DVB Logo
Home
မြန်မာသတင်း
ခိုလှုံခွင့်တောင်းခံသူများအား မြန်မာပြည်သို့ အတင်းအကျပ်ပြန်ပို့မှု နိုင်ငံတကာဥပဒေ ချိုးဖောက်ရာရောက်ဟု UNHCR ပြော
DVB
·
October 26, 2022
ခိုလှုံခွင့်တောင်းခံသူများအား မြန်မာပြည်သို့ အတင်းအကျပ်ပြန်ပို့မှု နိုင်ငံတကာဥပဒေ ချိုးဖောက်ရာရောက်ဟု UNHCR ပြော
Donate to DVB

မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံလာသူတွေကို အတင်းအကျပ်ဖိအားပေး ပြန်ပို့နေတာတွေကို ရပ်တန့်ဖို့ မလေးရှားနိုင်ငံကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) က အောက်တိုဘာ ၂၅ ရက်နေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ မလေးရှားကနေ  မြန်မာသားတွေကို နေရပ်ပြန်ပို့တဲ့အကြိမ်ပေါင်း ၁၀၀ ကျော်ရှိခဲ့တယ်လို့ သိရကြောင်း UNHCR က ပြောပါတယ်။

မြန်မာရေတပ်က အရာရှိဟောင်းတွေအပါအဝင် ခိုလှုံခွင့်တောင်းခံထားသူများကို အတင်းအကျပ် ပြန်လည်ပို့ဆောင်တာဟာ နိုင်ငံတကာ နည်းဥပဒေတစ်ခုဖြစ်တဲ့ အတင်းအကျပ်ပြန်လည်မပို့ဆောင်ရေးကို ချိုးဖောက်ရာရောက်ပြီး ပြန်ပို့ခံရတဲ့သူတွေအတွက်လည်း အန္တရာယ်ရှိစေတယ်လို့ UNHCR ရဲ့ ပြန်ကြားရေးတာဝန်ခံ ရှားဘီးယားမန်တူးက  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က UNHCR ရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဆိုးရွားပြင်းထန်တဲ့ ဘေးအန္တရာယ်တွေကနေ လွတ်မြောက်ရာကိုရှာဖွေဖို့လာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို အတင်းအကျပ် ဖိအားပေးပြန်ပို့တာတွေ ရပ်တန့်ဖို့ မလေးရှားကို UNHCR က ထပ်မံတောင်းဆိုပါတယ်။ သူတို့ကို ပြန်လည်ပို့ဆောင်လိုက်တာဟာ အန္တရာယ်ကြားထဲကို ပြန်ပို့လိုက်တာပါပဲ။ မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြသူတွေကို ခိုလှုံခွင့် တောင်းခံရရှိနိုင်ရေးအတွက် ယာယီနေထိုင်ခွင့်ပေးရမှာဖြစ်ပြီး ပြန်လည်ပို့ဆောင်ခံရခြင်းကနေ ကာကွယ်ပေးဖို့လိုပါတယ်။ အတင်းအကျပ်ပြန်လည်မပို့ဆောင်ရေးဟာ နိုင်ငံတကာနည်းဥပဒေမှာ အရေးကြီးတဲ့အချက်ဖြစ်ပြီး နိုင်ငံအားလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေဟာ နိုင်ငံသားတွေ နိုင်ငံတွင်းကနေ ထွက်ပြေးပြီး လွတ်မြောက်ရာကို ရှာဖွေဖို့လိုအပ်တဲ့ အခြေအနေဖြစ်နေပါတယ်” 

UNHCR က တားမြစ်နေတဲ့ကြားကပဲ  အောက်တိုဘာလ ၂၁ ရက်နေ့မှာ နောက်ထပ် ပြန်လည်ပို့ဆောင်မှုတစ်ကြိမ်ရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။

“ဘယ်သူ့ကိုမှ သူတို့ရဲ့ အသက်အန္တရာယ်၊ လွတ်လပ်ခွင့်နဲ့ တခြားအန္တရာယ် ကြုံရနိုင်တဲ့ နေရာကို ပြန်ပို့လို့မရပါဘူး။ ကျမတို့ရဲ့ တောင်းဆိုမှုဟာ သူတို့အတွက် အလွန်အရေးကြီးပါတယ်။ မလေးရှားက အာဏာပိုင်တွေအနေနဲ့ အဲဒီလိုပြန်လည်ပို့ဆောင်တာတွေ ရပ်တန့်ဖို့ ထပ်ခါထပ်ခါ တောင်းဆိုပါတယ်။ ကျမတို့ တတ်နိုင်တဲ့ဘက်ကလည်း ဝင်ရောက်တားဆီးခဲ့ပါတယ်။ ပြန်လည်မပို့ဆောင်ရေးနည်းဥပဒေဟာ အရေးကြီးတဲ့ နိုင်ငံတကာဥပဒေဖြစ်တာကြောင့် လေးစားလိုက်နာဖို့လိုပါတယ်။ ကျွန်မတို့ရဲ့ တောင်းဆိုပန်ကြားချက်တွေကို အလေးထားပြီး ပြန်လည်ပို့ဆောင်တာတွေ ရပ်တန့်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ဒီပြဿနာတွေ သံသရာလည်နေဦးမှာပဲ”လို့ UNHCR ရဲ့ ပြန်ကြားရေးတာဝန်ခံ ရှားဘီးယားမန်တူးက ပြောပါတယ်။

နောက်ဆုံးတစ်ကြိမ် ထပ်မံပို့ဆောင်ခံခဲ့ရသူတွေ မြန်မာနိုင်ငံကိုပြန်ရောက်ချိန်မှာ ဘာဆက်ဖြစ်ခဲ့တယ်ဆိုတာကို မသိခဲ့ကြသလို မြန်မာစစ်ကောင်စီရဲ့ ပြန်ကြားရေးတာဝန်ခံနဲ့ မလေးရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း အဲဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း မရှိကြသေးပါဘူး။

မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကတော့ သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ပူးပေါင်းပြီး အောက်တိုဘာ ၆ ရက်နေ့မှာ မြန်မာနိုင်ငံသား အယောက် ၁၅၀ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ရေးသားခဲ့ပါတယ်။ အဲဒီတစ်ခေါက် ပြန်လည်ပို့ဆောင်စဉ်က ရေတပ်က အရာရှိဟောင်းတွေပါဝင်တာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

အခုချိန်ထိ မလေးရှားကို ထွက်ပြေးခဲ့ကြတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူ စုစုပေါင်း ၁၅၀၀၀၀ ကျော်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013