
အတုအယောင်ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ မဲပေး ရွေးချယ်ပြီးနောက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယာယီ သမ္မတအဖြစ်ကနေ သမ္မတအဖြစ် ရာထူးပြောင်းယူလိုက်ပါတယ်။
အခုလို အသွင်းပြောင်းဖို့ လုပ်ဆောင်တာဟာ အာဏာကို ဆက်လက် ထိန်းချုပ်ဖို့ ကြိုးစားတာလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ဝေဖန်နေကြပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ကာကွယ်ရေးဦးစီးချုပ်ရာထူးနဲ့ ၁၅ နှစ်တာကာလ တာဝန်ယူအပြီး ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်တဲ့ ဒုသမ္မတလောင်းစာရင်းထဲ ဝင်ရောက်ခဲ့ပါတယ်။
ဧပြီ ၃ ရက် ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ လျှို့ဝှက်မဲစနစ်နဲ့ မဲပေးရွေးချယ်ခဲ့ရာ ဒုသမ္မတလောင်း ၃ ယောက်ထဲမှာ စစ်ခေါင်းဆောင်က ၄၂၉ မဲနဲ့ မဲအများဆုံး ရရှိခဲ့တာကြောင့် သမ္မတဖြစ်လာတာပါ။
နိုင်ငံတကာအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးက တရားဝင်မှု (legitimacy) ဆိုင်ရာ မေးခွန်းထုတ်တာတွေ ရှိနေပေမဲ့ စစ်ခေါင်းဆောင်ဟာ မြန်မာနိုင်ငံရဲ့ ၁၁ ယောက်မြောက် သမ္မတ ဖြစ်လာပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုထင်ကျော်အေးက “မင်းအောင်လှိုင်ကနေပြီးတော့ အရပ်သားအဖြစ်နဲ့ ပြောင်းလဲသွားပြီးတော့ နိုင်ငံရေးထဲမှာ ကာချုပ်အနေနဲ့ ထိန်းချုပ်ထားတာတွေ အကုန်လုံးကနေ အနားယူတယ်ဆိုတာ ဒါက မဟုတ်ဘဲနဲ့ စစ်ယူနီဖောင်းဝတ်ထားတဲ့ အာဏာရှင်အဖြစ်ကနေ အရပ်သားအာဏာရှင်အဖြစ်ကို ပြောင်းလဲသွားတဲ့ အခြေအနေမျိုးပဲ ဖြစ်ပါတယ်။ အခုလက်ရှိ သွားနေတဲ့ အခင်းအကျင်းသည် မင်းအောင်လှိုင်ရဲ့ ပုဂ္ဂိုလ်ရေး အာဏာရှင်ဖြစ်မှုကို တည်ဆောက်ဖို့အတွက် သွားနေတယ်။ အဲဒီ ပုဂ္ဂိုလ်ရေး အာဏာရှင်စနစ် အတွင်းထဲမှာ နေရာချထားမှုတွေသည် မင်းအောင်လှိုင် ကတော့ သူ့ရဲ့ပိုင်ကွက်အနေနဲ့တော့ သူဖန်တီးထားတာမျိုး တွေ့ရတယ်။ ပုဂ္ဂိုလ်ရေးဩဇာနဲ့ institution တွေရဲ့ အာဏာနဲ့ ယှဉ်ပြိုင်လာတဲ့အခါမှာ ပွတ်တိုက်မှုတွေ ဖြစ်လာမလား၊ ဒါမှမဟုတ်ဘဲ မင်းအောင်လှိုင်ရဲ့ အာဏာရှင်ဖြစ်မှုကိုပဲ ပိုပြီးတော့မှ ဦးစားပေးတဲ့ အာဏာရှင်ပုံစံမျိုးကိုပဲ သွားမလား ဆိုတာတော့ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေ ခရီးစဉ်ကို ပြောရမယ် ဆိုလို့ရှိရင်တော့ ဒါသည် နိုင်ငံတော်ရဲ့အာဏာကို နောက်တနည်းနဲ့ပဲ ထပ်ပြီးတော့ ချုပ်ကိုင်ဖို့ ကြိုးစားတာသာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်” လို့ ပြောပါတယ်။
မတ် ၃၀ ရက်မှာတော့ စစ်ခေါင်းဆောင်က သူနဲ့နီးစပ်တဲ့ တပည့်ရင်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးခဲ့တာကြောင့် တိုင်းပြည်အာဏာကို ဆရာတပည့်နှစ်ယောက် ခွဲဝေထိန်းချုပ်မယ်ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။
