DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ်၌ စစ်တပ်က လယ်သိမ်းယူပြီး တောင်သူများကို တရားစွဲ ဒဏ်ငွေ အမိန့်ချ
DVB
·
October 28, 2022
ဆီဆိုင်မြို့နယ်၌ စစ်တပ်က လယ်သိမ်းယူပြီး တောင်သူများကို တရားစွဲ ဒဏ်ငွေ အမိန့်ချ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ တောင်သူတွေရဲ့ လယ်ယာမြေကို စစ်တပ်က သိမ်းယူခဲ့တဲ့အပြင် မြေပိုင်ရှင် တောင်သူတွေကိုလည်း ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲဆိုပြီးနောက် ဒဏ်ငွေအသီးသီးပေးဆောင်ဖို့ စီရင်ချက် ချမှတ်လိုက်ပါတယ်။

ဆီဆိုင်မြို့နယ်က စိုက်ပျိုးမြေ ၂,၂၀၀ ဧကကို ဆီဆိုင်ခမရ ၄၂၃၊ ခမရ ၄၂၄ တပ်တွေက ၁၉၉၂-၉၃ ခုနှစ်က ဝင်လာပြီး တောင်သူတွေရဲ့ လယ်ယာမြေတွေကို သိမ်းယူခဲ့ပါတယ်။ ဒီလိုသိမ်းထားစဉ်ကာလမှာလည်း တောင်သူတွေ ဆက်လက်လုပ်ကိုင် စားသောက်နေပြီး ၂၀၁၉ ခုနှစ်မှာတော့ စစ်တပ်က လုပ်ကိုင်ခွင့်မပေးတော့ပဲ တောင်သူ ၇၀ ကျော်ကို ပုဒ်မ ၄၄၇ ပိုင်နက်ကျူးကျော်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

တရားစွဲဆိုပြီး ၃ နှစ်အကြာ မနေ့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆီဆိုင်မြို့နယ်တရားရုံးက  ဒေသခံ တောင်သူတွေကို ပုဒ်မတခုအတွက် ဒဏ်ငွေ ၁၀,၀၀၀ စီ ပေးဆောင်ဖို့ စီရင်ချက် ချမှတ်ခဲ့တာလို့ တောင်သူတယောက်က ပြောပါတယ်။

“၁၉၉၆ တုန်းက သူတို့သိမ်းလိုက်တယ်တဲ့၊ သိမ်းလိုက်တာတော့ ကျမတို့က မသိရဘူး။ သိမ်းလိုက်တာကို ကျမတို့မသိရဘဲ စိုက်တော့ ၂၀၁၉၊ ဩဂုတ်လ ၇ ရက်နေ့မှာ စပြီးတော့ တရားစွဲတယ်။ ရုံးဆင့်တာတော့ ၂၀၂၀ မှ ရုံးစဆင့်တယ်ပေါ့နော်။ တရားစွဲတော့ အခုခါကျတော့ ကျမတို့ကို ဒဏ်ငွေနဲ့ အမိန့်ချလိုက်တယ်။ တရားစွဲခံရတာ တောင်သူ ၇၃ ယောက်၊ ကျမကျတော့ ၄ ဧက တခြံပါတယ်။ ၃ ၃ ဧကခွဲ တခြံပါတယ်။ နှစ်ခု အစွဲခံရတယ်။ ၄၄၇ နဲ့ နှစ်ကြိမ်ပေါ့။”

အဲဒီတရားစွဲဆိုခံရမှုအတွက် ဒဏ်ငွေ နှစ်ကြိမ် စုစုပေါင်း ၂၀,၀၀၀ ဆောင်ခဲ့ရကြောင်းလည်း တောင်သူက ပြောပါတယ်။

အဆိုပါ စစ်တပ်သိမ်းမြေယာတွေက ဒေသခံ ဘိုးဘွားပိုင်မြေယာတွေဖြစ်ပြီး ဒေသခံ ကျေးရွာ ၆ ရွာနဲ့ တောင်သူ ၃၀၀ နီးပါး ပိုင်ဆိုင်ထားတာလို့လည်း နောက်ထပ် အမည်မဖော်လိုတဲ့ တောင်သူကြီးတယောက်က ပြောပါတယ်။

“ဆီဆိုင်မြို့ကို ၁၉၉၁-၉၂ လောက်မှာ စစ်တပ်တွေက ရောက်လာတာ။ ၁၉၉၀ ဝန်းကျင်လောက်က ဆီဆိုင်မှာ စစ်တပ်ဆိုတာ မရှိဘူး။ သူတို့စခန်းငယ်လေးတွေပဲရှိတယ်။ ဒီ ၉၀ ကျော် နောက်ပိုင်းမှာမှ PNO, PNA တွေ ငြိမ်းချမ်းရေးယူပြီးတဲ့နောက်ပိုင်း စစ်တပ်က ရောက်လာတာပဲ။ ဆီဆိုင်မှာဆိုရင်တော့ ခမရ ၄၂၃၊ ၄၂၄ ပေါ့နော်။ ၁၉၉၆ နောက်ပိုင်းမှာဆိုရင် ၄၂၅၊ ၄၂၆ စသဖြင့် အသီးသီးရောက်လာတာပေါ့နော်။ အဲဒီ ဆီဆိုင်ရဲ့ စစ်တပ်တွေ မရောက်ခင်ကတည်းက အဲဒီမြေတွေက ကျေးရွာတွေအကုန်လုံး စိုက်ပျိုးမြေအဖြစ် အသုံးချနေတဲ့ မြေတွေပဲပေါ့နော်။ တပ်ရောက်လာတော့ သူတို့တပ်က မြေသိမ်းအက်ဥပဒေနဲ့ သိမ်းတာကတော့ ဧက ၁၅၀ ပဲရှိတယ်။ သူတို့ တကယ်ယူတာက ဧက ၂,၃၀၀ ပေါ့။”

