DVB Logo
Home
Lead Story
ဘုံရန်သူ စစ်အာဏာရှင်ကို အနိုင်ယူရန် ညီညွတ်ရေး လိုအပ်
DVB
·
October 31, 2022
ဘုံရန်သူ စစ်အာဏာရှင်ကို အနိုင်ယူရန် ညီညွတ်ရေး လိုအပ်
1 / 2
Donate to DVB

ကချင်နယ်မြေ၊ ဖားကန့်မြို့နယ်ရှိ အနန်ပါ့ဒေသကို နစက အုပ်စုရဲ့ လေတပ်က အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတွေသာမက ကချင်အနုပညာရှင်တွေ၊ ကေအိုင်အိုအရာရှိတွေပါ ကျဆုံးသွားကြတယ်။ စစ်နယ်မြေလည်း မဟုတ်။ စစ်ရေးပြအခမ်းအနားလည်း မဟုတ်။ စစ်မြေပြင်လည်း မဟုတ်။ ကေအိုင်အိုရဲ့ ၆၂ နှစ်မြောက် နှစ်ပတ်လည်နေ့အတွက် အကြိုညမှာ တေးဂီတ၊ အကတို့နဲ့ ဖျော်ဖြေပွဲ ကျင်းပနေကြတာကို လေယဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာ ရည်ရွယ်ချက်ရှိရှိ အစုလိုက် အပြုံလိုက် လူသတ်မှုကျူးလွန်တာ ဖြစ်တယ်။ စစ်ရာဇဝတ်မှု မြောက်ရုံမက လူမျိုးတုံး သတ်ဖြတ်မှုလည်း ဖြစ်တယ်။ သေဆုံးသူဦးရေကတော့ အခုချိန်ထိ ၈၀ ကျော်ရှိပြီလို့ ဆိုပါတယ်။ စာရင်းတော့ ချုပ်လို့မရသေးဘူး။

အောက်တိုဘာ ၂၅ ရက်နေ့မှာတော့ သေဆုံးသူအလောင်း ၆၀ ကျော်ကို မြေမြှုပ်သင်္ဂြိုဟ်လိုက်တယ်’လို့ kachin News Group ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။ ဒဏ်ရာရသူ ၅၀ ကျော်လောက်ဟာလည်း နစကတပ်က လမ်းပိတ်ထားတာကြောင့် လုံလောက်တဲ့ ဆေးကုသခွင့်မရသေးဘူးလို့ သိရတယ်။ သေဆုံးဒဏ်ရာရသူတွေထဲမှာ အနုပညာရှင်တွေ၊ အရပ်သားပြည်သူတွေ၊ ကေအိုင်အို အကြီးတန်းအရာရှိတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက သတင်းထုတ်ပြန်ခဲ့တယ်။ 

စစ်တပ်ဩဇာခံ သတင်းဌာနတွေကတော့‘အနန့်ပါ’ဒေသဟာ KIA တပ်မဟာ ၉ ရဲ့ဌာနချုပ်လို့ စွပ်စွဲထားပါတယ်။ အရပ်ဘက်နေရာမဟုတ်ဘူး၊ KIA တပ်နေရာလို့ ဆင်ခြေပေးလိုဟန်ပါပဲ။ ကေအိုင်အိုဘက်က ထုတ်ပြန်ရာမှာတော့ “ဒါဟာ တပ်စခန်းမဟုတ်ဘူး။ လမ်းတထောက် ဈေးဆိုင်တွေ ဈေးရောင်းတဲ့နေရာကို ကျနော်တို့က ကေအိုင်အို နှစ်လည် အခန်း အနားကျင်းပတာဖြစ်တယ်။ ရောက်လာတဲ့အများစုက ပြည် သူလူထုပဲဖြစ်တယ်”လို ဆိုပါတယ်။ ဒါဟာ အရပ်ဘက်ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိလုပ်ကြံသတ်ဖြတ်တာဖြစ်တယ်လို့ဆိုလိုက်တာပါပဲ။   ဗိုလ်ချုပ်ဂွန်မော်ရဲ့ထုတ်ပြန်ချက်မှာတော့ “KIO ဗဟိုကော်မတီသည် မြန်မာအစိုးရအဆက်ဆက်ကို ကူညီထောက်ခံသည့်သူများကိုပင်လျှင် ရန်သူအဖြစ်မသတ်မှတ်ခဲ့ပါ။ ယခု A Nang Pa သို့လာရောက်သော ပြည်သူများဒေသခံများကို စကစမှ ရန်သူသဖွယ်ပြုမူခဲ့ပြီဖြစ်သည်။ လူငယ်များကိုအခွင့်ကြုံတိုင်း ‘ဘဝမှာပြုပြင်လို့မရနိုင်မည့် အမှားများမလုပ်မိဖို့’ ပြောလေ့ရှိပေမယ့် ဒီအမှားများကိုလုပ်သူတွေက လူကြီးတွေပဲဖြစ်နေပါတယ်။”လို့ဖေါ်ပြပြီး အဆုံးသတ်မှာတော့ “အားလုံးရဲ့ဝမ်းနည်းကြေကွဲမျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေဖြစ်လာမှာပါ’လို့ လို့အဆုံးသတ်ထားပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့ MNDAA ၊ TNLA ၊ AA တို့ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာပို့ခဲ့ကြသလို NUG အစိုးရကလည်း သဝဏ်လွှာပေးပို့ခဲ့ကြတယ်။ အေအေ အဖွဲ့ရဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း တဦးချင်းသဘောထားပိုင်းအရ “ဖားကန့်အဖြစ်အပျက်ဟာ မြန်မာစစ်တပ်ရဲ့ ဖက်ဆစ်ဝါဒကို ဖယ်ရှားဖို့အတွက် ညီညီညွတ်ညွတ်နဲ့ အတူလုပ်ဆောင်ကြဖို့လိုကြောင်း တိုက်ပွဲခေါ်သံဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကလည်း “အကြမ်းဖက်စစ်ကောင်စီရဲ့မီးစတဖက် ရေမှုတ် တဖက် လှည့်ကွက်များအကြားတွင် သွေးအေးမနေဘဲ အထူးသတိထားရမည့်အချိန် ဖြစ်သည်နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကို ပြတ်ပြတ်သားသား တက်လှမ်းလုပ်ဆောင်ရမည့်အချိန်ကာလလည်းဖြစ်သည်” ဟု ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

