DVB Logo
Home
Lead Story
ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ထံ ပေးစာ 
DVB
·
May 27, 2026
ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ထံ ပေးစာ 
Donate to DVB

ဂျူလီဘစ်ရှော့ခင်ဗျာ -

မင်္ဂလာပါ။

ခင်ဗျားအနေနဲ့ မြန်မာနိုင်ငံကို နောက်ထပ်တခေါက် လာဖို့ ပြင်ဆင်နေတယ်လို့ ကြားရပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ဆိုရင် ဒါဟာ ၄ ကြိမ်မြောက် ခရီးစဉ်ပါ။ မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ပျက်စီးနေရပါပြီ။ ဒါပေမဲ့ ပြည်သူတွေရဲ့ မယုံနိုင်လောက်တဲ့ သတ္တိတွေ၊ ကြံ့ကြံ့ခံနိုင်စွမ်းတွေကတော့ ဆက်ရှိနေဆဲပါ။

ဒီခရီးစဉ်ဟာ တာဝန်အလွန်ကြီးမားပါတယ်။ အခုချိန်မှာ အမှားနဲ့အမှန် ပြောင်းပြန်ဖြစ်နေပါပြီ။ အကြမ်းဖက်မှုတွေကို အုပ်ချုပ်ရေးဆိုပြီး ခေါင်းစဉ်တပ်ထားကြတယ်။ ဝါဒဖြန့်တာတွေကို အမှန်တရားလို လုပ်နေကြတယ်။ အာဏာရှင်စနစ်ကို သံတမန်ရေး စကားလုံးတွေနဲ့ ဖုံးကွယ်ပြီး ကမ္ဘာကြီးကို လှည့်စားနေကြပါတယ်။

ကျနော်ဟာ နိုင်ငံရေး လေ့လာသုံးသပ်သူတယောက် အနေနဲ့ ပြောနေတာ မဟုတ်ပါဘူး။

မြန်မာပြည်ရဲ့ ယုံကြည်ချက် တော်လှန်ရေးကြောင့် ဘဝမှာ အများကြီး ပြောင်းလဲသွားခဲ့ရသူ တယောက် အနေနဲ့ အလေးအနက် ပြောချင်တာပါ။

၁၉၇၀ ပြည့်လွန်နှစ်တွေက မြန်မာပြည်ကို ကျနော် ရောက်ခဲ့ပါတယ်။ အဲဒီမှာ ရဟန်းဝတ်ခဲ့တဲ့ အစောဆုံး အနောက်နိုင်ငံသား၊ အမေရိကန်တွေထဲမှာ ကျနော်က တယောက် အပါအဝင် ဖြစ်ပါတယ်။ အဲဒီမှာ နှစ်အနည်းငယ်ပဲ နေခဲ့ရပေမဲ့ ကျနော့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ထာဝရ ပြောင်းလဲသွားစေခဲ့ပါတယ်။

မြန်မာပြည်ဟာ ကျနော့်အတွက် သာမန်နိုင်ငံတခု မဟုတ်တော့ပါဘူး။ သွေးသားထဲထိ စိမ့်ဝင်သွားခဲ့တဲ့ ကျနော့်ရဲ့ ဝိညာဉ်ရေးရာ အိမ်ရာတခု ဖြစ်လာခဲ့ပါတယ်။ အဲဒီမှာ ထူးခြားတဲ့ တွေးခေါ်မှုတွေ၊ ဉာဏ်ပညာတွေ၊ ဟာသဉာဏ်တွေ၊ ကြင်နာမှုတွေနဲ့ ကိုယ်ကျင့်တရား အလှတရားတွေကို တွေ့ခဲ့ရပါတယ်။

ဆယ်စုနှစ်တွေ ကြာခဲ့ပေမဲ့ မြန်မာစကားပြောသံတွေက နားထဲမှာ ကြားနေဆဲပါ။ မနက်အရုဏ်မတက်ခင် ဘုန်းကြီးကျောင်းက တိတ်ဆိတ်မှုတွေ၊ မှောင်မိုက်နေချိန် ဘုရားစာရွတ်သံတွေ၊ မိုးရာသီမှာ ခြေဗလာနဲ့ ဆွမ်းခံကြွတဲ့ သံဃာတွေရဲ့ ကြည်ညိုဖွယ် ပုံရိပ်တွေဟာ ကျနော့်စိတ်ထဲမှာ စွဲထင်နေဆဲပါ။

