DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲကို လူသိရှင်ကြားပယ်ချရန် အာဆီယံကို NUG တောင်းဆို
DVB
·
November 4, 2022
စစ်အုပ်စုပြုလုပ်မည့် ရွေးကောက်ပွဲကို လူသိရှင်ကြားပယ်ချရန် အာဆီယံကို NUG တောင်းဆို
Donate to DVB

အာဆီယံအနေနဲ့ စစ်အာဏာရှင်တွေ ကြေညာထားတဲ့ ရွေးကောက်ပွဲကို တရားမဝင်ကြောင်း ကြေညာပြီးတော့ လူသိရှင်ကြားပယ်ချဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ နိုဝင်ဘာ ၄ ရက် ဒီကနေ့ပြုလုပ်တဲ့ အာဆီယံ အရပ်ဘက် အဖွဲ့အစည်းများညီလာခံ၊ အာဆီယံလူထုတွေ့ဆုံပွဲရဲ့ ဒုတိယအကြိမ် မျက်နှာစုံညီ ဆွေးနွေးပွဲမှာ တောင်းဆိုလိုက်တာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် အွန်လိုင်းကတဆင့် ပါဝင်ဆွေးနွေးခဲ့ချိန်မှာ ခုလို တောင်းဆိုလိုက်တာပါ။

ဒီဆွေးနွေးပွဲမှာတော့ “Civic Space, Democracy and HR in the context of Militarism and Authoritarianism; Responses from the government, ASEAN Bodies and stakeholders” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ပတ်သက်ပြီးတော့ ရပ်တန့်နေတဲ့ အာဆီယံရဲ့ သံတမန်ရေးရာ ကိစ္စရပ်တွေကို အခြေခံကျကျပြောင်းလဲဖို့နဲ့ ဖြေရှင်းရေးကို ဦးတည်နိုင်ဖို့ ရည်ရွယ်တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ ရွေးကောက်ပွဲအသစ် ကျင်းပဖို့အတွက် မဲစာရင်းစိစစ်တာနဲ့ မဲရုံအရေအတွက် လျာထားသတ်မှတ်တာနဲ့ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွေ ပြုလုပ်နေပြီး စစ်ကောင်စီလက်ကိုင်တုတ် ရွေး‌ကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ငန်းစဉ်တွေကို ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ်အတွင်းမှာ ရွေးကောက်ပွဲအသစ် ကျင်းပမယ်လို့ ဆိုထားပြီး ရွေးကောက်ပွဲစနစ်ကို နိုင်သူအကုန်ယူ FTTP စနစ်ရော  အချိုးကျကိုယ်စားလှယ် PR စနစ်ကိုပါ ပူးတွဲအသုံးပြုမယ်လို့ ပြောထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားတယ်လို့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက အာဏာသိမ်းယူခဲ့တာဖြစ်ပြီး အခု စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲစာရင်းတွေ မှန်ကန်မှု ဘယ်လောက်ရှိမယ်ဆိုတာကို အာမခံပြောကြားနိုင်ခြင်း မရှိသလို ပြည်သူတွေကလည်း ဒီရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိသလောက် ဖြစ်နေကြတာပါ။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုတဲ့ တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖြစ် အသိအမှတ်ပြုဖို့နဲ့ တရားမဝင် စစ်အာဏာရှင်တွေကို သံတမန်ရေးရာ အဆင့်အတန်း ပေးအပ်ခြင်းမပြုဖို့လည်း အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ ညီလာခံမှာ ထည့်သွင်း တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ကျော်လွန်ပြီးတော့ သံတမန်ဆက်ဆံရေး စာမျက်နှာအသစ်တခုကို စတင်ဖို့နဲ့ ဒီအကျပ်အတည်းမှာ စစ်အာဏာရှင်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံစားရပြီး လျစ်လျူရှုခံနေရတဲ့ မတူကွဲပြားတဲ့ မြန်မာနိုင်ငံသားတွေကို ဖိတ်ခေါ်ကာ ဆွေးနွေးပွဲအသစ်တခု ပြုလုပ်ပေးဖို့လည်း ပါဝင်နေပါတယ်။

တရုတ်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ ထိုင်း၊ အိန္ဒိယနဲ့ ဗြိတိန်နိုင်ငံတွေ အပါအဝင် NUG အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းကာ လျင်မြန်ပြီး သင့်လျော်တဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုတွေ ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို ဖော်ဆောင်မယ့် လုပ်ငန်းစဉ်ကို မြှင့်တင်ဖို့လည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းတောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013