DVB Logo
Home
မြန်မာသတင်း
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မတိုးတက်မှု စစ်အာဏာရှင်တွင် တာဝန်ရှိဟု အင်ဒိုနီးရှားဝန်ကြီးပြော
DVB
·
November 4, 2022
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မတိုးတက်မှု စစ်အာဏာရှင်တွင် တာဝန်ရှိဟု အင်ဒိုနီးရှားဝန်ကြီးပြော
Donate to DVB

အာဆီယံနဲ့ သဘောတူညီထားခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်မှုမရှိတာဟာ မြန်မာစစ်အာဏာရှင်မှာ တာဝန်ရှိကြောင်းနဲ့ ဒေသခံအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံဟာ အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအတွက် တာဝန်ရှိတဲ့အတိုင်း ဆောင်ရွက်ပေးပြီးခဲ့ပြီး ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက နိုဝင်ဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတည်းက နိုင်ငံတွင်းမှာ အကျပ်အတည်းတွေဖြစ်စေခဲ့တဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေဆောင်ရွက်ဖို့၊ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်ကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံခွင့်ပေးဖို့ စတဲ့အချက်တွေပါဝင်တဲ့ အာဆီယံဘုံသဘောတူညီချက်အတိုင်း လိုက်နာဖို့ မြန်မာစစ်ကောင်စီကို အာဆီယံကတိုက်တွန်းနေခဲ့ပေမယ့် အခုချိန်ထိ မြန်မာစစ်တပ်က ဟန်ပြအနည်းငယ်သာ လိုက်နာဆောင်ရွက်ခြင်းရှိခဲ့ပါတယ်။ 

“အာဆီယံကို အပြစ်တင်ရမှာမဟုတ်ဘူး၊ (မြန်မာ)စစ်အာဏာရှင်တွေကို အပြစ်တင်ရမှာ။ ဘယ်သူ့မှာ အပြစ်ရှိလဲ၊ ဘယ်သူက တာဝန်မကျေတာလဲဆိုတာကို ပြောရင် ကျမတို့မဟုတ်ဘူး။ အာဆီယံမဟုတ်ဘူး။ ကျမတို့က ကျမတို့လုပ်ရမှာကို လုပ်ပေးခဲ့ပြီ”လို့ လာမယ့်နှစ်မှာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမယ့်  အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောခဲ့တာဖြစ်ပါတယ်။ 

မြန်မာစစ်ကောင်စီကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း မရှိဘူးလို့ ရိုက်တာက ပြောပါတယ်။ ငြိမ်းချမ်းရေးအစီအစဉ်အတိုင်း သူတို့မလိုက်နာတာကို နိုင်ငံတွင်းမတည်ငြိမ်မှုနဲ့ ကိုဗစ်ကပ်ရောဂါဘေးတို့ကြောင့် ဖြစ်တယ်လို့ မြန်မာစစ်ကောင်စီက အပြစ်တင်ခဲ့ဖူးပါတယ်။

နောက်တပတ်ထဲမှာ ကမ္ဘောဒီယားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံခေါင်းဆောင်များညီလာခံမတိုင်မီ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ရေး အကြံပေးချက် အသစ်တွေပေးနိုင်ဖို့ သူနဲ့အတူ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဆောင်ရွက်နေကြပြီဖြစ်ကြောင်း ရတ်နိုမာဆူဒီက ပြောပါတယ်။

“မြန်မာနိုင်ငံက နိုင်ငံရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် ကျမတို့နိုင်ငံတော်အဆင့် ဆွေးနွေးညှိနှိုင်းမှု ဖြစ်လာဖို့ ကူညီပေးတယ်။ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်တာကလည်း မြန်မာနိုင်ငံထဲကလူတွေပဲ ဖြစ်တယ်ဆိုတာကို ကျမတို့ သိတယ်။ အပြင်လူက လုပ်ပေးလို့မရဘူး” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို ကျင်းပခဲ့ရာမှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရှုတ်ချခဲ့ကြီး မြန်မာ့အရေး သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရရှိခဲ့တဲ့အတွက် စိုးရိမ်မှုတွေနဲ့ စိတ်ပျက်မိတယ်လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013