DVB Logo
Home
မြန်မာသတင်း
ကလေးနှင့်ကန့်ဘလူတွင် စစ်တပ်က လက်နက်ကြီး ပစ်ခတ်သဖြင့် ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
DVB
·
November 4, 2022
ကလေးနှင့်ကန့်ဘလူတွင် စစ်တပ်က လက်နက်ကြီး ပစ်ခတ်သဖြင့် ၁ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း ကလေးနဲ့ ကန့်ဘလူမြို့နယ်တို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် တယောက်သေဆုံး၊ အသက် ၇၀ ကျော်အရွယ် အဘွားအိုအပါအင် ၄ ယောက် ဒဏ်ရာရပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၃ ရက် မနက် ၇ နာရီလောက်မှာ ကလေးမြို့တွင်းကနေ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် တာဟန်းရပ်ကွက်က ဒေသခံနေအိမ် တလုံး ထိခိုက်ပျက်စီးခဲ့ပေမဲ့ အိမ်ပိုင်ရှင်တွေ ထိခိုက်ဒဏ်ရာ ရတာ မရှိဘူးလို့ ဆိုပါတယ်။

အဲဒီနေ့မနက် ၁၁ နာရီလောက်ကလည်း ကလေးမြို့အဖွဲ့စုံ စစ်ဆေးရေးဂိတ်ကနေ စစ်ကောင်စီတပ်သားတွေ ကလေးမြို့တောင်ပိုင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထောက်ကြန့်ကျေးရွာက ဒေသခံနေအိမ်တလုံးနဲ့ နွားစာတိုက်တလုံး ထိခိုက်ပျက်စီးခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာနားမှာ တိုက်ပွဲလည်း မရှိဘူး။ ရုတ်တရက် လက်နက်ကြီးနဲ့ ပစ်တာ။ ရွာထဲက နေအိမ်တလုံးနဲ့ နွားစာတိုက်တလုံး ပျက်စီးသွားတယ်။ အသက် ၇၀ ကျော် အဘွားလည်း ဒဏ်ရာရသွားတယ်။ ဒါပေမဲ့ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူး။”

စစ်ကောင်စီတပ်က ကလေးမြို့တွင်းနဲ့ မြို့ပြင်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၃ ရက် နေ့လယ် ၂ နာရီလောက်ကလည်း ကန့်ဘလူမြို့နယ် ဇီးကနားကျေးရွာမှာ  စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီး ၁၃ နှစ်အရွယ် ကလေးငယ် ၁ ယောက် သေဆုံးပြီး ဒေသခံ ၃ ယောက် ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇီးကနားကျေးရွာကို ကိုးတောင်ဘို့ကျေးရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက "နေ့လယ်ပိုင်းက ကန့်ဘလူမြောက်ခြမ်း ကိုးတောင်ဘို့မှာရှိတဲ့ စစ်ကောင်စီ တပ်က ပစ်လိုက်တာ ဇီးကနားရွာကို ကျည်လာကျတာပါ။ မိသားစုလိုက် ထိမှန်တာ။ ၁၃ နှစ် အရွယ် ယောက်ျားလေး တယောက်‌ ပွဲချင်းပြီး သေတယ်။ အမျိုးသမီး ၃ ယောက် ဒဏ်ရာရတယ်။ အဲဒီထဲမှာ အသက် ၇ နှစ်အရွယ်မိန်းကလေး ၁ ယောက်ပါတယ်  " လို့ ဆို ပါတယ်။

ဒဏ်ရာရတဲ့ ၃ ယောက်ထဲမှာ တဦး ဝမ်းဗိုက်ထိမှန် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ကျန် ၂ ဦးကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဇီးကနားကျေးရွာမှ စစ်ဘေးရှောင် ၁၄ ယောက်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး အဆက်သွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

အဲဒီနေ့လယ်မှာ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဆန်တွေဟာ ယောကုန်းကျေးရွာနဲ့ မိဿလင်ကုန်းကျေးရွာတွေဘက်လည်း ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကန့်ဘလူမြို့နယ်ကို စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ ဩဂုတ်လက စတင်စစ်ကြောင်းထိုးနေပြီး နေအိမ်မီးရှို့တာအပါအဝင် ကျေးရွာတွေကို လက်နက်ကြီးနဲ့ရော လေကြောင်းကပါ ပစ်ခတ်နေတာကြောင့် ဒေသခံ သောင်းချီ စစ်ရှောင်နေရပါတယ်။

Photo  - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့၊-ကလေးမြို့နယ် ပ.က.ဖ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013