အခုလို ကပ်ဆိုးကြီး မဖြစ်ခင်ကတည်းက မြန်မာပြည်သူတွေကို ကျနော် သိခဲ့တာပါ။ သူတို့ဟာ ကမ္ဘာပေါ်မှာ စိတ်ဓာတ်အကြံ့ခိုင်ဆုံးနဲ့ သတ္တိအရှိဆုံး လူသားတွေပါ။

၁၉၉၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပထမဆုံး လွတ်လာပါတယ်။ အဲဒီအချိန်က စစ်တပ်စောင့်ကြည့်နေတဲ့ကြားက တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သူ့ကို လနဲ့ချီပြီး လျှို့ဝှက်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အဲဒီ စကားပြောဆိုမှုတွေကနေ “The Voice of Hope” ဆိုတဲ့ စာအုပ် ထွက်လာခဲ့ပါတယ်။ သူနဲ့ သူ့ခင်ပွန်း မိုက်ကယ်အဲရစ်တို့ ကူညီပေးခဲ့တာပါ။

အဲဒီနောက်ပိုင်း လုပ်ဖော်ကိုင်ဖက် ဖာဂတ်စ်ဟာလိုးနဲ့အတူ မြန်မာ့ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှတ်တမ်းတွေကို ရေးသားခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ၊ သံဃာတော်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ တော်လှန်ရေးသမားတွေ၊ ပြည်ပရောက်နေသူတွေ၊ နှိပ်စက်ခံရပေမဲ့ အသက်ရှင်ကျန်ရစ်သူတွေနဲ့ သာမန်ပြည်သူတွေရဲ့ ပြောပြချက်တွေကို မှတ်တမ်းတင်ခဲ့တာပါ။ သူတို့ရဲ့သတ္တိကတော့ တော်ရုံလူဆို ရူးသွားနိုင်တဲ့ အခြေအနေကနေ ပေါ်ထွက်လာတာပါ။

ကျနော် ဆရာလုပ်ချင်လို့ ဒါတွေကို ပြောနေတာ မဟုတ်ပါဘူး။ အရေးကြီးတဲ့ အချက်လေးတခုကို ပြောချင်လို့ပါ။ မြန်မာပြည်ဟာ ကျနော်တို့ အများစုအတွက် စိတ်ကူးယဉ်သက်သက် မဟုတ်ပါဘူး။ အဝေးကနေ လုံခြုံစွာ လေ့လာသုံးသပ်နေရမဲ့ ပထဝီနိုင်ငံရေး ပြဿနာလောက်ပဲ မဟုတ်ပါဘူး။ မြန်မာပြည်ဟာ မိသားစုပါ။ မြန်မာပြည်ဟာ အမှတ်တရပါ။ မြန်မာပြည်ဟာ အချစ်ပါ။ မြန်မာပြည်ဟာ ထောင်ထဲမှာ ပျောက်ကွယ်သွားတဲ့ သူငယ်ချင်းတွေရဲ့ မျက်နှာတွေပါ။ အဲဒီမြန်မာပြည်ဟာ စစ်ကြောရေးစခန်းတွေကနေ စိတ်ဒဏ်ရာတွေနဲ့ ထွက်လာပေမဲ့ ကိုယ်ကျင့်တရား မပျက်ပြားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ဂုဏ်သိက္ခာပါ။ စစ်တပ်စောင့်ကြည့်နေတဲ့ကြားက မေတ္တာသုတ် ရွတ်ဖတ်နေတဲ့ သံဃာတွေရဲ့ အသံပါ။ လေကြောင်းကနေ ဗုံးကြဲလို့ သေဆုံးသွားတဲ့ ကလေးတွေရဲ့ အလောင်းကို ကြည့်ပြီး ငိုကြွေးနေတဲ့ မိခင်တွေရဲ့ ဝမ်းနည်းမှုပါ။ ကျနော်တို့ အများစုအတွက် မြန်မာပြည်ဟာ တခါလောက် သွားလည်ခဲ့တဲ့ နေရာမဟုတ်ပါဘူး။ ကျနော်တို့ရဲ့ လိပ်ပြာနဲ့ ယုံကြည်ချက် တစိတ်တပိုင်း ဖြစ်နေပါပြီ။

