DVB Logo
Home
မြန်မာသတင်း
ယခုနှစ်အတွင်း ထိုင်းကို တရားမဝင် ဝင်လာသူ မြန်မာ ၄၂၇၀၀ ဦး ဖမ်းဆီးခံရ
DVB
·
November 1, 2022
ယခုနှစ်အတွင်း ထိုင်းကို တရားမဝင် ဝင်လာသူ မြန်မာ ၄၂၇၀၀ ဦး ဖမ်းဆီးခံရ
Donate to DVB

မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးပြဿနာတွေကြောင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာသူတွေထဲမှာ အဖမ်းဆီးခံရသူပေါင်း  ၂၀၂၂ ခုနှစ်အတွင်း အယောက် ၄၂၇၀၀ လောက်ရှိတယ်လို့  မြန်မာပြည်သားများအရေးဆောင်ရွက်နေတဲ့အဖွဲ့က ပြောပါတယ်။ 

အဲဒီအရေအတွက်ဟာ ဒီနှစ် ဇန်နဝါရီလ မှ အောက်တိုဘာလအတွင်း ထိုင်းအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်ထဲက လက်လှမ်းမီသမျှကောက်ယူစုဆောင်းခဲ့သမျှသာဖြစ်ပြီး အမှန်တကယ် ဒီထက်ပိုများနိုင်တယ်လို့ဆိုပါတယ်။

အများဆုံး ဖမ်းမိတာဟာ မွန်ပြည်နယ်နယ်စပ် ကန်ကျပူရီခရိုင်၊ အဲဒီနောက် တနင်္သာရီတိုင်းနယ်စပ် ပရကျူပ်ခီရီခန်ခရိုင် ၊ ကရင်ပြည်နယ်နယ်စပ် တာ့ခ်ခရိုင်၊ ရှမ်းပြည်နယ်စပ် ချင်းရိုင်းခရိုင်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းရောက်ပြီးမှ အဖမ်းခံရတာ ၊ ထိုင်းတောင်ပိုင်း မလေးရှား နိုင်ငံနယ်စပ်တွေမှာ အဖမ်းခံရတာတွေ ပါဝင်တယ်လို့ မဲဆောက်အခြေစိုက် မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ် ။ 

“ထိုင်းတပ်မတော်က ထုတ်ပြန်ထားတဲ့ အဖမ်းအဆီးသတင်းတွေကို စုဆောင်းထားတာပါခင်ဗျာ ။ ဒီအောက်တိုဘာလထဲမှာဆိုရင် တရားမဝင် ဝင်လာလို့ အဖမ်းခံရသူပေါင်း နှစ်ထောင်ကျော်ရှိပါတယ်။ ဒီနှစ်ဇန်နဝါရီလကနေ အောက်တိုဘာ ၃၁ ရက်နေ့ထိ ၁၀ လအတွင်း အဖမ်းခံရတဲ့ မြန်မာ နိုင်ငံ သားက ၄၂၇၀၀ ဦးရှိပါတယ်။”

အဲဒီလိုတရားမဝင် ဝင်လာရာမှာလည်း ပွဲစားကိုဈေးနှုန်းအမျိုးမျိုးပေးရပြီး မြန်မာပြည်ကနေ မလေးရှားထိ ထိုင်းဘတ်ငွေ ၇ သောင်းထိပေးကြရကာ  ထိုင်းနိုင်ငံထိ ဘတ် ၁၆၀၀၀ မှ ၃၅၀၀၀ ကြား၊ အလုပ်အကိုင်ပါ ရှာပေးရင် ဘတ် ၄၀၀၀၀ ထိပေးရတာရှိပါတယ်။

အဖမ်းအဆီးကနေလွတ်ဖို့ ပွဲစားက ဟင်းရွက်တွေတင်တဲ့ကားထဲ ထည့်လာတာ၊ ကားအောက်လျှို့ဝှက်ခန်းထဲလိုက်လာရတာ၊ တောတောင်ထဲ ခြေကျင်လျှောက်လာတာတွေရှိပြီး အဆိုးဆုံးကတော့ စစ်ဆေးရေးဂိတ်ရှောင်ပြေးရင်း ယာဉ်မတော်တဆဖြစ်လို့ သေကျေဒဏ်ရာရကြတာလည်း ရှိပါတယ်။ 

တရားမဝင် ဝင်လာလို့ ထောင်ချခံရရင် အလွန်ဆုံး ၁ နှစ်ဆိုပေမယ့် ဝန်ထမ်းဝတ်စုံဝတ်ပြီး တရားဝင် ဝင်လာသူတွေကတော့ ထောင်ဒဏ် ၄ နှစ်ထိကျသင့်နိုင်ကြောင်း ၊ ဒါကြောင့် ဖြစ်နိုင်ရင် တရားဝင် အမ်အိုယူလမ်းကြောင်းကနေပဲ ဝင်လာဖို့ တိုက်တွန်းကြောင်း ဦးမိုးကြိုးက ပြောပါတယ်။

“တရားမဝင် ဝင်လာတော့ အန္တရာယ်များတယ်၊ တခုခုဖြစ်ရင် အာမခံတွေလည်းမရှိဘူး၊ MOU နဲ့လာရင် နှေးတော့နှေးမယ် ဒါပေမဲ့ အန္တရာယ်တွေကြား လာရတာထက်စာရင် တော်သေးတာပေါ့၊ အဲဒါကြောင့် နှေးပေမယ့် စောင့်ပြီးလာတာကောင်းပါတယ်၊ အစိုးရအနေနဲ့လည်း မူဝါဒထုတ်ရုံ မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းပိုင်းမှာ တိကျမြန်ဆန်ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်။” 

ထိုင်းနိုင်ငံအနေနဲ့ မြန်မာပြည်က တရားဝင် အလုပ်သမားပေါင်း ၁ သိန်းခွဲအလိုရှိတယ်လို့ တရားဝင် ကြေညာထားပြီး ဒီနှစ်မေလ ၁၀ ရက်ကနေ ဒီအောက်တိုဘာလထိ အမ်အိုယူလုပ်သား အမျိုးသား ၃၅၇၂၁ ဦး ၊ အမျိုးသမီး ၂၄၀၃၉ ဦး စုစုပေါင်း ၅၉၇၆၀ သာ ဝင်လာသေးတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးရမိသူတွေ ပြစ်ဒဏ်စေ့လို့ မြန်မာပြည်ပြန်ပို့ခံရတာတော့ ၂၀၂၁ ဩဂုတ်လ ၁ ရက်မှ ၂၀၂၂ အောက်တိုဘာ ၃၁ ရက်ထိ ၄၉၀၀၀ ကျော်ရှိတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013