DVB Logo
Home
မြန်မာသတင်း
NUGPay Wallet ဖွင့်သုံးစွဲသူ ၁ သောင်းခွဲထိ ရှိလာ
DVB
·
October 26, 2022
NUGPay Wallet ဖွင့်သုံးစွဲသူ ၁ သောင်းခွဲထိ ရှိလာ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဦးဆောင်လည်ပတ်နေတဲ့ NUGPay Wallet ကို ဖွင့်ပြီး သုံးစွဲသူအရေအတွက်ဟာ လတ်တလောမှာတော့ အယောက် ၁ သောင်းခွဲ ပြည့်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

“ပြည်သူလူထုရဲ့ ဝန်းရံမှုတို့နဲ့အတူ NUGPay သုံးစွဲသူ စုစုပေါင်း ၁ သောင်း ၅ ထောင် ပြည့်သွားပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ NUGPay ကို Google Play Store, Apple App Store တို့မှ ဒေါင်းလုပ်ရယူနိုင်ပြီး အေးဂျင့်များထံ၌ Account ဖွင့်၍ သော်လည်းကောင်း NUGPay Website Live Chat မှ Activation Code ဝယ်ယူ၍လည်းကောင်း သုံးစွဲနိုင်ပါတယ်။ NUGPay ကို သုံးပြီး CDM ဝန်ထမ်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အကူအညီ လိုအပ်နေသူတွေကို အလွယ်ကူဆုံး အလုံခြုံဆုံး ထောက်ပို့ပြီး တော်လှန်ရေးမှာ ပါဝင်လိုက်ပါ။ ရောင်နီမလာခင် ကြုံရမယ့် အမှောင်မိုက်ဆုံးအချိန်ကို အားလုံးလက်တွဲပြီး ကျော်ဖြတ်ကြမယ်။”

NUGPay ကိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ငွေကြေးစီးဆင်းမှုစနစ်အပေါ် မှီခိုနေရတာကို အဆုံးသတ်ဖို့အတွက် ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) နဲ့ NUGPay မိုဘိုင်းပိုက်ဆံအိတ်ကို စတင်ထုတ်ဝေလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါကြေညာချက်မှာ ဖော်ပြချက်အရ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့အတွက် သီးခြားလွတ်လပ်ပြီး လုံခြုံစိတ်ချရတဲ့ ငွေကြေးလည်ပတ်မှု ယန္တရားစနစ်ကို ထူထောင်ထားတာဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။

မြန်မာကျပ်ငွေနဲ့ တူညီစွာ တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ တရားဝင် ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထားရှိတဲ့အပြင် ဒီငွေကြေးစနစ်ကို အသုံးပြုနိုင်ဖို့ တွဲဖက်အသုံးပြုရမယ့် NUGPay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တခါတည်း ထုတ်ဝေထားပါတယ်။

NUGPay ဟာ အကြမ်းဖက်စစ်ကောင်စီ ငွေကြေးယန္တရားအောက်မှ လုံးဝလွတ်ကင်းတဲ့ ငွေပေးချေမှုစနစ်တခုဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေတုန်းကတော့ ကရင်ပြည်နယ်၊ ဝေါလေဒေသ၊ ဥကရစ်ထစခန်းသိမ်း အောင်ပွဲအတွက် NUGPay ကနေ ၂ ရက်အတွင်း ရရှိခဲ့တဲ့ ငွေကျပ် ၄၆ သိန်းကျော်ကို  ကော်ဘရာစစ်ကြောင်းဆီ ထောက်ပို့ခဲ့တာ တွေ့ရပြီး နောက်ပိုင်းမှာလည်း မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်၊ အညာဒေသတွေ အပါအဝင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေဆီ ပြည်သူတွေအနေနဲ့ NUGPay ကတဆင့် ထောက်ပံ့လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားတာကိုလည်း တွေ့ရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ ဘဏ္ဍာရေးနဲ့ အွန်လိုင်းငွေကြေးပေးချေမှုဆိုင်ရာ လုပ်ငန်းတွေမှာပါ အကျပ်အတည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေဖြစ်တဲ့ Kpay နဲ့ Wave Money တို့နဲ့ ငွေပေးငွေယူလုပ်ရာမှာ အေးဂျင့်ဆိုင်တွေက မှတ်ပုံတင်တောင်းတာအပြင် CCTV ကင်မရာကနေ ဓာတ်ပုံချောင်းရိုက်နေလို့ အခက်အခဲ ဖြစ်နေရတာတွေလည်း ရှိနေပါတယ်။

NUG အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကို ပြည်သူက ယုံကြည်အားကိုးမှုနဲ့ လှူဒါန်းပေးမှာကို မလိုလားတဲ့အတွက် ငွေသွင်း၊ ငွေထုတ် လုပ်ငန်းတွေကို ခက်ခဲသွားအောင် စစ်ကောင်စီက ပြုလုပ်နေတာဖြစ်ပြီး NUG အစိုးရကတော့ တာဝန်သိ ပြည်သူတွေအနေနဲ့ NUGPay ကတဆင့် အခွန်ထမ်းဆောင်နိုင်ကြောင်း ထုတ်ပြန်ကြေညာထားတာကို တွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနကတော့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားပြီး အခွန်ထမ်း မှတ်ပုံတင်အမှတ် သတ်မှတ်ခြင်းမရှိသေးတဲ့ ပုဂ္ဂိုလ်စုနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဇွန် ၃၀ ရက် နောက်ဆုံးထားပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ် လျှောက်ထားကြဖို့ ထုတ်ပြန်ကြေညာခဲ့ပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ်ပါမှ သွင်းကုန်ပို့ကုန်လုပ်ငန်း ဆောင်ရွက်ခွင့်ပြုမယ်လို့ အကျပ်ကိုင် ခြိမ်းခြောက်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013