
မြန်မာနိုင်ငံကို ပြည်ပကနေ ခွင့်ပြန်လာတဲ့ အလုပ်သမားတွေ ပြည်ပပြန်ထွက်မယ်ဆိုရင် မိသားစုထံ အခြေခံလစာရဲ့ ၂၅ ရာခိုင်နှုန်းနဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားတဲ့ အထောက်အထားပြရ မဲ့အပြင် စစ်မှုထမ်းခေါ်ရင် လိုက်ပါမယ်ဆိုတဲ့ ခံဝန်ပါ လက်မှတ်ရေးထိုးနေရပါတယ်။
စစ်အာဏာရှင် ဩဇာခံ အလုပ်သမားဝန်ကြီးဌာနရဲ့ စက်တင်ဘာလအတွင်း ထုတ်ပြန်ချက်အရ Passport၊ OWIC၊ အလုပ်လုပ်ခွင့်ပါမစ် ဒါမှမဟုတ် ဗီဇာ၊ ဝင်ထွက်တံဆိပ်တုံးပါ စာမျက်နှာတွေ၊ လေယာဉ်လက်မှတ်နဲ့ အလုပ်ရှင်ရဲ့ ခွင့်စာ အပါအဝင် စာရွက်စာတမ်း ၁၀ မျိုး တင်ပြရမှာ ဖြစ်ပါတယ်။
ဒီလိုအထောက်အထားတွေအပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေဆိုရင် စစ်မှုထမ်းဆင့်ခေါ်ရင် လက်ခံပါမယ်ဆိုတဲ့ ခံဝန်ချက်ပါ လက်မှတ်ရေးထိုးရတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား လူငယ်မောင်မယ်တွေ ဖြစ်ခဲ့မယ်ဆိုရင် နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ စစ်မှုထမ်းဆင့်ခေါ်ရင်လည်း လိုလိုလားလား ကြည်ကြည်ဖြူဖြူ လက်ခံပါမယ်ဆိုတဲ့ ခံဝန်ကတိပြုချက်ကိုပါ လက်မှတ်ရေးထိုးရပါတယ်။ မလွှဲမရှောင်သာလို့ မိသားစုထံ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း အခွန်နဲ့ ၂ ရာခိုင်နှုန်း အခွန်ကို ပေးရင်လည်း ပေးပါ၊ သို့သော် မပြန်ဘဲ နေခြင်းအားဖြင့် မိသားစုရဲ့ ဝမ်းရေးကို ဖြေရှင်းနေတာ၊ မိမိဝမ်းရေးနဲ့ မိသားစုဝမ်းရေးကို ဖြေရှင်းနေတာ၊ ပြည်ပမှာနေတာ ကိုယ့်ရဲ့ အသက်အန္တရာယ် ဘဝလုံခြုံမှုက ပိုပြီးတော့ ခိုင်မာအားကောင်းပါတယ်။ မပြန်ဘဲနေနိုင်ရင် အကောင်းဆုံးပါပဲလို့ အကြံပြုချင်ပါတယ်။”
စစ်မှုထမ်းဥပဒေကို ပြန်အသက်သွင်းခဲ့ပြီးနောက် အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့် အလုပ်သမားဝန်ကြီးဌာနက ကန့်သတ်ခဲ့ပါတယ်။
ဒါ့အပြင် ပြည်ပအလုပ်သမားတွေရဲ့ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင် လမ်းကြောင်းကနေ လွှဲဖို့နဲ့ ဝင်ငွေခွန် ၂ ရာခိုင်နှုန်းဆောင်ဖို့ စည်းမျဉ်းတွေကို ၂၀၂၃ ခုနှစ်မှာ စတင် သတ်မှတ်ခဲ့ပါတယ်။
လက်ရှိမှာလည်း ပြည်ပထွက်ခွာသူတွေဟာ လွှဲပို့ငွေမှတ်တမ်း မပြည့်စုံရင် ဒါမှမဟုတ် အခွန်ဆောင်ထားတဲ့ အထောက်အထားတွေ မပြသနိုင်ရင် ပြည်ပထွက်ခွာခွင့် မကျဘဲ ဆက်လက် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။
ပြည်ပရောက် မြန်မာလုပ်သားတယောက်က “ပြန်လာဖို့ လွယ်ပေမဲ့ ပြန်ထွက်ဖို့ လွယ်ကူတဲ့ အခြေအနေ မဟုတ်တော့တဲ့သဘော ဖြစ်သွားတယ်။ အဲ့တော့ မင်းတို့ ပြန်ထွက်ချင်တယ်ဆိုရင် ပြန်လာချင်ရင် အချိန်မရွေး ပြန်လာခဲ့၊ ပြန်ထွက်ချင်တယ်ဆိုရင် ၂၅ ရာခိုင်နှုန်းနဲ့ ၂ ရာခိုင်နှုန်း သက်သေအထောက်အထားတွေ သူတို့ဆီကို တင်ပြ၊ အဲဒါဆိုရင် စာတင်ပြီး ပြန်ထွက်ခွင့်ရမဲ သဘောပေါ့။ ဒီသဘောတရားတွေကို နားမလည်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ပြန်သွားပြီးတော့မှ ပြန်ထွက်မရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ပြန်တဲ့သူတွေအနေနဲ့ ပြန်ထွက်မယ် ဆိုရင်လည်း သေချာ စီစဉ်ဆောင်ရွက်ပြီးမှ သွားရမဲ့ အနေအထားပေါ့။ အဲ့တော့ ပြန်သည်ဖြစ်စေ၊ မပြန်သည်ဖြစ်စေ မပြန်တဲ့သူကတော့ ဒီမှာ အဆင်ပြေသလို နေမယ်ဆိုတဲ့ သူကတော့ ပြဿနာ မရှိပေမဲ့ အလည်ပြန်တာပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးနဲ့ ပြန်တာပဲဖြစ်ဖြစ် သူတို့ဘောင်ထဲဝင်အောင် အဲ့လို အထောက်အထားတွေတော့ ကျနော်တို့ဘက်က လုပ်ထားရမှာပေါ့” လို့ ပြောပါတယ်။
စစ်အာဏာရှင်က ၂၀၂၄ ဖေဖော်ဝါရီမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေကို စစ်မှုထမ်း စုဆောင်းနေတာဖြစ်ပြီး လက်ရှိမှာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၆ အထိ သင်တန်းဆင်းပြီး ဖြစ်ပါတယ်။
အဲဒီ စစ်မှုထမ်းဥပဒေကြောင့် လူငယ်အများအပြားဟာ ပြည်ပကို တရားဝင်နည်းလမ်းနဲ့ရော တရားမဝင်နည်းလမ်းနဲ့ပါ ထွက်ခွာပြီး တိမ်းရှောင်နေကြရတာပါ။
မြန်မာနိုင်ငံကနေ အသက် ၁၅ နှစ်ကနေ ၃၄ နှစ်အတွင်းရှိ လူငယ် ၇၁ ရာခိုင်နှုန်းကျော်ဟာ ပြည်ပကို သွားရောက်အလုပ်လုပ်တာကြောင့် မြန်မာနိုင်ငံမှာ ကျွမ်းကျင်လုပ်သား ရှားပြီး စီးပွားရေးဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်နေတယ်လို့ စစ်အာဏာရှင်သမ္မတက ပြောထားပါတယ်။
ဇွဲသစ်










