DVB Logo
Home
မြန်မာသတင်း
ခေတ်နှင့်‌လျော်ညီသည့် လုပ်ခလစာရရှိရေး အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများ ဆော်သြ
DVB
·
October 26, 2022
ခေတ်နှင့်‌လျော်ညီသည့် လုပ်ခလစာရရှိရေး အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများ ဆော်သြ
Donate to DVB

အလုပ်သမားတွေကို ခေတ်နဲ့လျော်ညီတဲ့ အနိမ့်ဆုံးလုပ်ခလစာမပေးဘဲ ခိုင်းစေနေတဲ့ အရင်းရှင်စနစ်ကို တော်လှန်ဖို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ဆော်သြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံအလုပ်သမားတဦးအတွက် အနိမ့်ဆုံးလုပ်ခလစာက တရက်ကို ၄,၈၀၀ ကျပ်နှုန်းနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က NLD အစိုးရလက်ထက်မှာ သတ်မှတ်ခဲ့တဲ့အပြင် ဥပဒေပါ ပြဋ္ဌာန်းချက်အရ အဆိုပါလုပ်ခလစာကို ၂ နှစ်တကြိမ် ခေတ်နဲ့အညီ ပြောင်းလဲပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ သက်တမ်း ၂ နှစ်ပြည့်ခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ အနိမ့်ဆုံးလုပ်ခလစာနဲ့ ပတ်သက်ပြီး တရက်ကို ၇,၂၀၀ ကျပ်ပေးဖို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားတွေနဲ့ အလုပ်သမားသမဂ္ဂတွေက တောင်းဆိုခဲ့ပေမဲ့ အောင်မြင်မှု မရခဲ့ပါဘူး။

အကြောင်းရင်းက ကိုဗစ်-၁၉ ကြောင့် ပြည်ပကအော်ဒါတွေ လျောကျလာတဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့နဲ့ ဆက်လက်ရပ်တည်ဖို့အတွက် ကြိုးပမ်းနေရတဲ့ အတောအတွင်းမှာ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်သတ်မှတ်လိုက်ပါက လုပ်ငန်းရှင်တွေကို အခက်အခဲဖြစ်စေပြီး ပိုမိုဆိုးရွားတဲ့ အခြေအနေတခုဆီ ရောက်သွားနိုင်တာကြောင့် ပြန်လည်စဉ်းစား ဆုံးဖြတ်ပေးဖို့ NLD အစိုးရထံ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက တောင်းဆိုခဲ့လို့ ဖြစ်ပါတယ်။

ဒီ့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ အထွေထွေကုန်ဈေးနှုန်း ကြီးမြှင့်မှုဒဏ်ကို အခြေခံအလုပ်သမား နင်းပြား လူတန်းစားတရပ်လုံး လှိမ့်ခံနေရတာကြောင့် ခေတ်နဲ့‌ေလျ‌ာ်ညီတဲ့ အနိမ့်ဆုံးလုပ်ခလစာ ရရှိအောင် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ဆော်သြလှုံ့ဆော်နေတာ ဖြစ်ပါတယ်။

အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ သမဂ္ဂခေါင်းဆောင်တဦးက “လုပ်ငန်းရှင်တွေအနေနဲ့ မပေးရလေ ကောင်းလေပဲပေါ့ သူတို့အတွက်ကလေ။ ပြီးတော့ ရှင်းရှင်းပြောရရင် ဒါက စည်းကြပ်ပေးရတဲ့ အစိုးရနဲ့ သက်ဆိုင်တယ်။ ဒီ အနိမ့်ဆုံး လုပ်ခလစာကို ၂၀၂၀ မှာကတည်းက ပြောင်းလဲပေးရမှာဖြစ်တယ်။ ဒါကို မလုပ်နိုင်ခဲ့ဘူး။ အခုဆိုရင် ၄ နှစ်ထဲ ဝင်လာပြီဖြစ်လို့ သက်တမ်းကျော်နေပြီ။ ပြင်ဆင်ဖို့အတွက် ၂ နှစ်တကြိမ် ပြန်လည်သုံးသပ်မယ်လို့ ဥပဒေပြဋ္ဌာန်းစဉ်ကတည်းက ဒီအချက်ကို ထည့်သွင်းထားပြီးသားပါ။ ဒီထဲမှာ ဘာပါလဲဆိုရင် လက်ရှိကုန်ဈေးနှုန်းနဲ့ညီမျှတဲ့ လုပ်ခလစာ ပေးရမယ်ဆိုတဲ့ အချက်ပါတယ်။ ဒါကြောင့် ကျမတို့က အနိမ့်ဆုံးလုပ်ခလစာအတွက် တရက်ကို ကျပ် ၁၀,၀၀၀ ပေးဖို့ အလုပ်သမားတွေကိုယ်စား တောင်းဆိုနေတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ မြန်မာပေါင်ချိန်ဖိနပ်စက်ရုံမှ စက်ရုံလုပ်သားတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးဖို့ စုပေါင်း ဆန္ဒပြခဲ့တယ်လို့ နီးစပ်သူတွေထံမှ သိရပါတယ်။

“အလုပ်သမားတွေ အဓိကတောင်းဆိုတာက တနေ့လုပ်အားခကို ကျပ် ၈,၀၀၀ ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ စက်ရုံထဲက ဝန်ထမ်းတွေနဲ့ သမဂ္ဂဝန်ထမ်းတွေ ပါကြတယ်လို့ ကြားတယ်။ သူတို့ ပထမကတော့ တနေ့လုပ်အားခကို ကျပ် ၈,၀၀၀ တိုးမြှင့်ပေးဖို့ ညှိနှိုင်းတောင်းဆိုရာမှာ စက်ရုံဘက်က ဘာမှမထူးခြားခဲ့တာကြောင့် စက်ရုံအတွင်းမှာပဲ သပိတ်မှောက် တောင်းဆိုမှု ပြုလုပ်ခဲ့တာ” လို့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာလည်း အာဏာသိမ်းစစ်ကောင်စီခန့် အလုပ်သမားရေးရာညွှန်ကြားမှုဦးစီးဌာနက အမှုထမ်းတွေနဲ့ လုပ်ငန်းရှင်တွေဟာ လက်ဝါးချင်းရိုက်ထားပြီး အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ချိုးဖောက်နေတာကြောင့် အလုပ်သမားတွေကိုယ်တိုင်က မိမိအခွင့်အရေးကို ရရှိဖို့အတွက် ပြောရဲဖို့တော့လိုပြီလို့ တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။

“အလုပ်သမားတွေအနေနဲ့ ဒီစက်ရုံက ထွက်သွားခဲ့ရလို့ရှိရင် လုပ်ငန်းရှင်တွေက နောက်စက်ရုံမှာ ဒီလူတွေနဲ့ပတ်သက်ပြီး အမည်စာရင်းတွေ၊ ဓာတ်ပုံတွေ ပေးထားကြတယ်။ ဒီတော့ အလုပ်မရမှာကို အလုပ်သမားတွေက ကြောက်ကြတယ်လေ။ ဒါပေမဲ့ ဒါက လူတိုင်းကို သူတို့မလုပ်နိုင်ပါဘူး။ သမဂ္ဂခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကိုပဲ ပစ်မှတ်ထားကြတာပါ။ ဒါကြောင့် အခွင့်အရေး ချိုးဖောက်ခံရတဲ့ အလုပ်သမားတွေ ကိုယ်တိုင်က ထုတ်ပြောဖို့တော့ လိုတယ်။”

မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်သားတွေရဲ့ လုပ်အားခက နေ့စားဝန်ထမ်းတွေအနေနဲ့ တရက်ကို ၄,၈၀၀ ကျပ်သာ ရရှိပြီး လခစားဝန်ထမ်းတဦးရဲ့ တရက်လုပ်အားခက ကျပ် ၅,၀၀၀ ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013