
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ ကင်းစခန်း ၃ ခုထက်မနည်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်ရှင်းလင်းပြီး ကာကင်းတချို့ကို ပြန်ရခဲ့ပါတယ်။
ဖားကန့်မြို့နယ်ထဲမှာ ဧပြီ ၁ ရက် ညပိုင်းကစတင်ပြီး ၂ ရက်နေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာပါ။
ဖားကန့်မြို့ရဲ့ အနောက်ဘက်ခြမ်း၊ အမှိုက်ပုံအနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်ပြီး စခန်းတချို့ကို ပြန်လည်သိမ်းဆည်း ရမိခဲ့တယ်လို့ စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။
ဧပြီ ၂ ရက်နေ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အဲဒီတိုက်ပွဲဖြစ်တဲ့နေရာကတော့ ကချင်တိုင်းရင်းသားအခေါ်နဲ့တော့ မာယမ်ဆိုတဲ့ သင်္ချိုင်းကုန်းပေါ့၊ အဲ့မှာ တပ်စခန်းထိုင်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်တယ်လို့ ကြားရပါတယ်။ နောက်တခုကတော့ ဆွတ်ငိုင်ယန်၊ အဲဒီအနားက အတိအကျတော့ မသိဘူး။ အဲ့မှာလည်း တနေရာမှာ တိုက်ပွဲဖြစ်တယ်တဲ့။ နောက် မဝမ်ကြီး တာဝါတိုင်ပေါ့၊ ဖုန်းတာဝါတိုင်နားမှာ တိုက်ပွဲဖြစ်တယ်ဆိုတာ ကြားရပါတယ်။ ၁၁ နာရီအထိ။ ကာကင်းနေရာတွေ ဖြစ်ပါတယ်။ ဆိုတော့ အခု ဒီနေ့ကတော့ ကျနော်တို့ KIA နဲ့ ပူးပေါင်းတပ်တွေက အဲ့နေရာမှာ ပြန်ထိုးပြီးမှ ပြန်ထိုင်နိုင်ပြီဆိုတဲ့သတင်းတွေ ကြားရပါတယ်” လို့ ပြောပါတယ်။
အဲဒီနေရာတွေဟာ အရင် KIA ကင်းစခန်းနေရာတွေ ဖြစ်ကြပြီး စစ်တပ်က စစ်ကြောင်းထိုးလို့ ပြန်ဆုတ်ခဲ့ရပြီး အခုတခါ KIA နဲ့ပူးပေါင်းတပ်တွေက ပြန်လည်ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားရာနေရာဟာ ဖားကန့်ဗျူဟာကုန်းနဲ့ လက်နက်ကြီး တကမ်းအကွာမှာ ရှိနေတာကြောင့် ဧပြီ ၂ ရက်နေ့မှာ စစ်ကောင်စီဗျူဟာကုန်းကနေ လက်နက်ကြီး အချက် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။
အဲဒီလိုပစ်ခတ်မှုကြောင့် ဖားကန့်မြို့ပေါ် ရပ်ကွက်တွေထဲကို လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပြပါတယ်။
ဖားကန့်ဒေသခံ အမျိုးသားတယောက်က “မနက် ၆ နာရီခွဲလောက်မှာ ဖားကန့်မြို့၊ ကလပ်ကုန်းဆင်းလမ်း၊ မြို့မရပ်ကွက်က 'ဆောင်း' လက်ဖက်ရည်ဆိုင်ရှေ့မှာ တလုံးကျတယ်၊ ပေါက်ကွဲပြီးတော့ အမျိုးသားတဦး၊ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရတယ်။ အဲဒါပြီးတော့ ၉ နာရီဝန်းကျင်မှာ တခါထပ်ကျတယ်။ စုစုပေါင်းထိခိုက်တာ ၁၀ နာရီကျော်လောက်ထိပေါ့နော်၊ မြို့ပေါ်ကျတဲ့ လက်နက်ကြီး ၄ လုံးကြောင့် ပြည်သူ ၆ ဦး ထိတယ်၊ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၃ ဦး၊ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ယောကျ်ားလေးတဦး၊ မိန်းကလေးတဦး ပါတယ်ပေါ့နော်။ အခုနကတော့ လေယာဉ်လာသွားတယ်။ လေယာဉ်ကလည်း အခုလက်ရှိ အမှိုက်ပုံနဲ့ အဲဒီဘက်တကြောကို ဗုံး ၂ ကြိမ် ကြဲချသွားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ဧပြီ ၂ ရက် နေ့ခင်းနဲ့ ညနေပိုင်းအထိကတော့ ဖားကန့်မြို့ပေါ်မှာ သေနတ်သံတွေ ပြန်တိတ်နေပြီး စစ်ကောင်စီဘက်က ယမ်းချက်ဘက်ကနေ စစ်ကြောင်းထိုးလာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဖားကန့်ဝင်ပေါက်တခုဖြစ်တဲ့ အင်းတော်ကြီးဒေသထဲက လုံတုံဝန်းကျင်မှာလည်း မနေ့က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ KIO ကနေ သိရပါတယ်။
စိုးသူအောင်










