
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ မြင်းမူ - ချောင်းဦးလမ်းပိုင်းမှာ နိုဝင်ဘာ ၄ ရက် မနက် ၁၁ နာရီခွဲလောက်ကလည်း စစ်ယာဥ်တန်းကား ၄ စီးကို ပဒေသာမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
မန္တလေးဘက်ကနေ မုံရွာမြို့ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ယာဉ်တန်းကို ချောင်းဦးမြို့နယ် အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Black Wolf Soldiers အဖွဲ့မှ တာဝန်ရှိသူက "အဲဒီ ၄ စင်းကို ပဒေသာမိုင်းတွဲနဲ့ အသင့်စောင့်နေတာ။ ပွိုင့်ရောက်မှ ဆွဲတာ။ နောက်ဆုံး ၄ စင်းမြောက်ကားကို အတိကျထိတယ်။ ကားပေါ်ကကောင်တွေ ထိခိုက်သေဆုံးတာတွေ ရှိပေမဲ့ ဘယ်လောက် သေတယ်ဆိုတာ အတိကျမသိရသေးဘူး။ စုံစမ်းနေဆဲပဲ" လို့ ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ခဲ့ပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက ထုံးစံအတိုင်း အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ စစ်ကိုင်းတိုင်း ကလေးမြို့ရှိ နည်းပညာတက္ကသိုလ်အတွင်း တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီ တပ်သားတွေကို နိုဝင်ဘာ ၄ ရက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကလေး PDF အဖွဲ့ဝင်တွေက ပြောပါတယ်။
ကလေး PDF အဖွဲ့ဝင် ကိုသူရိန်ဇင်က "GTC ကျောင်းအနီးထိ ကပ်ပြီး လက်နက်ကြီးနဲ့ ပစ်ခဲ့တာ။ သူတို့ဘက်က ထိခိုက်မှုတော့ ရှိနိုင်တယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှု မရှိခဲ့ဘူး"လို့ ပြော ပါတယ်။
လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်တာ ရှိနိုင်သလို အဆောက်အအုံတချို့ ပျက်ဆီးနိုင်တယ်လို့ PDF တာဝန်ခံက ပြောပေမဲ့ သီးခြားတော့ အတည်မပြုနိုင်ပါဘူး။