DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကအင်အားအလွန်အကျွံသုံးပြီး လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေဟု အထူးသံတမန် နိုလင်းဟေဇာ ကုလသမဂ္ဂတွင်တင်ပြ
DVB
·
October 26, 2022
စစ်တပ်ကအင်အားအလွန်အကျွံသုံးပြီး လေကြောင်းမှ ဗုံးကြဲသတ်ဖြတ်နေဟု အထူးသံတမန် နိုလင်းဟေဇာ ကုလသမဂ္ဂတွင်တင်ပြ
Donate to DVB

ကချင်ပြည်နယ်မှာ ပွဲတော်တခုကျင်းပနေချိန် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူတွေ အများအပြားသေဆုံးရတဲ့ ဖြစ်ရပ်အပါအဝင် လတ်တလော အကြမ်းဖက် တိုက်ခိုက်မှုတွေကို  ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာက အပြင်းထန် ရှုတ်ချလိုက်ပါတယ်။

အောက်တိုဘာ ၂၅ ရက် က ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက  မြန်မာနိုင်ငံရဲ့ လတ်တလောဖြစ်ရပ် အခြေအနေတွေနဲ့ ပတ်သက်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ စစ်ဆင်ရေးတွေမှာ စစ်အင်အားအလွန်အကျွန်ဆက်လက်အသုံးပြုနေပြီး လေကြောင်းမှဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သားနေအိမ်အဆောက်အဦတွေကို မီးရှို့တာ၊ ကလေးသူငယ်တွေအပါအဝင် အရပ်သားတွေကို သတ်ဖြတ်တာတွေလုပ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်လို့ စွပ်စွဲခံရတာတွေရှိနေတယ်လို့ နိုလင်းဟေဇာက ပြောပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာမှာ အောက်တိုဘာ ၂၃ ရက်ညက ကေအိုင်အို ၆၂ နှစ်ပြည့်နေ့အထိမ်းအမှတ်အကြို တေးဂီတဖျော်ဖြေပွဲ ကျင်းပနေချိန် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စီးနဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တာမှာ ကချင်အနုပညာရှင်တွေ၊ ကေအိုင်အေအရာရှိနဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင် အနည်းဆုံး ပြည်သူ ၆၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ထိခိုက် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းတွေက ပြည်သူတွေအပေါ် ဆိုးရွားစွာ ဆက်လက်ထိခိုက်နေတဲ့အပြင် ဒေသတွင်းကိုပါ ဆိုးဆိုးဝါးဝါး သက်ရောက်မှုတွေရှိနေကာ လူဦးရေ ၁၃ ဒသမ ၂ သန်းကျော်အတွက် စားနပ်ရိက္ခာဖူလုံမှုမရှိ၊ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်က ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်မှာ နေထိုင်နေကြရပြီး နောက်ထပ် လူဦးရေ ၁ ဒသမ ၃ သန်းက ပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်နေကြရတယ်လို့ ကုလကိုယ်စားလှယ်က ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေနဲ့ ရန်ကုန်မှာ ဖမ်းဆီးခံရပြီး အန္တရာယ်ရှိသူတွေအပါအဝင် မြန်မာနိုင်ငံသားတွေကို အတင်းအကျပ် နေရပ်ပြန်ပို့တဲ့ စိုးရိမ်ပူပန်တဲ့အကြောင်းနဲ့ ဒုက္ခသည်တွေကို အကာကွယ်ပေးဖို့ ဒေသတွင်း မူဘောင်တခုကို ပူးတွဲရေးဆွဲဖို့နဲ့ အတင်းအကျပ် နေရပ်ပြန်ပို့ တာကို အဆုံးသတ်ဖို့ ဒေသတွင်းနိုင်ငံတွေကိုလည်း နိုလင်းဟေဇာက တိုက်တွန်းလိုက်ပါတယ်။

ခိုလှုံခွင့်တောင်းခံထားတဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားအစိုးရအနေနဲ့ အတင်းအကျပ်ဖိအားပေးပြန်ပို့နေတာ အရေးပေါ်ရပ်တန့်ပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့ အခြေအနေတွေကို သိရှိနိုင်ဖို့ UNHCRနဲ့ ချက်ချင်းတွေ့ခွင့်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့   HRW ကတိုက်တွန်းလိုက်ပါတယ်။

