DVB Logo
Home
Lead Story
မပျော်ရွှင်ခြင်း နိုင်ငံတော်
DVB
·
November 7, 2022
မပျော်ရွှင်ခြင်း နိုင်ငံတော်
Donate to DVB

ကိုရီးယားဒရာမာ Squid Game က Netflix မှာ ပရိသတ် စံချိန်တင် အကြည့်များခဲ့တဲ့ စီးရီးတခုပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ စတင်ထုတ်လွှင့်ခဲ့ပြီး ကမ္ဘာတဝန်းက အိမ်ထောင်စု သန်း ၁၄၀ ကျော် စောင့်ကြည့်ခဲ့လို့ Netflix သမိုင်းမှာ လူကြည့်အများဆုံးစံချိန်တင်ခဲ့တယ်။ မကြာသေးခင်က ရွှေကမ္ဘာလုံး Golden Globe ဆုချီးမြှင့်ပွဲကျင်းပတော့ ထူးထူးခြားခြား ကိုရီးယားသရုပ်ဆောင် အိုယောင်ဆူးက အကောင်းဆုံးဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ Squid Game က Netflix ပေါ်မှာ ပေါက်သွားတဲ့ ကိုရီးယားဒရာမာစီးရီးဖြစ်သလို အိုယောင်ဆူးကလည်း ဥရောပသရုပ်ဆောင်တွေကြား ရွှေကမ္ဘာလုံးဆုရသွားတဲ့ ကိုရီးယားသရုပ်ဆောင် ဖြစ်ခဲ့တယ်။

ပြောချင်တာက Squid Game တီဗွီစီးရီး မဟုတ်ပါဘူး။

ဒီ ကိုရီးယားတီဗွီစီးရီးကို မြောက်ကိုရီးယားကျောင်းသားတစု ခိုးကြည့်မိလို့ သေဒဏ် အပြစ်ပေးခံခဲ့ရတဲ့ကိစ္စပါ။ Squid Game က နာမည်ကြီးနေတော့ မြောက်ကိုရီးယား ကျောင်းသားတဦးက တရုတ်ကတဆင့် မှောင်ခိုကော်ပီကူးလာပြီး သူငယ်ချင်းတွေနဲ့ ကြည့်ရှုတာကို အာဏာပိုင်တွေက သိသွားပြီး အရေးယူခံရတာပါ။ ကော်ပီစတစ်ကို မှောင်ခိုသွင်းလာတဲ့ မြောက်ကိုရီးယားကျောင်းသားလေးက သေဒဏ်ချမှတ်ခံရပြီး ကျန်တဲ့ ကျောင်းသားငါးဦးကတော့ အလုပ်စခန်းနဲ့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရပါတယ်။ ဒီအဖြစ်အပျက်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာမှာ ဖြစ်ခဲ့တာပါ။

ပွင့်လင်းမြင်သာမှု မရှိ၊ သိုသိုသိပ်သိပ်၊ လူမသိ သူမသိ လုပ်တတ်တဲ့ အပိတ်လူ့အဖွဲ့အစည်း (Opaque society) အောက်မှာ နေထိုင်ကြတဲ့လူတွေဟာ အာဏာပိုင်များရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းအောက်မှာ သေသေဝပ်ဝပ် နေကြရတယ်။ ပုံစံကျ လူ့အဖွဲ့အစည်းရဲ့ နေ့စဉ်ဘဝဟာ ပုံစံကျနေထိုင်မှုအောက်မှာပဲ ရှိကြရတယ်။ သွေဖည်လို့မရဘူး။ တဦးချင်းလွတ်လပ်မှု (individual rights) ထက် အထက်က ချမှတ်ပေးထားတဲ့ စည်းကမ်းကန့်သတ်ချက်အောက်မှာပဲ နေကြရတယ်။