ဧက ၂,၃၀၀ ထဲမှာမှ ၂၀၀ လောက် ဒီအရပ်သားအစိုးရလက်ထဲမှာ ပြန်စွန့်ပေးခဲ့ပြီး အခုက ဧက ၂,၀၀၀ ကျော် ကျန်နေသေးကာ  ဒီဧက ၂,၀၀၀ ကျော်မှာ တောင်သူတွေက နှစ်စဉ်နှစ်တိုင်း အမြဲတမ်းစိုက်ပျိုးလုပ်နေတာဖြစ်ပါတယ်။

၂၀၁၉ နောက်ပိုင်းမှာ အုတ်တံမကာထားတဲ့နေရာတွေကနေ တောင်သူတွေက ဝင်ရောက်လုပ်ကိုင်တဲ့အခါ စစ်တပ်က တောင်သူတွေကို တရားစွဲထားတာပါ။ 

တောင်သူတွေဘက်က အသက်မွေးဝမ်းကြောင်း စိုက်ပျိုးနိုင်ဖို့အတွက် အသနားခံ တောင်းခံတဲ့  အရေးဆို တိုက်တွန်းမှုတွေကို ပုံစံမျိုးစုံနဲ့ ပြန်လည်တောင်းဆိုခဲ့ပေမဲ့ စစ်တပ်က ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာ၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာ၊ တောင်သူတွေရဲ့ စိုက်ပျိုးပင် ဖျက်ဆီးတာအပြင် လယ်ထွန်စက်တွေကို သိမ်းယူတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြောင်းလည်း ဆိုပါတယ်။

“ဒီဟာသည် တောင်သူတွေရဲ့ နဂိုမူလ စိုက်ပျိုးတဲ့မြေ ဖြစ်တဲ့အတွက် အတင်းအဓမ္မ သိမ်းယူခြင်းမပြုဖို့၊ တောင်သူတွေက ရှမ်းပြည်မှာ တပ်တွေ မစိုးမိုးခင်ကတည်းက တောင်သူတွေက ဟိုးအရင် မိရိုးဖလာ ဓလေ့ထုံးတမ်းနဲ့ လုပ်ကိုင်စားသောက်တဲ့မြေကို ဒီလို အတင်းအဓမ္မသိမ်းတာဟာ တိုင်းရင်းသားတွေလိုလားတဲ့ ငြိမ်းချမ်းရေးတွေ အနာဂတ်ကို ဦးတည်နေတဲ့ ဖက်ဒရယ်တွေ အရမ်းကို ထိခိုက်စေတဲ့ လုပ်ရပ်တွေပေါ့။ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စေတဲ့ လုပ်ရပ်တွေ၊ ဒါတွေကိုမလုပ်ဖို့၊ အခု တရားစွဲဆိုတဲ့ထဲမှာလည်း အခုထွက်ဆိုတဲ့ ထွက်ဆိုချက်တွေ တောင်သူက နိုင်ရမယ့်အမှုကို အနိုင်မပေးဘဲနဲ့ တပ်ကိုပဲ အနိုင်ပေးသွားတဲ့ တရားစီရင်ရေးတွေပေါ့။ ဒါတွေအားလုံးက တောင်သူရဲ့ အခွင့်အရေးကို အရမ်းထိခိုက်နစ်နာတာပေါ့။”

ဒါ့အပြင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တောင်သူတွေ ပိုမိုကြောက်လန့်လာစေဖို့ စစ်တပ်က ပိုမိုတင်းကျပ် ခြိမ်းခြောက်လာတဲ့အတွက် တောင်သူတွေ ဘဝရပ်တည်ရေး မတွေးရဲစရာ အလွန် အခက်အခဲ ဖြစ်စေတယ်လို့လည်း တောင်သူကြီးက ပြောပါတယ်။

“ဒီအမှုဆုံးဖြတ်ချက်က ဒီအာဏာသိမ်းမှုနဲ့လည်း ဆက်စပ်တာပေါ့။ တကယ်လို့ အရပ်သားအစိုးရပဲ ဆက်ရှိနေမယ်ဆိုရင်တော့ တောင်သူကတော့ နိုင်မှာသေချာတယ်။ ဒီလို အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့်သာ တောင်သူ မတရားစွပ်စွဲခံရတာက အာဏာသိမ်းမှုဖြစ်စဉ်နဲ့ လုံးဝသက်ဆိုင်တယ်။ ဆိုတော့ ရှေ့လျှောက် လာမယ့် စိုက်ပျိုးရာသီတွေကလည်း တောင်သူအပေါ်မှာ အများကြီး ခြိမ်းခြောက်မှု ရှိလာနိုင်တယ်။ တောင်သူတွေကလည်း အကြောက်တရားအောက် ဆက်နေနေရတယ်။ ကျနော်တို့ တိုင်းရင်းသားတွေက အဲလိုအဖြစ်မျိုး မလိုလားဘူးပေါ့နော်။”

စစ်ကောင်စီတပ်တွေအတွက် တောင်သူလယ်သမား လူထုတွေအပေါ် ပုံစံမျိုးစုံဖိနှိပ်ရေး၊ အဓမ္မအာဏာသိမ်းမှုတည်မြဲရေး၊ နိုင်ငံတဝန်းရှိ မြေယာနဲ့ သယံဇာတတွေကို စစ်တပ်ကိုယ်ကျိုး အမြတ်ထုတ် ထိန်းချုပ်ရေးအတွက် ပိုမိုခိုင်မာလာစေမှာဖြစ်ကြောင်းလည်း တောင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013