ဗိုလ်မှူးကြီးနော်ဘူကတော့ “ကျနော်တို့ တော်လှန်ရေးအရှိန်အဟုန်က ပိုပြီးလုပ်ဖြစ်မှာပါ။ ပြည်သူလူထုတွေလည်း ဝမ်းနည်းနေမယ့် အစားပေါ့နော် မကျေနပ်မှုနဲ့ ခွန်အားယူပြီးမှ ရှေ့ဆက်ပြီး တော်လှန်ရေးလမ်းကြောင်းပေါ် လမ်းကြောင်းတည့်အောင် ကျနော်တို့ကြိုးစားပြီးမှ ရှေ့ဆက်ဖို့ အရေးကြီးတယ်လို့ ပြောလိုပါတယ်။”လို့ ဝမ်းနည်းခြင်းကိုအားအဖြစ် ပြောင်းလဲပစ်ကြဖို့ ဆော်ဩထားတာပါ။

အခုဖေါ်ပြခဲ့တာတွေအားလုံးက သတင်းစိတ်ဝင်စားသူအားလုံး သိပြီးသားတွေ။ ထူးခြားတာက လူမျိုးစုလက်နက်ကိုင်အားလုံးလိုလိုကတော့ အနန့်ပါရွာကို ဗုံးကြဲတိုက်ခိုက်တာဟာ စကစရဲ့ တိုက်ပွဲခေါ်သံ ဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင်အားလုံး စုစည်းညီညွတ်စွာ တပြိုင်တည်း တိုက်ပွဲဝင်ဆင်နွှဲရေးကို ဦးတည်လှုံ့ဆော်နေတာကို တွေ့ရတယ်။ အဲဒီလို ဆုံးဖြတ်သံတွေ ကြားရတော့ နွေဦးတော်လှန်ရေး ထောက်ခံသူအားလုံး ဝမ်းသာကြတယ်။ မြန်မာပြည် ပြည်တွင်းစစ် အစကတည်းက တော်လှန်ရေးအဖွဲ့တွေရဲ့ ညီညွတ်သံတွေကို လူထုကအလိုရှိခဲ့ကြတာ။

တကယ်တော့ မြန်မာ့သမိုင်းတလျှောက် ပြန်ကြည့်ရင် ပြည်ထောင်စုဆိုတဲ့ ဝေါဟာရ မရှိမီကတည်းက ကိုလိုနီခေတ်တလျှောက်လုံး “တောင်တန်းနဲ့ ပြည်မ” ဆိုတဲ့ဝေါဟာရနဲ့ သွေးခွဲခံခဲ့ရတာ။ ပြည်ထောင်စုဆိုတဲ့အသုံး တွင်ကျယ်လာပြီးနောက် လွတ်လပ်ရေးခေတ်တလျှောက်လုံးလည်း “ပြည်နယ် ပြည်မ” ဝေါဟာရနဲ့အတူ ထပ်မံသွေးခွဲခံကြရပြန်တယ်။ စစ်တပ်ရဲ့ သွေးခွဲမှုက ဖဆပလကိုတောင် ကွဲအောင်ခွဲနိုင်ခဲ့တယ်။ စစ်အာဏာရှင်ခေတ်တလျှောက်လုံးလည်း လူမျိုးစုအဖွဲ့အစည်းအားလုံး သွေးခွဲခံခဲ့ရပြန်တယ်။