အခုတော့ အဲဒီယဉ်ကျေးမှုကြီး ဓားစာခံ ဖြစ်နေရပါပြီ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုဟာ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချတာလောက်ပဲ မဟုတ်ပါဘူး။ ပြည်သူတရပ်လုံးရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးပစ်ဖို့ ကြိုးစားခဲ့တာပါ။ ရွေးကောက်ခံ ခေါင်းဆောင်တွေ ညတွင်းချင်း ဖမ်းဆီးခံရတယ်။ တချို့ ကွပ်မျက်ခံရတယ်။ တချို့ နှိပ်စက်ခံရတယ်။ ထောင်နဲ့ချီပြီး အကျဉ်းကျနေတုန်းပါ။ ရွာလုံးကျွတ် မီးရှို့ခံရတယ်။ ကလေးတွေကို လေယာဉ်နဲ့ ဗုံးကြဲတယ်။

ဘုန်းကြီးကျောင်းတွေ ပစ်ခတ်ခံရတယ်။ သတင်းထောက်တွေ ဖမ်းဆီးခံရတယ်။ ဆရာ၊ ဆရာမတွေ ထောင်ချခံရတယ်။ ကယ်ဆယ်ရေးလုပ်သူတွေကို ရာဇဝတ်ကောင်တွေလို သဘောထားတယ်။ လူနာကုပေးတဲ့ ဆရာဝန်တွေကို အပြစ်ပေးတယ်။ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ ကျော်ဟာ လူ့ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ ရည်ရွယ်ထားတဲ့ ထောင်တွေထဲမှာ ဒုက္ခခံနေရပါတယ်။

ဒါဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်တာ မဟုတ်ပါဘူး။ အုပ်ချုပ်ရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး စိတ်ဓာတ်ရေးရာအရ အကြမ်းဖက်နေတာပါ။ ပြည်သူတွေကို ထိန်းချုပ်ရုံတင်မကဘူး၊ ကြောက်ရွံ့မှုကို ပုံမှန်ဖြစ်အောင်၊ နှုတ်ဆိတ်နေမှ အသက်ရှင်နိုင်အောင် ဖန်တီးနေတာပါ။ လူတွေ စိတ်ဓာတ်ကျပြီး ပင်ပန်းနေတာကို ငြိမ်းချမ်းရေးဆိုပြီး လှည့်စားနေတာပါ။

ခဏလောက် စဉ်းစားကြည့်ပါ။ ဩစတြေးလျစစ်တပ်က ကင်ဘာရာက ရွေးကောက်ခံခေါင်းဆောင် အားလုံးကို ဖမ်းလိုက်မယ်။ ပွင့်လင်းမြင်သာမှုမရှိဘဲ ထောင်ချမယ်။ ဆန့်ကျင်သူတွေကို ဗုံးကြဲမယ်။ သတင်းထောက်တွေကို နှုတ်ပိတ်မယ်။ ပြီးတော့ သူတို့ကိုယ်သူတို့ အစိုးရပါဆိုပြီး နိုင်ငံတကာက အသိအမှတ်ပြုဖို့ တောင်းဆိုမယ်။

ဘယ်ဒီမိုကရေစီနိုင်ငံကမှ ဒီလိုဟာသမျိုးကို တရက်တောင် လက်ခံမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကတော့ သံတမန်ရေးရာ စကားလုံးတွေနောက်မှာ ပုန်းပြီး တရားဝင်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ လက်တွေ့မှာတော့ အကြောက်တရား၊ နှိပ်စက်မှု၊ စောင့်ကြည့်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ အုပ်ချုပ်နေတာပါ။

အခု အဲဒီဇာတ်ခုံပေါ်ကို ခင်ဗျား တက်လာပါပြီ။ ခင်ဗျားရဲ့ ခရီးစဉ်ဟာ အလွန်ကို အရေးပါပါတယ်။

