DVB Logo
Home
Lead Story
ဖက်ဆစ်တပ်ရဲ့ သားချော့တေးမှာ အတွေးမတိမ်ကြစေဖို့
DVB
·
October 28, 2022
ဖက်ဆစ်တပ်ရဲ့ သားချော့တေးမှာ အတွေးမတိမ်ကြစေဖို့
Donate to DVB

လက်ရှိအချိန်မှာ ဖက်ဆစ်စစ်တပ်ဟာ ဝက်လက်မြို့နယ် ဟံလင်းပျူမြို့ဟောင်းကို တပ်စွဲသိမ်းပိုက်ထားပါတယ်။ ဒါ့အပြင် ထပ်ရတဲ့သတင်းတွေအရ အုတ်တွေ၊ ကျောက်စရစ်ခဲတွေ သယ်နေပြီး ကုန်းမြင့်တွေမှာ ဘန်ကာတွေတည်ပြီး အထိုင်ချဖို့ ရည်ရွယ်နေတယ်လို့ ကနဦး သုံးသပ်ရပါတယ်။ ဒီတော့ကာ ငြိမ်းမောင်တို့ စဥ်းစားမိသလောက် တင်ပြစရာတွေ ရှိလာပါတော့တယ်။

ပထမအနေနဲ့ ဟံလင်းပေါ့။ ဟံလင်းဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရော၊ ကမ္ဘာကပါ စစ်မဖြစ်ရ တားမြစ်နယ်မြေ ဖြစ်နေပါတယ်။ ဒီတော့ အထိုင်ချပြီး ခံစစ်ဆင်နိုင်တဲ့ဘက်က စစ်ရေးအားသာပါတယ်။ ဖက်ဆစ်တပ်လို စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ တပ်က ဘယ်လိုလုပ်မယ် မသိပေမဲ့ ပြည်သူ့တော်လှန်ရေးတပ်တွေကတော့ အတော်စဥ်းစားစရာ ဖြစ်လာပါတယ်။ တဖန် ဟံလင်းဟာ ဝက်လက်မြို့နယ်ရဲ့ အချက်အချာကျတဲ့ ဗျူဟာကျနေရာ ဖြစ်နေပါတယ်။ ဒီတော့ “ပစ်ရမှာလည်း အဆီတဝင်းဝင်း.. စားရမှာလည်း သဲတရှပ်ရှပ်” ဆိုသလိုပါပဲဗျာ။

နောက်တခုက ဖက်ဆစ်စစ်တပ်ရဲ့ သားချော့တေးဗျူဟာကို အထူးဂရုပြုရပါလိမ့်မယ်။ အခုကို နောက်ဆုံးရတဲ့ သတင်းအရ ဖက်ဆစ်တပ်က ဟံလင်းက ပြည်သူတွေကို လက်မှတ်ထိုးပြီး ပြန်ဝင်ခွင့်ပြုနေတယ်လို့ ကြားနေရပါတယ်။ အဲဒီမှာ စစ်တပ်က လူသားဒိုင်းကာဗာ အလိုလိုရသွားပြီး ပြည်သူ့တော်လှန်ရေးတပ်တွေက ပစ်မယ်ဆိုရင်တောင် ကျဥ်းထဲကျပ်ထဲ ရောက်သွားပါပြီ။ ဆိုင်းတီးနေကျ ဘီလူးကြီးတကောင်ရဲ့ သားချော့တေးသံကို မယုံကြဖို့ လိုပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဲဒီက ပြည်သူတွေက ဖက်ဆစ်တပ်ရဲ့ လက်အောက်မှာ နေရတာ အေးဆေးတယ်လို့ ထင်လာနိုင်ပါတယ်။ လုံခြုံတယ်၊ ကုန်စည်စီးဆင်းမှု လွတ်လပ်တယ်၊ စာသင်ရမယ်၊ ဆေးခန်းဖွင့်မယ်၊ စသဖြင့် ယိမ်းနွဲ့ချင်စိတ် ပေါ်လာနိုင်ပါတယ်။ 

