
ထိုင်းအရှေ့တောင်ပိုင်း၊ ချွန်းပူးရီးခရိုင်၊ ဘန်လမွန်းမြို့၊ ပတ္တယားကမ်းခြေတဝိုက်မှာ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တဲ့ လိင်ပြောင်းအမျိုးသမီး အယောက် ၃၀ ကျော်ကို ဖမ်းဆီထားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင်က ပတ္တယားတောင်ပိုင်း ကမ်းခြေနဲ့ လျှောက်လမ်းပေါ်မှာ လိင်ပြောင်းအမျိုးသမီးတွေ သောင်းကျန်းပြီး ထိုင်းနဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုမူတာ၊ အချင်းချင်းလည်း ရန်ဖြစ်ထိုးကြိတ်တာရှိပြီး ယဉ်ကျေးဖော်ရွေပါတယ်ဆိုတဲ့ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေကြောင်း တိုင်ကြားချက်ရခဲ့ပါတယ်။
ဒါကြောင့် ဘန်လမွန်းမြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ ပတ္တယားနယ်မြေခံရဲတပ်ဖွဲ့ ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ အင်အား ၃၀ လောက်ဟာ ဧပြီ ၁ ရက် မနက် ၄ နာရီလောက်က အဆိုပါနေရာတွေ သွားရောက်စစ်ဆေးပြီး လိင်ပြောင်းအမျိုးသမီး ၃၁ ယောက်ကို ဖမ်းဆီး စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ရဲ့ ကိုယ်ရေးရာဇဝင်တွေကို ရဲစခန်းမှာ မှတ်တမ်းတင်ထားပြီး ရှေ့ဆက်အပြုအမူတွေကို စောင့်ကြည့်ဖို့ ဒေတာဘေ့စ်တခု လုပ်ထားတယ်၊ ဆက်လက်ပြီး နိုင်ငံခြားခရီးသွားတွေရဲ့ လုံခြုံရေး၊ ဒေသတွင်း ရာဇဝတ်မှုကင်းစင်ရေးအတွက် တင်းကျပ်စွာ စစ်ဆေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒီမတိုင်ခင်က ပတ္တယားကမ်းခြေမှာ ရွှေဝါရောင်ဆံပင်နဲ့ လိင်ပြောင်းအမျိုးသမီးတယောက်က နိုင်ငံခြားသားတယောက်ကို ပလူးပလဲလုပ်ပြီး ခါးပိုက်နှိုက်တဲ့ ဗွီဒီယိုပုံတွေ၊ လိင်တူချစ်သူ အချင်းချင်း စကားများခိုက်ရန်ဖြစ်ပွားပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ နေခဲ့ပါတယ်။
Source: The Pattaya News / Khaosod News