အခု အောက်တိုဘာလအတွင်းမှာလည်း နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ပြီး မလေးရှားနိုင်ငံမှာ  နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလာသူ ရေတပ်အရာရှိ ၆ ယောက် အပါအဝင် မြန်မာနိုင်ငံသား ၁၅၀ ကို မလေးရှားအစိုးရက မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစတင်ကာ မြန်မာစစ်တပ်ကနေထွက်ပြေးခဲ့ကြသူတွေ အပါအဝင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံဆီကို ဖိအားပေး ပြန်ပို့ခဲ့သူ အယောက်  ၂၀၀၀ ကျော်ရှိခဲ့ပြီး အဲဒီထဲက ထက်ဝက်ကျော်ကတော့ ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ ပြန်ပို့ခံခဲ့ရတာလို့ HRW ကထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာလည်း စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့အကြားအကြမ်းဖက်မှုတွေ မြင့်မားနေပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း မတွေ့မြင်ဖူးတဲ့ အဆင့်သို့ ရောက်ရှိလာကာ  သိသာထင်ရှားတဲ့ နယ်စပ်ဖြတ်ကျော် ကျူးကျော်မှုတွေ၊ လူမှုအသိုက်အဝန်းအားလုံး ဘေးအန္တရာယ်ကျ ရောက်စေမှုတွေ၊ နေရပ်ပြန်နိုင်ရေးကို ထိခိုက်စေတဲ့ အခြေအနေတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းလောက် လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေရဲ့ အကျပ်အတည်းဟာလည်း စိုးရိမ်စရာ ဆက်လက်ကျန်ရှိနေပြီး အများအပြားက အန္တရာယ်ရှိတဲ့ ကုန်းကြောင်း ၊ ရေကြောင်းခရီးမှတဆငင့် ခိုလှုံခွင့်ရဖို့ ကြိုးပမ်းနေဆဲဖြစ်တယ်လို့ နိုလင်းဟေဇာကပြောပါတယ်။

မြန်မာပြည်အကျပ်အတည်း နက်ရှိုင်းလာတာနဲ့အမျှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းသို့ ပြန်သွားနိုင်ဖို့ အားလုံးပါဝင်ပြီး မြန်မာနိုင်ငံသားတွေက ဦးစီးတဲ့လုပ်ငန်းစဉ်တရပ် ပေါ်ထွက်လာစေရေးအတွက် သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ ပေါင်းစပ် ညှိနှိုင်းမှု အခြေခံကာ သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ အညီဆက်လက်ဆောင်ရွက်သွားမယ်လို့ ကုလအထူးကိုယ်စားလှယ်က ပြောပါတယ်။

လိုအပ်နေသူတွေအားလုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးဖို့နဲ့ အကာအကွယ်တွေပေးဖို့  ထိတွေ့ဆက်ဆံနိုင်တဲ့ အားလုံးပါဝင်တဲ့ ဖိုရမ်ကျင်းပဖို့ အရေးပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့က တညီတညွတ်တည်း တောင်းဆိုထားတယ်လို့  နိုလင်းဟေဇာက ပြောပါတယ်။

ပဋိပက္ခဒဏ်ခံရတဲ့ အမျိူးသမီးတွေရဲ့ လိုအပ်ချက်တွေကို ပိုမိုသိရှိစေဖို့နဲ့ သူတို့ရဲ့ ခေါင်းဆောင်မှုကို အပြောင်းအလဲဖော်ဆောင်သူတွေအဖြစ် ချဲ့ထွင်ဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး (WPS) လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ခဲ့လို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို လက်မခံတဲ့ အပြောင်းအလဲကိုတောင်းဆိုနေသူတွေ ရှိတဲ့ နိုင်ငံရေး အဖြစ်မှန်အသစ်တခုရှိနေပြီး  အာရှဒေသရဲ့ ဗဟိုချက်မမှာ ကပ်ဘေးတွင်းနက်ထဲ ကျရောက်ခြင်းကနေ ကာကွယ်လိုတဲ့ ပြည်သူတွေရဲ့ စကားကို နားထောင်ပြီး  သူတို့ဆန္ဒအတိုင်း လမ်းညွှန်မှုခံယူဖို့ အစိုးရတွေအားလုံးနဲ့ တခြားအဓိက ပါဝင်ပတ်သက်သူတွေထံ ဆက်လက်ပန်ကြားသွားမယ်လို့ နိုလင်းဟေဇာက ကုလသမဂ္ဂညီလာခံမှာ ပြောသွားပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာဟာ ပြီးခဲ့တဲ့ ဩဂုတ်လက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့တွေ့ဆုံကာ အချက် ၆ ချက်တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက တချက်မှ လုပ်ဆောင်ပေးမရှိပါဘူး။

တောင်းဆိုချက် ၆ ချက်ထဲမှာတော့  လေကြာင်းကနေအကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုတွေရပ်ဖို့၊  ပြည်သူ့နေအိမ်တွေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့ စတာတွေပါဝင်တာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013