ကိုရီးယား တီဗီွစီးရီးတခုကို ခိုးကြည့်မိလို့ သေဒဏ်ပြစ်ဒဏ်ကျခံရတဲ့ မြောက်ကိုရီးယား ကျောင်းသားလေးလိုပဲ စစ်အေးခေတ် ဆိုဗီယက်မှာ ဟောလီးဝုဒ် အက်ရှင်ဗီွဒီယိုခွေ မှောင်ခိုရောင်းသူ၊ ဝယ်ယူကြည့်ရှုသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူမှု ရှိခဲ့တယ်။ ဒါဟာ ကွန်မြူနစ်လူ့အဖွဲ့အစည်းတွေရဲ့ စည်းကမ်းချက်ပဲ။ အရင်းရှင်စနစ်ရဲ့ ပုပ်သိုးညစ်ညမ်းနေတဲ့ ယဉ်ကျေးမှုတွေကို တားဆီးတာဖြစ်တယ်လို့ ဆိုတယ်။

တလောက တရုတ်ကွန်မြူနစ်ပါတီ ညီလာခံမှာ ပါတီပေါလစ်ဗျူရိုတွေကို လျှို့ဝှက်ရွေးချယ်အပြီး ခန်းမဆောင်ထဲ ပြန်ဝင်လာကြတော့ ခေါင်းဆောင်ကြီး ရှီကျင့်ဖျင် အနီးမှာ ထိုင်နေတဲ့ သမ္မတဟောင်း ဟူကျင့်တောင်ကို အစောင့်အရှောက်တွေက လက်တွဲခေါ်ထုတ်သွားတဲ့ မြင်ကွင်းကို တကမ္ဘာလုံးက မြင်တွေ့လိုက်ကြတယ်။ ပုံမှန်မဟုတ်တဲ့ မြင်ကွင်းဖြစ်နေလို့ ဒီအဖြစ်အပျက်အပေါ် မီဒီယာတွေက မှတ်ချက်မျိုးမျိုးပေးခဲ့ကြသလို puzzle ဖြစ်ခဲ့ကြတယ်။ လွတ်လပ်တဲ့ မီဒီယာတွေက ထင်ကြေးအမျိုးမျိုးပေးကြပေမဲ့ တရုတ်နိုင်ငံပိုင်မီဒီယာကတော့ ဟူကျင့်တောင် ရုတ်တရက် နေမကောင်းဖြစ်သွားတာပါလို့ ဖော်ပြတယ်။

ပုံစံကျ အပိတ်လူ့အဖွဲ့အစည်းတခုမှာ အမှန်တကယ် ဖြစ်ပျက်နေတာကို ဘယ်သူမှ မသိနိုင်ကြပါဘူး။ ဒီလိုလူ့အဖွဲ့အစည်းမှာ လူတွေက ပျော်နေကြသလားဆိုတော့ အပေါ်ယံအားဖြင့်တော့ ပျော်နေတယ်လို့ပဲ ယူဆရတယ်။

တိန်ရှောက်ဖိန်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနောက်ပိုင်း တရုတ်က ဒီနေ့ကမ္ဘာမှာ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာတယ်။ တရုတ်မြို့ကြီးတွေအားလုံးဟာ မိုးမျှော် လူနေကွန်ဒိုတိုက်မြင့်ကြီးတွေ ပြွတ်ခဲလို့၊ မြေအောက်ရထားလမ်းတွေ၊ အဝေးပြေးလမ်းမကြီးတွေနဲ့။ ပြီးခဲ့တဲ့ လေးငါးနှစ်က ဘေဂျင်းကိုရောက်တော့ အကောင်းဆုံးဆိုတဲ့ ရှော့ပင်းမောလ်တွေ၊ အထင်ကရနေရာတွေမှာ မြို့ကြီးက စည်ကားနေပေမဲ့ ဝိညာဉ်တစုံတရာ ပျောက်ဆုံးနေသလိုမျိုး စိတ်ထဲခံစားမိတယ်။ ဘန်ကောက်၊ စင်ကာပူ၊ တိုကျိုတို့ရဲ့ စည်ကားပုံမျိုးနဲ့ မတူသလို။