ခင်ဗျားရဲ့နေရာကို ကျနော် မနာလို မဖြစ်ပါဘူး။ သံတမန်ရေးဆိုတာ ဆွေးနွေးပွဲတွေ ဆက်ဖြစ်ဖို့အတွက် မကောင်းတဲ့ နေရာတွေကြားထဲ လျှောက်သွားနေရတာမျိုးပါ။ ဒါပေမဲ့ သမိုင်းမှာ သံတမန်ရေးဆိုတာ လုပ်ရိုးလုပ်စဉ် အလုပ်တွေထက် ပိုအရေးကြီးတဲ့အချိန်တွေ ရှိပါတယ်။ သံတမန်ရေးမှာ ကိုယ်ကျင့်တရား ပြန်ရှာရမဲ့ အချိန်မျိုးပါ။

အခုဟာ အဲဒီအချိန်ပါပဲ။ ဒီပြဿနာတွေရဲ့ ဗဟိုချက်မှာ အမျိုးသမီးတဦး ရှိနေပါတယ်။ သူ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားတာဟာ နိုင်ငံတကာ စည်းမျဉ်းတွေကို စိန်ခေါ်လိုက်တာပါပဲ။ သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါ။

သူဟာ အပြစ်ကင်းစင်လွန်းလို့ ပြောနေတာ မဟုတ်ပါဘူး။ ဘယ်သမိုင်းဝင်ပုဂ္ဂိုလ်မှ အပြစ်မကင်းပါဘူး။ ဝေဖန်မှုကနေ ကင်းလွတ်ခွင့်ပေးရမယ်လို့လည်း မဆိုလိုပါဘူး။ ဘယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာမဆို ဝေဖန်စစ်ဆေးမှု ကင်းလွတ်ခွင့် မရှိပါဘူး။ သူ့ရဲ့ ခေါင်းဆောင်မှုနဲ့ နိုင်ငံရေး ရွေးချယ်မှုတွေကို သမိုင်းက ဆက်ပြီး ငြင်းခုံနေပါလိမ့်မယ်။

ဒါပေမဲ့ ကမ္ဘာမှာ အထင်ရှားဆုံး နိုင်ငံရေးအကျဉ်းသားတယောက်ဟာ အခုလို လျှို့ဝှက်စွာ ပျောက်ကွယ်သွားတာဟာ အင်မတန် အန္တရာယ်များပါတယ်။ ဒီမိုကရေစီနိုင်ငံ အများစုကလည်း သူ့အခြေအနေနဲ့ ပတ်သက်ပြီး တဖြည်းဖြည်း နှုတ်ဆိတ်လာကြပါတယ်။

အဲဒီလို နှုတ်ဆိတ်နေတာဟာ ကြားနေတာ မဟုတ်ပါဘူး။ နှုတ်ဆိတ်နေခြင်းဟာ အမှန်တရားကို ပြောင်းလဲသွားစေနိုင်ပါတယ်။

သူ တကယ် ဘယ်မှာရှိနေလဲ ကမ္ဘာကြီးက မသိပါဘူး။ သူ့ကျန်းမာရေး အခြေအနေကိုလည်း မသိရဘူး။ သူ ကျန်းမာရဲ့လား၊ တယောက်တည်း ထားထားသလား၊ ဆေးကုသခွင့် မရဘူးလား၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခံနေရသလား၊ သက်ရှိထင်ရှား ရှိနေသေးရဲ့လား ဆိုတာတောင် မသိရပါဘူး။ သတင်းအစအနလေးတွေ ပေါ်လာလိုက် ပျောက်သွားလိုက်ပါပဲ။ ကောလာဟလတွေကလည်း အဆုံးမရှိ ထွက်နေတယ်။ တာဝန်ရှိသူတွေက သွားတွေ့တယ်လို့ ပြောပေမဲ့ အတည်ပြုလို့ မရပါဘူး။ သူ့မိသားစု၊ မြန်မာပြည်သူတွေနဲ့ ကမ္ဘာကြီးအတွက် သူ သက်ရှိထင်ရှား ရှိနေတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား မရှိသေးပါဘူး။

