DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
စစ်အာဏာရှင်တပ်၏ ထိုးစစ်ကို မိတ်ဖက်များနှင့် လက်တွဲတုံ့ပြန်မည်ဟု AA ပြော
DVB
·
July 21, 2026
Photo: AA
Photo: AA
Donate to DVB

အာရက္ခတပ်တော် (AA) အနေနဲ့ စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်တွေတိုင်းကို ရခိုင်ပြည်သူတွေ၊ ယုံကြည်လေးစား အားကိုးတန်ဖိုးထားတဲ့ အဖွဲအစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ နယ်မြေချင်း ထိစပ်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အတူတကွ လက်တွဲကာ တုံ့ပြန်သွားမယ်လို့ ဇူလိုင် ၁၉ ရက်က ပြောကြားလိုက်ပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်အထဲက ကျောက်ဖြူစစ်မျက်နှာ၊ စစ်တွေ စစ်မျက်နှာအပြင် ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဧရာဝတီစစ်မျက်နှာ၊ ပဲခူးစစ်မျက်နှာ၊ မကွေးစစ်မျက်နှာ၊ ချင်းပြည် စစ်မျက်နှာ၊ စစ်ကိုင်း စစ်မျက်နှာနဲ့ ကချင် စစ်မျက်နှာတွေမှာ မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်တပ်ကို ခုခံတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက ချင်းတောင်၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဘက်ကနေတဆင့် ရခိုင်ပြည်နယ်ကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းနေသလို ကျောက်ဖြူမြို့နယ်မှာလည်း အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတချို့ကို စစ်အာဏာရှင်တပ်က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မကွေး၊ ပဲခူး၊ ဧရာဝတီနဲ့ ချင်းတောင်ပိုင်းရှိ စစ်အာဏာရှင်ရဲ့ ထိုးစစ်ဆင်တွေကို အာရက္ခတပ်တော်ဟာ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ခုခံတိုက်ခိုက်နေတာဖြစ်ပြီး၊ ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ စစ်တွေ စစ်မျက်နှာတွေကိုတော့ AA တဖွဲ့တည်းက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တပ်ဟာ နိုင်ငံတဝန်းရှိ စစ်မျက်နှာတွေမှာ အာရက္ခတပ်တော် ပါဝင်နေမှုကို လျော့ချနိုင်ဖို့နဲ့ စစ်ရေးအရ အသားစီ ရရှိနိုင်ဖို့အတွက် ရခိုင်ပြည်နယ်က မြို့၊ ရွာတွေ၊ အရပ်သား ပစ်မှတ်တွေကို ဆက်တိုက်ဖိအားပေး တိုက်ခိုက်လာတာလို့ ရခိုင်စစ်ရေး အကဲခတ်တယောက်က ပြောပါတယ်။

“စစ်တပ်ဟာ ရခိုင်နဲ့ ထိစပ်ဒေသတွေမှာ အာရက္ခတပ်တော်ပါဝင် တိုက်ခိုက်နေတာကို လုံးဝ လိုလားပုံမရဘူး။ အထူးသဖြင့် ချင်းတောင်ပိုင်း တိုက်ပွဲတွေမှာ ထိုးစစ်တွေ အထိနာနေတာ၊ ပဲခူးနဲ့ မကွေးက ကပစ စက်ရုံတွေ ခြိမ်းခြောက်ခံလာရတာနဲ့ ဧရာဝတီက ပုသိမ်-မုံရွာ လမ်းပိုင်း ဆုံးရှုံးလိုက်ရတာကို သူတို့က လုံးဝ စိုးရိမ်လာဟန်ပုံပေါ်တယ်။ အဲဒါကြောင့် ရှမ်မြောက်မှာ လုပ်ခဲ့သလိုမျိုးပဲ ရခိုင်ပြည်က သူတို့ ဆုံးရှုံးမြို့နယ်တွေက မြို့၊ရွာတွေ အရပ်သားပစ်မှတ်တွေကို ဆက်တိုက်တိုက်ခိုက်ပြီး ဖိအားပေးလာတာလို့ မြင်တယ်။”

အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာ ရခိုင်က လက်ကျန်မြို့နယ်တွေနဲ့ အိမ်နီးချင်းဒေသတွေအထိ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်တပ်ကို တိုက်ခိုက်နေတာလည်း ပါတယ်။

စစ်အာဏာရှင်တပ်ဟာ အာရက္ခတပ်တော်နဲ့ ထိပ်တိုက်တွေ့ဆုံနေတဲ့ စစ်မျက်နှာတွေမှာ အထိနာနေတာကြောင့် ဇူလိုင်လအတွင်းမှာတင် ရခိုင်ပြည်နယ် မင်းပြား၊ ကျောက်ဖြူ၊ မြောက်ဦး၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂၀ နီးပါး ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ၄၀ ကျော်အထိ ရှိလာနေတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်အစိုးရအဖွဲ့ဟာ သူတို့ရဲ့ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်သံတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေအတွက်လည်း အပြောနဲ့ အလုပ် ဘယ်လောက် ထပ်တူကျမှုရှိသလဲ ဆိုတာကို မေးခွန်းထုတ်စရာတွေ ရှိလာတာဟာ အထင်အရှားဖြစ်တယ်လို့လည်း အာရက္ခတပ်တော်က မေးခွန်းထုတ်ထားပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရခိုင်က လက်ကျန်မြို့နယ်တွေကို ၂၀၂၇ ခုနှစ်မကုန်ခင်မှာ အပြီးသတ်ဖို့ မျှော်မှန်းထားတယ်လို့လည်း အာရက္ခတပ်တော်ရဲ့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၁၇ နှစ်မြောက် တပ်တည်ထောင်ခြင်း မိန့်ခွန်းမှာ ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013