တချိန်က ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ဖြစ်ခဲ့ဖူးတဲ့ ဟောင်ကောင်ဟာ အရင်ဟောင်ကောင် မဟုတ်တော့ဘူး။ ဟောင်ကောင်မှာ အခြေချနေထိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ ဒေသခံတချို့ဟာ စင်ကာပူကို ရွှေ့သူရွှေ့၊ ဥရောပနိုင်ငံတချို့ကို ရွှေ့သူရွှေ့သွားကြပြီ။

လူတွေက ပျော်နေကြသလားဆိုတော့ မြောက်ကိုရီးယားမှာဆို အဓိက အားလပ်ရက်ကြီးတွေမှာ လူတွေစုရုံးပြီး ပန်းခြံတွေ၊ လေဟာပြင်တွေမှာ ကကြ ခုန်ကြတယ်။ တက္ကသိုလ်ကျောင်းသားတွေ၊ အလုပ်သမားတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စုပေါင်းကခုန်နေကြတယ်။ ဒီ လူ့အဖွဲ့အစည်းဟာ ပုံစံကျနေထိုင်မှုမှာ အသားကျနေကြပြီ။ ခေါင်းဆောင်ကို ရိုသေရမယ်။ အမိန့်ကို နာခံရမယ်။ စည်းကမ်းကို လိုက်နာရမယ်။ မလိုက်နာသူဟာ ကြီးလေးတဲ့ ပြစ်ဒဏ်စီရင်မှုကို ခံရမယ်။ သူတို့မှာ ပျော်စရာရှိသလားဆိုတော့ ပျော်ရွှင်နေကြတယ်လို့ပဲ ဆိုရမယ်။

ပြင်ပကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်နေပေမဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ အခြေခံ အဆောက်အဦတွေကို ခမ်းခမ်းနားနား မြင်ရမယ်။ ပြုံယမ်းမြို့လယ်က ၁၀၅ ထပ်မြင့်တဲ့ ပိရမစ်ပုံ ရူဂျောင်းဟိုတယ်ဟာ ပေပေါင်း ၁,၀၈၀ မြင့်ပြီး ခုချိန်ထိ အပြီးမသတ်သေးပါဘူး။ နိုင်ငံခြားခရီးသည်တွေဟာ လမ်းညွှန်မပါဘဲ သွားလာခွင့်မရှိသလို သတ်မှတ်ထားတဲ့ ဟိုတယ်မှာပဲ တည်းခိုရပြီး ကန့်သတ်ချက်အများအပြားကို မဖြစ်မနေ လိုက်နာကြရတယ်။ မြောက်ကိုရီးယားကိုလာရင် ဘာသာရေးစာအုပ်၊ ညစ်ညမ်းဓာတ်ပုံနဲ့ နိုင်ငံရေးစာအုပ်တွေ ယူဆောင်ခွင့်မရှိပါဘူး။ အနောက်နိုင်ငံယဉ်ကျေးမှု လွှမ်းမိုးမလာအောင် နိုင်ငံသားတွေဟာ ဂျင်းအပြာလို ဖက်ရှင်အဝတ်အစားတွေ၊ ဒီဇိုင်နာဖိနပ်၊ စကတ်အတို စတဲ့  အနောက်တိုင်း ဖက်ရှင်တွေ ဝတ်ဆင်ခွင့် မရှိပါဘူး။

ပုံစံကျ လူ့အဖွဲ့အစည်းထဲမှာ လူတွေဟာ စည်းချက်အတိုင်း ဟာမိုနီကျကျ နေထိုင်ကြရတယ်။ သူတို့ တကယ်ပျော်ရွှင်နေသလား။ မပျော်ရွှင်နေသလားဆိုတာ မှန်းဆလို့တော့မရဘူး။ ပြင်ပကမ္ဘာမှာ ဘာဖြစ်နေသလဲ သူတို့ကိုယ်တိုင် မသိတဲ့အခါ သူတို့နေထိုင်ရာ ကမ္ဘာဟာ ပျော်ရွှင်စရာ ဖြစ်ချင်လည်း ဖြစ်နေမှာပါ..။

CWM

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013