သူ့သား ကင်မ်အဲရစ်က မိခင်ဖြစ်သူ ကျန်းကျန်းမာမာရှိနေကြောင်း အထောက်အထားပြဖို့ ထပ်ခါတလဲလဲ တောင်းဆိုနေပါတယ်။ ဒါဟာ မတရားသဖြင့် တောင်းဆိုတဲ့ တောင်းဆိုမှု မဟုတ်ပါဘူး။ လူသားတယောက်အနေနဲ့ ရသင့်တဲ့ အနည်းဆုံး အခွင့်အရေးပါ။

မစ်စ်ဘစ်ရှော့ပ် ခင်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ရဖို့ တောင်းဆိုပေးပါလို့ ကျနော် တောင်းပန်ပါတယ်။ ကြားခံကတဆင့် မဟုတ်ဘဲ၊ ဟန်ပြမဟုတ်ဘဲ တိုက်ရိုက်တွေ့ပေးပါ။ ဖုံးကွယ်ချင်တဲ့ တာဝန်ရှိသူတွေ ပြင်ဆင်ထားတဲ့ စကားတွေကတဆင့် မဟုတ်ဘဲ တိုက်ရိုက် တွေ့ပေးပါ။

သူ့ကို မျက်နှာချင်းဆိုင် တွေ့ပေးပါ။ ဖြစ်နိုင်ရင် သီးသန့် စကားပြောပါ။ သူ့ရဲ့အခြေအနေ၊ သူ့ရဲ့ စကားတွေကို ကမ္ဘာကြီးက သိပါစေ။ အကယ်၍ စစ်ကောင်စီက ငြင်းပယ်ခဲ့မယ်ဆိုရင်လည်း အဲဒီ ငြင်းပယ်မှုဟာ ကမ္ဘာကြီးသိရမဲ့ အမှန်တရား ဖြစ်ပါလိမ့်မယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ခွင့်မပေးဘူးဆိုရင် ဒါဟာ သတင်းစာရှင်းလင်းပွဲ အကြိမ်တထောင် လုပ်တာထက် ပိုပြီး အဖြေရှင်းသွားပါလိမ့်မယ်။ သူတို့လုပ်ရပ်တွေရဲ့ နောက်ကွယ်က အကြမ်းဖက်မှုတွေကို ဖော်ပြလိုက်တာပါပဲ။ လူသန်းပေါင်းများစွာ သံသယဖြစ်နေတာကို သူ အတည်ပြုပေးလိုက်တာပါပဲ။ အာဏာရှင်တွေဟာ စစ်တပ်တွေကို ကြောက်တာထက် အမှန်တရားပေါ်လာမှာကို ပိုကြောက်ကြပါတယ်။ ဟန်ဆောင်မှုတွေ ပြိုကျသွားပြီး သူတို့ရဲ့ အစစ်အမှန် လုပ်ရပ်တွေကို ကမ္ဘာကြီးက တွေ့သွားမှာကို ကြောက်တာပါ။

သမိုင်းမှာ နိုင်ငံတကာ ကိုယ်စားလှယ်တယောက်ရဲ့ မူဝါဒခိုင်မာတဲ့ လုပ်ရပ်တခုက ပြဿနာတခုလုံးကို ပြောင်းလဲသွားစေနိုင်တဲ့ အချိန်တွေ ရှိပါတယ်။ အခုဟာ အဲဒီလိုအချိန်မျိုး ဖြစ်နိုင်ပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ အပြင်ဘက်က နက်ရှိုင်းတဲ့ မြန်မာပြည်ကိုလည်း သတိရပေးဖို့ တောင်းဆိုချင်ပါတယ်။ မြန်မာပြည်ဆိုတာ စစ်ဗိုလ်ချုပ်တွေ၊ ဝါဒဖြန့်မှုတွေ၊ အကျဉ်းထောင်တွေ၊ စစ်ပွဲတွေလောက်ပဲ မဟုတ်ပါဘူး။ အာရှရဲ့ ယဉ်ကျေးမှု ဆုံမှတ်တခုပါ။ ဗုဒ္ဓဘာသာ စာပေနဲ့ တရားဓမ္မတွေ ထွန်းကားတဲ့ နိုင်ငံပါ။ ဒါ့အပြင် ဗလီတွေ၊ ဘုရားကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်းတွေ၊ ကဗျာတွေ၊ ဂီတတွေ၊ ပညာတတ်တွေ၊ တိုင်းရင်းသားမျိုးစုံနဲ့ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားတဲ့ နိုင်ငံပါ။