ဘာလို့ ဒီလိုပြောနိုင်တာလဲ ဆိုတော့ကာ အခြေခံအချက် နှစ်ချက်ရှိပါတယ်။ နံပါတ်တစ်က မြေပေါ်မြေအောက်ကို ရေချိန်ညှိနိုင်တဲ့ လူထုခေါင်းဆောင်တွေ မရှိတာပါ။ ပြည်သူကို စစ်ရဲ့သဘောတရား၊ ရေရှည်စစ်ပွဲရဲ့ စစ်ဘေးဒဏ်၊ လူထုရဲ့ စစ်ပွဲတွင်း အခန်းကဏ္ဍတွေကို ကြိုတင်ကာ မခြွင်းမချန် ရှင်းပြရမယ်။ ဒါဟာ စိတ်ဓာတ်ကျဖို့မဟုတ်ဘူး။ ကျနော်တို့ ခေါင်းနဲ့တိုက်ပြီး ဖြိုချရမယ့် နံရံကြီးဟာ ထင်တာထက် ပိုခိုင်မာနေတဲ့အတွက် ကျနော်တို့ခေါင်းတွေ ဒီထက်ပိုမာကြောအောင် လေ့ကျင့်နေဖို့လိုတယ်ဆိုတာကို ဟောပြောစည်းရုံးရမှာပါ။ မနိုင်မချင်း တိုက်မှာဆိုတဲ့ စစ်မှန်ခိုင်မာတဲ့ တော်လှန်သော စိတ်ဓာတ်ကို ရိုက်သွင်းရမှာဖြစ်ပါတယ်။ ကျနော်တို့ဘက်ကလည်းပဲ ဒီစစ်ကြီးအတွင်းမှာ လူထုအနေနဲ့ အစဥ်အမြဲ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံပံ့ပိုးချင်စိတ်ရှိအောင်၊ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြဲ တသားတည်း ရပ်တည်နေအောင် စည်းရုံးဟောပြောရမယ်။ အဲဒီလို စည်းရုံးရုံနဲ့လည်း မပြီးသေးပြန်ဘူး။ လူထုကို စစ်အတွင်း စစ်ဒဏ်သင့်မှု သက်သာလျှော့ချရေး အစီအစဥ်တွေကို ကူညီစီစဥ်ပေးရမယ်။ စစ်အတွင်း စိုက်ပျိုးရေး၊ စစ်အတွင်း စီးပွားရေး၊ စစ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသဖြင့် စစ်အတွင်း ရှင်သန်ရေး အစီအစဥ်တွေမှာ လူထုနဲ့ပူးပေါင်းပြီး တက်တက်ကြွကြွ ကြိုးပမ်း လုပ်ဆောင်ကြရမယ်။ ဒီလို စစ်ဒဏ်သက်သာမှလည်း လူထုက ရေရှည်စစ်ကြီးအတွင်း ဖက်ဆစ်တပ်ရဲ့ ဖိနှိပ်မှုကို ခါးစည်းခံရာမှာ အနည်းငယ် အသက်ရှူချောင်ပါလိမ့်မယ်။

ယခု ထိပ်တိုက်တွေ့ကြလေပြီ။ ဖက်ဆစ်တပ်ဟာ လူထုကို အစစအရာရာ သူတို့လက်အောက်နေရင် အေးဆေးလုံခြုံကြောင်း ဟိုလိုတမျိုး ဒီလိုတမျိုး အယုံသွင်းလာပါလိမ့်မယ်။ ဒီအချိန်မှာ စစ်ဘေးဒဏ်ကို နှစ်ချီ ခါးစည်းပြီး ခံစားခဲ့ရတဲ့ ပြည်သူတွေဟာ ပြေးပြေးလွှားလွှား၊ ပုန်းပုန်းခိုခိုနဲ့ပဲ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တသားတည်း ဆက်လက်ရပ်တည်ဖို့၊ တနည်းအားဖြင့် စစ်မှန်တဲ့ လွတ်မြောက်မှုကို အခက်အခဲတွေကြားက အရယူမယ်ဆိုတဲ့ ခိုင်မာသော တော်လှန်ရေးစိတ်ဓာတ်ရှိဖို့ အင်မတန်အရေးကြီးနေပါတယ်။

ဘယ်လောက် ထောက်ခံ ထောက်ခံနေပါစေ၊ စစ်ရေးစစ်ရာမှာ တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်း တိုက်ကြဖို့ လိုအပ်ပါတယ်။ မတော်လို့များ “တွေ့ကြလား ငါတို့အောက်နေရင် အေးဆေးပဲ။ ဒီထက်ပိုအေးဆေးချင်ရင် ပျူစောထီးသင်တန်း တက်ကြကွာ” ဆိုပြီး ပျူမွေးလိုက်ရင်ဖြင့် ဟံလင်းပျူမြို့ဟောင်းကနေ ဟံလင်းပျူမြို့သစ် ဖြစ်လာနိုင်ပါတယ်။

ကိုင်းဗျား...။ သမိုင်းပေးတာဝန်အရ ပြောစရာရှိတာတော့ ပြောမိကြောင်းပါ။ တဖက်က စစ်ကြောင်းထိုးလာလို့ အမယ်အိုကြီးတွေ အထုပ်တွေရွက်ပြီး ပြေးလာတာတွေ၊ သားသည်မိခင်တွေ ချွေးတလုံးလုံးနဲ့ မောပန်းနေတာတွေ၊ အမိုးမရှိ အကာမရှိ လူအုပ်လိုက်ကြီးတွေ တောထဲ အသံတောင် မထွက်ရဲဘဲ ပုန်းနေကြတာတွေ မြင်တဲ့အခါမျိုး၊ ငါးနှစ်သားအရွယ် ရောက်နေတဲ့ ကလေးတွေ ကျောင်းမတက်ရလို့ စာမဖတ်တတ်တာတွေ မြင်တဲ့အခါ ဒီစစ်ပွဲရှည်ကြီးအတွင်း လူထုရဲ့ ခံနိုင်ရည်လျော့နည်းလာမှာ အင်မတန် စိုးရိမ်မိပါတယ်။

အင်မတန် ခက်ခဲကြမ်းတမ်းလှသော စစ်မက်ကြီးတွေရဲ့ကြား လူထုဟာ ပြည်သူ့တော်လှန်ရေးတပ်တွေနဲ့ တသားတည်းရပ်တည်ကာ အခက်အခဲတွေကို ခါးစည်းခံနိုင်ဖို့ ကျနော်တို့ဟာ မြေပြင်မှာလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းရမှာဖြစ်ပြီး မကြာခဏဆိုသလို တော်လှန်ရေးတရားပွဲတွေမှာ စည်းရုံးဟောပြောနေဖို့ လိုကြောင်းပါခင်ဗျား....။

ငြိမ်းမောင်(ပ.တ.တ.)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013