DVB Logo
Home
နိုင်ငံရေး
သမ္မတဖြစ်ဖို့ မျှော်မှန်းနေတဲ့ မင်းအောင်လှိုင်
DVB
·
October 30, 2022
သမ္မတဖြစ်ဖို့ မျှော်မှန်းနေတဲ့ မင်းအောင်လှိုင်
Donate to DVB

လူသိရှင်ကြားထုတ်မပြောခဲ့ဖူးပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတဖြစ်ဖို့ နှစ်ရှည်လများ စိတ်ကူးယဉ်မျှော်လင့်နေခဲ့သူဖြစ်ကြောင်း စစ်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တခုက ပြောပါတယ်။ 

လာမယ့် ၂၀၂၃ ခုနှစ် ဩဂုတ်လမှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် စစ်တပ်ရဲ့ ရုပ်သေးရုပ်ပါတီက သူတို့ပါတီအနိုင်ရရေး လုပ်ဆောင်နေတာတွေကို ကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်ရဲ့ အိပ်မက်တွေ တကယ် အကောင်အထည်ပေါ်လာတော့မယောင် ဖြစ်နေပြီလို့ နစ်ကီအေးရှားသတင်းမှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှာ သမ္မတကို အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အမတ်တွေက ရွေးချယ်ကြတာဖြစ်ပါတယ်။ အဲဒါကြောင့် စစ်သားအမတ် ၂၅ ရာခိုင်နှုန်းမဟုတ်ဘဲ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းသော အမတ်နေရာတွေကို ဘယ်သူတွေရမလဲဆိုတာဟာ မင်းအောင်လှိုင်ရဲ့ အိပ်မက်အတွက် အရေးပါလှပါတယ်။ စစ်တပ်ရဲ့ ရုပ်သေးရုပ်ပါတီကသာ အမတ်နေရာအမြောက်အမြားရခဲ့မယ်ဆိုရင် ရှိနေတဲ့ စစ်သားအမတ် ၂၅ ရာခိုင်နှုန်းနဲ့ပေါင်းပြီး သူ့အတွက် သမ္မတနေရာရဖို့ အလားအလာများသွားပြီပဲဖြစ်ပါတယ်။ 

ရွေးကောက်ပွဲအနိုင်ရရေး ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အောက်တိုဘာလအစောပိုင်းမှာပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရုပ်သေးရုပ်ပါတီ USDP ပါတီညီလာခံမှာ မင်းအောင်လှိုင်ရဲ့ လူယုံ ရဲချုပ်ဟောင်း ခင်ရီကို ဥက္ကဋ္ဌအဖြစ် နေရာချထားပေးခဲ့ပါတယ်။

အဲဒီညီလာခံမှာ ရဲချုပ်ဟောင်း ခင်ရီက “ကျနော်တို့ပါတီ ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်းဖြစ်လာစေရေး ကြိုးစားအားထုတ်ကြရမယ်။ ပါတီအင်အားကြီးလာဖို့ အဓိကအင်အားတွေဖြစ်တဲ့ အဖွဲ့ဝင်တွေ၊ ပါတီထောက်ခံသူတွေနဲ့ အားပေးသူတွေ များလာအောင် လုပ်ကြဖို့လိုတယ်” လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ နှစ်ခုမှာတော့ USDP ပါတီဟာ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲအပြတ်အသတ်နဲ့ တဖက်စောင်းနင်း ခေါင်းမဖော်နိုင်အောင် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ရဲချုပ်ဟောင်းခင်ရီမတိုင်မီက ပါတီဥက္ကဋ္ဌဖြစ်သူ ဦးသန်းဌေးဟာ စစ်တပ်ကို မကြာခဏဝေဖန်မှုတွေရှိခဲ့သလို မင်းအောင်လှိုင်နဲ့လည်း ပခုံးချင်းယှဉ်လာတာမျိုးတွေရှိခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ အနားယူသွားတဲ့ စစ်တပ်အရာရှိဟောင်း အမြောက်အမြားကို ပါတီတွင်းမှာ အဖွဲ့ဝင်အဖြစ်နဲ့ရော ပါတီစည်းရုံးရေးပွဲတွေမှာ ကူညီသူအဖြစ်နဲ့ပါ နေရာချထားဖို့ စီစဉ်နေပါတယ်။ “ကျနော်တို့ ပါတီရဲ့ ဘယ်ဌာနခွဲမှာ အရာရှိဟောင်းတွေကို နေရာချရမလဲဆိုတာ စဉ်းစားနေပါတယ်” လို့ USDP သတင်းရင်းမြစ်က ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်တပ်ဟာ ဒီမိုကရေစီဘက်တော်သားတွေအပေါ်မှာလည်း ဖိအားတွေ အမြောက်အမြား ပေးနေပါတယ်။ သူတို့ရဲ့ ရွေးကောက်ပွဲ တရားဝင်မှုရစေရေးမျှော်လင့်ချက်နဲ့ NLD ပါတီကို ဖျက်သိမ်းတာတော့ မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အဂတိမှုအပါအဝင် အမှုအမျိုးမျိုးနဲ့ မတရားစွပ်စွဲကာ ထောင်ဒဏ် ၂၆ နှစ် ချမှတ်ထားပြီးဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရဲ့ မဲရလဒ်တွေကို စစ်တပ်က မတရားဖျက်သိမ်း အာဏာလုခဲ့ပြီးနောက် NLD ပါတီရဲ့ ရာထူးကြီး အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့ကြပြီး စင်ပြိုင်အစိုးရတည်ထောင်ခဲ့ကြပါတယ်။ လာမယ့်ရွေးကောက်ပွဲရဲ့ ရလဒ်တွေကို စင်ပြိုင်အစိုးရဖွဲ့စည်းခဲ့သူ NLD ပါတီဝင်ဟောင်းတွေရော NLD ပါတီထောက်ခံသူတွေကပါ လက်ခံကြမှာ မဟုတ်ပါဘူး။

အရင်အာဏာရှင်စနစ်ဟောင်း အဆုံးသတ်ရေးအတွက် ၂၀၁၀ ပြည့်နှစ်တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လုပ်ငန်းစဉ်တွေ ဒီမိုကရေစီနည်းလမ်းမကျဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ NLD က ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီတုန်းက USDP က မဲအမြောက်အမြားနဲ့ အနိုင်ရရှိခဲ့တဲ့ ရလဒ်မျိုး လာမယ့်ရွေးကောက်ပွဲမှာလည်း ထပ်မံရရှိလာလိမ့်မယ်လို့ မျှော်လင့်ထားကြကြောင်း နစ်ကီအေးရှား သတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013