
အီရန်ဆိပ်ကမ်းတွေအပေါ် ပိတ်ဆို့ထားတာကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့ ရေနံတင်သင်္ဘောတစင်းကို အမေရိကန်စစ်တပ်က မေ ၆ ရက်မှာ ပစ်ခတ်ခဲ့ပါတယ်။
တိုက်လေယာဉ်ကနေ ပစ်ခတ်ပြီး သင်္ဘောရဲ့ တက်မကို ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်ပါတယ်။
အဲဒီသင်္ဘောဟာ အီရန်အလံလွှင့်ထူထားတဲ့ Hasna အမည်ရှိ ရေနံတင်သင်္ဘော ဖြစ်ပါတယ်။
အမေရိကန်ရဲ့ F/A-18 တိုက်လေယာဉ်ကနေ အမြောက်ကျည်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ပစ်ခတ်မှုကြောင့် အဲဒီသင်္ဘောဟာ အီရန်နိုင်ငံဆီ ဆက်ပြီး ခရီးမနှင်နိုင်တော့ဘူးလို့ အမေရိကန်ဘက်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကလည်း Touska လို့ အမည်ရတဲ့ အီရန်သင်္ဘောတစင်းကို အမေရိကန်က ပစ်ခတ် တားဆီးခဲ့ပါသေးတယ်။
အဲဒီတုန်းကတော့ အမေရိကန်စစ်သင်္ဘောကနေ အင်ဂျင်ခန်းကို တိုက်ရိုက်ပစ်ခတ်ပြီး သင်္ဘောကို ရပ်တန့်အောင် လုပ်ခဲ့တာပါ။
အခုလက်ရှိမှာတော့ အီရန်ဆိပ်ကမ်းတွေထဲ ဝင်ရောက်ဖို့ ကြိုးစားတဲ့ ကုန်သွယ်ရေးသင်္ဘော ၅၀ ကျော်ကို အမေရိကန်က လှည့်ပြန်ခိုင်းထားပါတယ်။
Source: Reuters