ISP Myanmar အဖွဲ့မှ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက “ပြီးခဲ့တဲ့ အတိတ်ကို ပြန်ကြည့်ရင် ဥပမာ ဦးနေဝင်းကနေပြီးတော့ ကျနော်တို့ အာဏာကို စွန့်သွားတယ်။ သူ လွှဲပြောင်းသွားတဲ့အခါမှာ နောက်အစိုးရအသစ်မှာ သူဝင်မပါဘူးဗျ။ အလားတူပဲ ဗိုလ်ချုပ်ကြီး သန်းရွှေကလည်း အဲ့လိုပဲ သူအာဏာစွန့်သွားတယ်၊ သူက ကျန်တဲ့ဟာကို ထားခဲ့တာပေါ့နော်။ အခုလက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကျတော့ သူက အခုလက်ရှိ အသစ်လုပ်တဲ့ transition မှာပါ သူကိုယ်တိုင် ဦးဆောင်ဦးရွက်ပြီးတော့ ဝင်ပါတာပေါ့နော်။ ဆိုတော့ ဒါကတော့ မတူဘူးလို့ ယူဆနိုင်တယ်။ အဲတော့ ကျနော်တို့ မြင်တာကတော့ အပြောင်းအလဲက control change ခေါ်တာပေါ့၊ အပြောင်းအလဲတော့ လုပ်မယ်၊ ဒါပေမဲ့ သူကိုယ်တိုင် control ဝင်လုပ်ပြီးတော့ ပြောင်းတဲ့ဟာမျိုးကို ဆိုလိုတာပါ။ တပ်မတော်မှာ ကာချုပ်အဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ထားခဲ့တာပေါ့နော်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောမယ်ဆိုလို့ရှိရင် သူ့ရဲ့ manager နဲ့ ပိုတူတယ်ဗျ။ လက်ရှိ အခု သမ္မတဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သူက ဒီဘက် နိုင်ငံရေးနဲ့ ဒီဘက် ကျန်တဲ့ကိစ္စကို ဦးဆောင်ဖို့ ပိုများမယ် ထင်ပါတယ်” လို့ ပြောပါတယ်။
သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီကို “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဗဟိုကော်မတီ၊ “ဝ” ပြည်နယ်ပြည်သူ့အစိုးရ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဗဟိုဌာနချုပ်တို့က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
“ဝ” ပြည်နယ်ဟာ ပြည်ထောင်စုက ခွဲထွက်မှာမဟုတ်ဘဲ အခိုင်အမာ ရပ်တည်သွားမဲ့အပြင် ပြည်ထောင်စုအစိုးရနဲ့ ဆက်လက်ပူးပေါင်းကာ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အတူတကွ တွန်းအားပေး ဆောင်ရွက်သွားမယ်လို့လည်း ဒီကနေ့ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။
UWSP/UWSA ဟာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ နွေဦးတော်လှန်ရေးကို ထောက်ပံ့လို့ဆိုပြီး သူတို့ရဲ့ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး တရုတ်အစိုးရက သိမ်းဆည်းခဲ့တယ်လို့ အစည်းအဝေးမှာပြောတဲ့ မှတ်တမ်း ထွက်ပေါ်လာဖူးပါတယ်။
ဒါကြောင့် စစ်တပ်ကို တော်လှန်နေတဲ့ တပ်ဖွဲ့တွေကို နယ်မြေအသုံးပြုခွင့်ပေးတာ၊ ငွေကြေးနဲ့ လက်နက်ခဲယမ်း ထောက်ပံ့တာတွေ မလုပ်တော့ဘူးလို့လည်း ပြောကြားခဲ့တာ ရှိပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ သမ္မတရာထူးကို လက်ခံထားပေမဲ့ တဖက်မှာတော့ နိုင်ငံတကာ တရားရုံးတွေရဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ခေါင်းဆောင်ဟာ ၂၀၁၁ ခုနှစ် (လွန်ခဲ့တဲ့ ၁၅ နှစ်) မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေ ခန့်အပ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ အရပ်သားအစိုးရဆီကနေ အာဏာသိမ်းယူကာ ကာလုံအစည်းအဝေး ခေါ်ယူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဖြစ်လာခဲ့ပါတယ်။
၅ နှစ်တာကာလအတွင်း ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ယာယီသမ္မတ စတဲ့ရာထူးတွေကို ကိုယ့်ဘာသာကိုယ် ခန့်အပ်ခဲ့ပြီး လက်ရှိအချိန်လည်း ရွေးကောက်ပွဲဝင်မပြိုင်ဘဲ သမ္မတအဖြစ်နဲ့ နိုင်ငံ့အာဏာကို ဆက်လက်ချုပ်ကိုင်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
ဝေဝေ / ကေခိုင်