ကိုလိုနီခေတ်နဲ့ စစ်တပ်အုပ်စိုးမှု မတိုင်ခင်က မြန်မာပြည်ဟာ ဒေသတွင်းမှာ အတက်ကြွဆုံး လူ့အဖွဲ့အစည်းတခု ဖြစ်ခဲ့ပါတယ်။ တိုင်းရင်းသား လူမျိုးစု၊ ဘာသာစကားနဲ့ ရိုးရာဓလေ့ ၁၀၀ ကျော် ရှိတဲ့နေရာပါ။ အခုဖြစ်နေတဲ့ ကပ်ဆိုးဟာ နိုင်ငံရေးသက်သက် မဟုတ်ပါဘူး။ ယဉ်ကျေးမှုတခုလုံးနဲ့ ဆိုင်ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ အနုပညာ၊ တွေးခေါ်မှု၊ ဒီမိုကရေစီနဲ့ စိတ်ပိုင်းဆိုင်ရာတွေဟာ စစ်တပ်ရဲ့ အကြောက်တရား၊ လောဘ၊ ဝါဒဖြန့်မှုတွေအောက်မှာ တဖြည်းဖြည်း အသက်ရှူကျပ်လာနေပါပြီ။

ယဉ်ကျေးမှုတွေ ပြိုကျပျက်စီးတဲ့အခါ ချက်ချင်းကြီး ပျောက်ကွယ်သွားလေ့ မရှိပါဘူး။ အမှတ်တရတွေ ပျောက်ဆုံးလာတာ၊ အကြောက်တရားက ပုံမှန်ဖြစ်လာတာ၊ အမှန်တရားအပေါ် ပြည်သူတွေ ယုံကြည်မှု တဖြည်းဖြည်း လျော့နည်းလာတာတွေကနေတဆင့် သေဆုံးသွားတတ်ကြပါတယ်။

မစ်စ်ဘစ်ရှော့ပ်ခင်ဗျား ၂၀ ရာစုရဲ့ ဒီမိုကရေစီ စိတ်ကူးယဉ်မှုကို ပြောင်းလဲပေးခဲ့တဲ့ စိတ်ဓာတ်ခိုင်မာသူ အမျိုးသမီးတဦးကို သွားတွေ့မဲ့ အမျိုးသမီးတဦး အနေနဲ့ ခင်ဗျားဟာ ဒီအကျပ်အတည်းထဲကို ဝင်လာတာပါ။

နှစ်တွေတလျှောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး သဘောထားကွဲလွဲတာတွေ ရှိခဲ့နိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ စည်းကမ်းကြီးမှု၊ သတ္တိနဲ့ မြန်မာပြည်သူ သန်းပေါင်းများစွာအတွက် သူ့ရဲ့ သင်္ကေတ အရေးပါမှုကိုတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။

ဒါကြောင့် ခင်ဗျားကို သံတမန်သက်သက်အနေနဲ့ မဟုတ်ဘဲ သူတပါးရဲ့ ဒုက္ခထဲကို ဝင်ရောက်လာသူ လူသားတယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်။ အကျဉ်းကျနေသူတွေ၊ ပျောက်ဆုံးနေသူတွေ၊ စစ်လေယာဉ်သံတွေအောက်မှာ အိပ်နေရတဲ့ ကလေးတွေအတွက် ရပ်တည်ပေးပါ။ နေရောင်မမြင်ရတာ နှစ်နဲ့ချီနေပြီဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ နာမည်ပျောက်နေသူတွေ အတွက် ရပ်တည်ပေးပါ။ ဒီလို ရက်စက်မှုတွေ ကြာလာတဲ့အခါ ကမ္ဘာကြီးက သာမန်ကိစ္စလို သဘောထားလာနိုင်လို့ပါ။

