DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီတင်သွင်းခွင့်ပိတ်ထားသည့် ဖားကန့်တွင် တရားမဝင် ကျောက်စိမ်းတူးဖော်မှု များပြားနေ
DVB
·
November 4, 2022
စက်သုံးဆီတင်သွင်းခွင့်ပိတ်ထားသည့် ဖားကန့်တွင် တရားမဝင် ကျောက်စိမ်းတူးဖော်မှု များပြားနေ
1 / 5
Donate to DVB

အာဏာသိမ်းစစ်ကောင်စီတပ်က ဖားကန့်ကျောက်စိမ်းတွင်းဒေသကို စက်သုံးလောင်စာဆီ တင်သွင်းခွင့် ပိတ်ပင်ထားသလို တရားဝင်တူးဖော်ခွင့် ပိတ်ပင်ထားတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေဟာ စက်ယန္တရား အမြောက်အမြားနဲ့ ခိုးတူးနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက ဖားကန့်ဒေသကို စက်သုံးဆီတင်သွင်းခွင့်တွေ အောက်တိုဘာလကုန်ပိုင်းတည်းက ပိတ်ပင်ထားခဲ့တာပါ။

စက်သုံးဆီအရောင်းမန်နေဂျာတယောက်က “လောင်စာဆီသာ မသွင်းခိုင်းတာ၊ ကျောက်စိမ်းကျတော့ ခိုးတူးခွင့်ပြုထားတယ်ဗျာ။ စစ်တပ်က ပြည်သူကို တမင်သက်သက် ဒုက္ခပေးတာပဲဗျ” လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ စက်သုံးဆီအရောင်းဆိုင်အားလုံးနီးပါး ပိတ်ထားပြီး ပြည်သူအများစု လောင်စာဆီ အခက်အခဲကြောင့် လူမှုစီးပွားလုပ်ငန်းတွေ ပိုမိုကျပ်တည်းလာနေပြီလို့ ဆိုပါတယ်။

ဆိုင်ကယ်ကယ်ရီဆွဲသူတယောက်က “ခုဟာက ကျန်းမာရေးမကောင်းတဲ့လူနာတောင် ထမ်းခေါ်သွားရမလို ဖြစ်နေပြီ။ ဆိုင်ကယ်ဆီတောင် ဝယ်ထည့်လို့ မရတော့ဘူး။ ၉၂ ရေသန့်တဘူးကို ၈,၀၀၀ ဝယ်ထည့်နေရတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီစစ်တပ်က နန့်ယားကျေးရွာကစပြီး လောင်စာဆီကားတွေကို ဖားကန့်ဘက် သွားခွင့်မပြုဘဲ တားမြစ်ထားခဲ့တာပါ။

လောင်စာဆီကားတွေအပြင် အိမ်သုံးဆေးဝါး သယ်ဆောင်လာတဲ့ ကားတွေကိုလည်း သွားခွင့်မပြုဘဲ နောက်ကြောင်းပြန်လှည့်ခိုင်းတယ်လို့ ကုန်တင်ကားသမားတွေက ပြောပါတယ်။

ကုန်ကားစပယ်ယာတယောက်က “နန့်ယားစစ်တပ်ဂိတ်က ကားသတင်းသွားပို့တာနဲ့ ဆီကားနဲ့ ဆေးဝါးကားဆို ပြန်လှည့်ခိုင်းတာပဲ။ တခြားကုန်ကားတွေဆိုလည်း ဇွတ်တက်ရှာတာပဲ” လို့ ပြောပါတယ်။

နန့်ယားကျေးရွာဟာ မြစ်ကြီးနား-ဖားကန့်လမ်းပေါ်မှာ တည်ရှိကာ မြစ်ကြီးနား-မိုးကောင်း၊ မန္တလေး၊ ကာမိုင်းကနေ ဖားကန့်ကိုလာရင် ခရီးတထောက်နားရတဲ့ ကျေးရွာကြီးဖြစ်ပြီး စားသောက်ဆိုင်တန်းတွေနဲ့ စည်ကားတဲ့ ယဉ်ရပ်နားစခန်း ကျေးရွာကြီးလည်း ဖြစ်ပါတယ်။

ဖားကန့်မြို့နဲ့ မိုင် ၂၀ လောက်ပဲဝေးပြီး အိမ်စီးကားဆိုရင် တနာရီကျော်လောက် မောင်းရတဲ့ခရီးလည်း ဖြစ်ပါတယ်။

လောင်စာဆီကားတွေကို နန့်ယားကျေးရွာရှိ စစ်တပ်က ပိတ်ပင်တားဆီးထားပေမဲ့ မိုးညှင်း-ဟိုပင်-ဝှေခါ-ဖားကန့် လမ်းကြောဘက်ကနေ လောင်စာဆီကား အပါအဝင် ကျောက်စိမ်းတူးဖော်ရာမှာ အသုံးပြုတဲ့ ယမ်းကားတွေကို ဖြတ်သန်းခွင့်ပြုထားတာ တွေ့ခဲ့ရတယ်လို့ ဝှေခါကျေးရွာသားတွေက ပြောပါတယ်။

ဝေခါကျေးရွာသားတယောက်က “ဟိုဘက်လမ်းကသာ ပိတ်ထားတယ် ပြောတာ၊ ဒီဘက်လမ်းကတော့ ဆီကားရော ယမ်းကားတွေရော ရာနဲ့ချီတက်နေတာပဲ” လို့ ပြောပါတယ်။

ဓာတ်ပုံ- တောင်းကော့ကျေးရွာအနီးမှ ဒေသအခေါ် စိန်လုံကမ်းပါးတွင် နိုဝင်ဘာလ ၂ ရက်နေ့က တရားမဝင်ကျောက်စိမ်းတူးဖော်နေသည့် မြင်ကွင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013