စစ်အာဏာရှင်ဟာ သူ့ကာလတလျှောက်လုံး ပါးစပ်က ပြည်ထောင်စုဆိုတဲ့စကားကို တွင်တွင်အော်ပြီး ပြည်မနဲ့ တောင်တန်းဒေသကိုသာမက လူမျိုးစုတခုချင်းကိုပါ သွေးခွဲခဲ့တယ်။ ကချင်လူမျိုးစုအချင်းချင်းလည်း အစိတ်စိတ် အခွဲခံရတယ်။ ကရင်လူမျိုးလည်း အစိတ်စိတ် အခွဲခံရပြန်တယ်။ DKBA က တမျိုး၊ BGF က တဖုံ၊ ပြည်သူ့စစ်က တသွယ် ဘာသာရေး လူမျိုးရေး သွေးထိုးလို့ရသမျှ သွေးထိုးခံကြရတာချည်းပါပဲ။ ကိုးကန့်၊ ရှမ်း၊ ရှမ်းနီ၊ တအာင်း၊ လားဟူကအစ သွေးခွဲမခံရတဲ့ လူမျိုးစုမရှိသလောက်ပါပဲ။ ခွဲခံရသလောက်လည်း ကွဲခဲ့ကြတာ အားလုံးအသိ။

လူမျိုးစုအားလုံး တစုချင်းမှာကို ကိုယ့်အနာနဲ့ကိုယ် ဒဏ်ရာဒဏ်ချက်တွေနဲ့ချည်းပါပဲ။ ကိုယ့်အချင်းချင်းပြိုကွဲနေတဲ့ ဆက်ထုံးကို အခုထိ ပြန်မချည်နိုင်ကြသေးဘူး။ ခက်တာက သွေးခွဲမှန်း သိသိကြီးနဲ့ သွေးကွဲနေတာကိုက စစ်အာဏာရှင် အလိုကျဖြစ်နေတာ။ ဗမာအချင်းချင်းလည်း ရန်ဘက်ဖြစ်အောင် လုပ်တယ်။ ကချင်အချင်းချင်းလည်း ရန်ဘက်ဖြစ်အောင် လုပ်တယ်။ ကရင်အချင်းချင်းလည်း ရန်ဘက်ဖြစ်အောင် လုပ်တယ်။ ရှမ်းဆိုရင် တကယ့်အစိတ်စိတ်အမွှာမွှာ။ သွေးခွဲအုပ်ချုပ်ခြင်း ဓလေ့အကြောင်းလည်း သိသိကြီးနဲ့ ကွဲနေကြတာ။ အခုထိ ကိုယ့်အတွင်းပိုင်း ညီညွတ်ရေးကို မတည်ဆောက်နိုင်ကြသေးပါဘူး။

စစ်အာဏာရှင်ကို အနိုင်ယူဖို့ဆိုရင် လူမျိုးစုချင်း ညီညွတ်မှဖြစ်မှာကို အားလုံးအသိ။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို လိုလားတဲ့လူထုအတွက်တော့ စစ်အာဏာရှင်ဟာ ဘုံရန်သူဖြစ်တယ်ဆိုတာကို တော်လှန်ရေးအင်အားစုအားလုံး သိပြီးဖြစ်သလို ခံယူထားပြီးသားလည်း ဖြစ်တယ်။ ဒီလို အသိတွေရှိနေပါလျက်နဲ့ ဘာကြောင့် မပေါင်းစည်းနိုင်ကြသလဲဆိုတာ စဉ်းစားဆုံးဖြတ်အဖြေရှာ ညှိနှိုင်းကြဖို့တော့ လိုမှာပါ။

ဘုံရန်သူစစ်အာဏာရှင်ကို အနိုင်ယူနိုင်ဖို့အတွက်ဆိုရင် ပထမဦးစွာ ကိုယ့်အတွင်းပိုင်း ညီညွတ်ရေးဟာလည်း မဖြစ်မနေ လိုအပ်ပါတယ်။ နောက်တဆင့်ကတော့ အတွင်းပိုင်း ညီညွတ်ရေးရပြီဆိုတာနဲ့ လူမျိုးစုအချင်းချင်း ညီညွတ်ရေးလုပ်ကြရမှာပါ။ ကိုယ့်ရဲ့အတွင်းဒဏ်ရာကိုလည်း ကုသရင်း အပြင်ဒဏ်ရာတွေလည်း ကုသပြီး ညီညွတ်‌ရေးကို အမိအရ တည်ဆောက်ကြရမှာပါ။  ဒီနှစ်ချက် ခိုင်မာပြီဆိုရင် ဘုံရန်သူကို အမြစ်ဖြတ်ဖို့အတွက် အခက်အခဲမရှိတော့ပါဘူး။ ဒါတွေကလည်း စည်းရုံးရင်းတိုက်။ တိုက်ရင်း စည်းလုံးကြရမှာ ပဲဖြစ်တယ်။ 

ဒါကြောင့် အာဏာရှင်အမြစ်ပြတ်ဖို့အတွက် တော်လှန်ရေးရဲဘော်များအနေနဲ့ ကိုယ့်အတွင်းပိုင်း ညီညွတ်ရေးကိုလည်း တည်ဆောက်လို့ လူမျိုးစုအချင်းချင်း ညီညွတ်ရေးကိုလည်း တည်ဆောက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရင်း ‘စုစည်းညီညွတ်မှုအားနဲ့ အောင်မြင်နိုင်ပါစေကြောင်း’ ဆန္ဒပြုလိုက်ရပါတယ်။

ဂန္ထဝင်မောင်တူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013