ခင်ဗျားရဲ့ လိပ်ပြာက ခွင့်ပြုတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူ့လူတွေကို ပြတ်ပြတ်သားသား ပြောပေးပါ။ စစ်ဝတ်စုံချွတ်ပြီး အရပ်ဝတ်လဲရုံနဲ့၊ ရွေးကောက်ပွဲ အတုတွေ လုပ်ရုံနဲ့၊ ဟန်ပြ သံတမန်ရေးတွေ လုပ်ရုံနဲ့ တရားဝင်အစိုးရ မဖြစ်နိုင်ဘူး ဆိုတာကို ပြောပြပေးပါ။

တရားဝင်မှုဆိုတာ မြန်မာပြည်သူတွေနဲ့ပဲ သက်ဆိုင်ပါတယ်။

နိုင်ငံတကာက အသိအမှတ်ပြုဖို့ လမ်းကြောင်းဟာ မရှုပ်ထွေးပါဘူး။ လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပါ။ ဒီမိုကရေစီခေါင်းဆောင်တွေကို ပြန်လည်နေရာပေးပါ။ လေကြောင်းကနေ ဗုံးကြဲနေတာတွေကို ရပ်ပါ။ လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ပြုပါ။ နှိပ်စက်မှုတွေ ရပ်ပါ။ ဖမ်းဆီးဖျောက်ဖျက်တာတွေ ရပ်ပါ။ တိုင်းပြည်ကို ပြည်သူတွေလက်ထဲ ပြန်အပ်ပါ။

သမိုင်းက ခင်ဗျားရဲ့ ခရီးစဉ်ကို စောင့်ကြည့်နေပါတယ်။ ပိုအရေးကြီးတာက ကြောက်ရွံ့နေရတဲ့၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့၊ အကျဉ်းကျနေတဲ့၊ ဝမ်းနည်းပူဆွေးနေရတဲ့ မြန်မာပြည်သူ သန်းပေါင်းများစွာကလည်း စောင့်ကြည့်နေကြပါတယ်။ သူတို့မှာ တစုံတယောက်ကတော့ သူတို့ရဲ့ လူသားဖြစ်တည်မှုကို အသိအမှတ်ပြုပေးမယ်ဆိုတဲ့ မျှော်လင့်ချက်လေးပဲ ကျန်ပါတော့တယ်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးတဲ့နောက်မှာ အယ်လီနာ ရုစဗဲ့ဟာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကြီး ပေါ်ပေါက်လာအောင် ကူညီပေးခဲ့ပါတယ်။ အဲဒီရဲ့ အဓိကအချက်က ရှင်းပါတယ်။ လူ့ဂုဏ်သိက္ခာဆိုတာ မွေးရာပါဖြစ်တယ်။ ခွဲခြားလို့မရဘူး။ အားလုံးနဲ့ဆိုင်တယ်။ စည်းကမ်းချက်တွေ၊ ဗျူဟာတွေနဲ့ အပေးအယူလုပ်လို့ မရဘူး ဆိုတာပါပဲ။

လူ့ဂုဏ်သိက္ခာဆိုတာ နေရာတိုင်းမှာ ရှင်သန်ရပါမယ်။ မဟုတ်ရင် နေရာတိုင်းမှာ သေဆုံးသွားပါလိမ့်မယ်။

အခု မြန်မာနိုင်ငံက ခေတ်သစ်ကမ္ဘာကို ပြသနေတာကလည်း အဲဒါပါပဲ။ ဒါဟာ အဝေးက နိုင်ငံရေး ပြဿနာသက်သက် မဟုတ်ပါဘူး။ လူသားတွေရဲ့ လိပ်ပြာကို ထင်ဟပ်ပြနေတဲ့ မှန်တချပ် ဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေ ပုံမှန်မဖြစ်သွားခင်မှာ ဒုက္ခရောက်နေသူတွေကို အသိအမှတ်ပြုပေးနိုင်တဲ့ ကိုယ်ကျင့်တရားတွေ ရှိသေးလား ဆိုတာကို မေးခွန်းထုတ်နေတာပါ။ သံတမန်ရေးမှာ အပြန်အလှန် ဆက်ဆံတာနဲ့ အလျှော့ပေးလိုက်လျောတာ မတူပါဘူး။ အကြောက်တရားတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေ ကြီးစိုးနေတဲ့ခေတ်မှာ လိပ်ပြာသန့်မှုဆိုတာ အင်အားရှိသေးလားဆိုတာ မေးခွန်းထုတ်နေတာပါ။

