေရဲ့ ဖိနှိပ်မှုမခံလိုစိတ်၊ မတရားမှုကို ခေါင်းငုံ့မခံတတ်တဲ့ စိတ်ဓာတ်၊ အမှန်တရားကို အသက်ထက်မြတ်နိုးစိတ်တွေဟာ နှောင်နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ မှိုင်းရာပြည့် အရေးအခင်း၊ ဦးသန့်အရေးအခင်းမှာ ပါဝင်ဆင်နွှဲကြတဲ့ ကျောင်းသူကျောင်းသားတွေထံ ဝတ်မှုန်ကူးသလို လက်ဆင့်ကမ်း ရောက်လာခဲ့ကြတာ မဟုတ်လား။

အဲဒီနောက် ကမ္ဘာကျော်ခဲ့တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးနဲ့တကွ ရွှေဝါရောင်တော်လှန်ရေး စတဲ့ သမိုင်းအဆက်ဆက်မှာလည်း ကျဆုံးခဲ့ရတဲ့ အာဇာနည် ပြည်သူ အထောင်အသောင်းရဲ့ တော်လှန်ရေးဝိညာဉ်သ‌န္ဓေမျိုးစေ့တွေဟာ အခုနောက်ဆုံးပိတ် စစ်အာဏာရှင်စနစ်ကို မြေမြှုပ်သင်္ဂြိုဟ်ပစ်မယ့် ၂၁ ရာစု မြန်မာ့နွေဦး တော်လှန်ရေးကြီးမှာတော့ အရှိန်အဟုန်ကြီးမားစွာ တော်လှန်ရေးအောင်လံကို အမြင့်ဆုံး လွှင့်ထူနေကြတာ မဟုတ်ပါလား။

အဲ့သလိုပါပဲ စစ်အခွင့်ထူးခံ အသိုင်းအဝိုင်းရဲ့ ရမ်းကားစုတ်ပဲ့တဲ့ ယုတ်မာမှုတိုင်းဟာလည်း ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်သလို သူတို့ကျူးလွန်တဲ့ အကုသိုလ် ဒုစရိုက်တွေဟာ သူတို့နောက်ကို ထက်ကြပ်မကွာ လိုက်ပါခြောက်လှန့်ရုံသာမက ဒီဘဝတင်မက သံသရာဘဝ အဆက်ဆက် အခွင့်အခါသင့်တိုင်း ပြန်လည်ပေးဆပ်ကြရမှာ ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ စစ်မိစ္ဆာအခွင့်ထူးခံ အသိုင်းအဝိုင်းတွေ ကျူးလွန်သမျှ ရမ်းကားယုတ်မာမှု‌တိုင်းဟာ ပြည်သူတွေကို ကြောက်လန့် နောက်ဆုတ်မသွား‌စေဘဲ နှစ်ဖက်သွားဓားပမာ သူတို့ကို ဖျက်ဆီးပစ်ဖို့ ပြည်သူ့တော်လှန်ရေးအတွက်‌ တွန်းအားပေး လောင်စာများအဖြစ်၊ တန်ဖိုးမဖြတ်နိုင်တဲ့ ခေတ်ပြောင်းစွမ်းအားတွေအဖြစ် အသွင်ပြောင်းနေပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013