Home
မြန်မာသတင်း
ပုလောတွင် စစ်ကောင်စီယာဉ်တန်း ၅ ကြိမ်မိုင်းဆွဲခံရ၊ ထားဝယ်-ထီးခီးလမ်း ညဘက် အသုံးမပြု ရန် သတိပေး
DVB
·
October 30, 2022
0000000000

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ ထားဝယ်မှ မြိတ်ကိုဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပုလော PDF တပ်ဖွဲ့တွေက မိုင်း ၅ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တယ်လို့ Palaw People's Defence Force တာဝန်ရှိသူတဦးက ပြောပါတယ်။

အောက်တိုဘာ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်ကစတင်ပြီး မင်းထိန်ရွာအနီး ကျောက်ပုဇွန်တောင်၊ မင်းထိန် မီးဖောင်၊ ကဒဲလမ်းဆုံ၊ ကဒဲတံတား၊ တပို စတဲ့နေရာတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၁) နဲ့ မဟာမိတ်တပ်ပေါင်းစုတို့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

“အဲနေ့ မွန်းလွဲပိုင်းမှာ စစ်ကောင်စီက ခမောင်းတောရွာကနေ ခြေလျင်လျှောက်လာတယ်။ အဲမှာ ပဒေသာမိုင်းဆွဲတာ။ ကျနော်တို့ဘက်က မပစ်ဘူး။ သူတို့ဘက်က ရမ်းပစ်တယ်။ မိုင်း ၅ ကြိမ်ဆွဲခဲ့တယ်။ ကျနော်တို့က ၃ နေရာ၊ ပူးပေါင်းက ၂ နေရာပေါ့။ အထိခိုက်အများဆုံးက ကျောက်ပုဇွန်တောင်၊ ကဒဲတံတား။ ကျနော်တို့က မိုင်း သုံးလေးလုံးတပြိုင်တည်းဆွဲတာ။ ကားမှောက်တယ် ပျက်တယ်” လို့ ပုလော PDF တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီဘက်မှ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တိုက်ပွဲမှာပါတဲ့ ရဲဘော်များရဲ့ အတည်ပြုချက်အရ သိရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း(၁) က ထုတ်ပြန်ထားပါတယ်။

သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေကို စစ်ကောင်စီက ညတွင်းချင်း ပလမြို့ကနေ မြိတ်မြို့ကို သယ်ယူသွားကြကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ ထိခိုက်မှုတစုံတရာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုတွေကြောင့် စစ်ကောင်စီဘက်က လက်နက်ကြီး/ငယ်တွေနဲ့ တရစပ် ရန်းသမ်းပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူတဦး ထိခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီယာဉ်တန်း၊ စစ်ကြောင်းတွေနဲ့ ကင်းကွာပြီး သွားလာကြ‌ဖို့၊ အန္တရာယကို ဉာဏ်ရှိရှိ ရှောင်ရှားကြဖို့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီယာဉ်တန်းကို သရက်ချောင်းမြို့နယ် ပိတောက်ကြီးရွာနဲ့ ပိတောက်ငယ်ရွာအကြား တံတားအနီးမှာ ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ယာဉ်တန်းပါ ကားနှစ်စီးပျက်စီးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နဲ့ ထိုင်းနိုင်ငံနယ်စပ် မြန်မာဘက်ခြမ်း ထီးခီးကို ဆက်သွယ်ထားတဲ့ ထားဝယ်အရှေ့တောဒေသ ထားဝယ်-ထီးခီး ကားလမ်းကို ညပိုင်း ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ ပြည်သူ့ကာကွယ် ရေးအဖွဲ့(ထားဝယ် ပကဖ)နဲ့ အဖွဲ့ဝင် ၇ ဖွဲ့က အောက်တိုဘာ ၂၉ ရက်နေ့က ပူးတွဲထုတ်ပြန်ထားပါတယ်။

ထားဝယ်-ထီးခီး ကားလမ်းကို အသုံးပြုမယ့် ယာဥ်တွေအားလုံး မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိသာ သွားလာကြဖို့၊ အမိုးအကာတွေနဲ့ ဖုံးအုပ်သွားလာတာမျိုးမလုပ်ဖို့၊ အိမ်စီးကား အရေးပေါ်လူနာတင်ကားတွေအနေနဲ့ မှန်ချမောင်းနှင်ကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးတာကို ကြည်ဖြူစွာလက်ခံကြဖို့ ထုတ်ပြန်ထားတာပါ။

လက်ရှိမှာ ထားဝယ်မြို့အရှေ့ဘက် အရှေ့တောဒေသကို မြေတင်ကား ၁ စီး၊ Vigo ကား ၂ စီးနဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက် စစ်ကြောင်းထိုးဝင်လာနေတဲ့အပြင် သရက်ချောင်းဘက်ကနေလည်း အင်အား ၇၀ လောက်နဲ့ ပိတ်ဆို့ထားပြီး နှစ်ဖက်ညှပ်နေတဲ့ အနေအထားမို့ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် အခုလို ထုတ်ပြန်ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်းအလုပ်သမားတွေပို့ဆောင်နေတဲ့ ကား၊ ဆိုင်ကယ်၊ မီနီအိုးဝေ (ဒေသအခေါ် ဘောလုံးကား၊ ဘောလုံးဆိုင်ကယ်) တွေနဲ့ သံတိုသံစလိုက်လံဝယ်ယူနေတဲ့ ယာဥ်တွေအနေနဲ့ အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး လုံးဝဖြတ်သန်းသွားလာတာ မလုပ်ကြဖို့လည်း သတိပေးထားပါတယ်။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံကတော့ နှစ်ဖက်တိုက်ပွဲကြား ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်းအလုပ်သမားတွေ ပို့ဆောင်နေတဲ့ ယာဥ်တွေ ကြားညှပ်မှာ စိုးရိမ်တာကြောင့်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သံတိုသံစလိုက်လံဝယ်ယူနေတဲ့ သုံးဘီးဆိုင်ကယ်တွေနဲ့ သွားလာနေတယ်ဆိုပြီး သတင်းရရှိထားလို့ အခုလို သွားလာခွင့်ပိတ်ထားရတာလို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အခုထုတ်ပြန်ချက်ကို နောက်ထုတ်ပြန်ချက်တစုံတရာ မထုတ်ပြန်မချင်း လိုက်နာပေးကြဖို့နဲ့ လက်ရှိ ထားဝယ်အရှေ့တောဒေသမှာ နေရာတိုင်း အချိန်တိုင်း တိုက်ပွဲဖြစ်လာနိုင်တာမို့ ခရီးသွားတွေအနေနဲ့ စစ်ရေးသတင်းတွေကို သေချာစုံစမ်းပြီးမှ သွားလာကြဖို့လည်း သူကပြောပါတယ်။

ထားဝယ်-ထီးခီး ကားလမ်းမပေါ်နဲ့ အနီးတဝိုက်ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ လတွေတုန်းကလည်း အဲဒီကားလမ်းကို ဖြတ်သန်းသွားလာတာ တွေမလုပ်ကြဖို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့က နှစ်ကြိမ်ထက်မနည်း ထုတ်ပြန်ခဲ့ဖူးပါတယ်။

ထီးခီးနယ်စပ်ဂိတ်ကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တနင်္သာရီတိုင်းရဲ့ မြို့တော် ထားဝယ်မြို့နဲ့ ၉၇ နဲ့မိုင် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့ ၈၇ မိုင်ခန့်သာ ကွာဝေးပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024