တရားဝင် ထုတ်ပြန်ချက်တွေ၊ သံတမန်ရေး ဟန်ဆောင်မှုတွေနဲ့ ဒီခေတ်ကြီးကို သမိုင်းက မှတ်မိနေမှာ မဟုတ်ပါဘူး။ လူသားတွေဟာ ရက်စက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အမှန်တရားကို ရဲရဲဝံ့ဝံ့ ပြောရဲသလား ဆိုတာကိုပဲ သမိုင်းက မှတ်တမ်းတင်မှာပါ။

မြန်မာနိုင်ငံကို သွားတဲ့အခါ အဲဒီလို ပြတ်သားမှုတွေ ယူသွားပေးပါလို့ ရင်ထဲကနေ တောင်းဆိုပါတယ်။

မြန်မာပြည်သူတွေဟာ အသိအမှတ်ပြုခံရဖို့ ထိုက်တန်ပါတယ်။ သမိုင်းမှာ လိပ်ပြာသန့်မှုဆိုတာ မပျောက်ကွယ်သေးဘူးဆိုတဲ့ သက်သေကိုလည်း ကမ္ဘာကြီးက ရသင့်ပါတယ်။

လေးစားစွာဖြင့် -

အလန်ကလင်းမန့်စ် 

 

(DVB English ဝက်ဘ်ဆိုက်မှာ စာရေးဆရာ Alan Clements  ရေးသားထားတဲ့ “A letter to UN Special Envoy Julie Bishop during her visit to Myanmar” ပေးစာကို ဘာသာပြန်ဆို ဖော်ပြထားတာဖြစ်ပါတယ်။ 

စာရေးဆရာအလန်ကလင်းမန့်စ်ဟာ မြန်မာပြည်မှာ ရဟန်းဝတ်ခဲ့ဖူးပြီး လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ တက်ကြွစွာ လှုပ်ရှားနေသူလည်း ဖြစ်ပါတယ်။ သူဟာ အာဏာရှင်စနစ်ကို ဆန့်ကျင်ရာမှာ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ လိပ်ပြာသန့်သန့် ရပ်တည်ဖို့ကို တသက်လုံး ဦးစားပေး လုပ်ဆောင်နေသူပါ။

သူဟာ စာအုပ်ပေါင်း ၁၇ အုပ် ရေးသားခဲ့ပါတယ်။ အဲဒီအထဲမှာ Conversation with a Dictator (အာဏာရှင်နှင့် စကားပြောခြင်း)၊ Unsilenced: Aung San Suu Kyi—Conversations from a Myanmar Prison (နှုတ်မပိတ်နိုင်သူ - မြန်မာ့အကျဉ်းထောင်တွင်းမှ အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း) နဲ့ Politics of the Heart: Nonviolence in an Age of Atrocity (ရင်ထဲက နိုင်ငံရေး - ရက်စက်ကြမ်းကြုတ်သောခေတ်တွင် အကြမ်းမဖက်ခြင်း) စတဲ့စာအုပ်တွေ ပါဝင်ပါတယ်။

သူဟာ အနှစ် ၃၀ ကျော်ကြာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ သံဃာတော်တွေ၊ အရပ်ဘက်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ ရင်းရင်းနှီးနှီး လက်တွဲလုပ်ကိုင်ခဲ့သူပါ။ သူ့ရဲ့ ဆောင်းပါးတွေနဲ့ အင်တာဗျူးတွေကို အာရှ၊ ဥရောပနဲ့ အမေရိကန် စတဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ထည့်သွင်းဖော်ပြခြင်း ခံခဲ့ရပါတယ်။ ) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013