DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်၏ အစီရင်ခံစာက ဘယ်လိုသက်ရောက်မှုရှိမလဲ
ဝေဝေ
·
June 25, 2026
Photo: UN
Photo: UN
Donate to DVB

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာဟာ အာဆီယံနဲ့ နိုင်ငံတကာရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားတွေအပေါ် ဘယ်လိုသက်ရောက်နိုင်ပါလဲ။  စစ်ခေါင်းဆောင်ရဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရေး ကြိုးပမ်းတွေမှုကရော ဘယ်လိုရှိနိုင်ပါလဲ။ လေ့လာသုံးသပ်သူတွေရဲ့ အမြင်ကို စုစည်းဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တာတွေ ထုတ်ဖော်ပြောကြားပြီး မြန်မာနိုင်ငံရဲ့ ပကတိ တရားတွေကို သိသာထင်ရှားစေတဲ့ ထောက်ပြပြောဆိုချက်တွေကို ဇွန် ၁၉ ရက်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာထဲ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ကူးပြောင်းခြင်း မဟုတ်ဘဲ စစ်တပ်အာဏာကို ပိုမိုခိုင်မာစေဖို့သာဖြစ်ကြောင်း ဝေဖန်ခဲ့ပြီး ကုလသမဂ္ဂအနေနဲ့ ရွေးကောက်ပွဲကို မထောက်ပံ့၊ မကူညီ၊ စောင့်မကြည့်ကြောင်း ပြောကြားခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်ရဲ့ အခုလို ထုတ်ပြန်ပြောဆိုချက်တွေက ကုလသမဂ္ဂ အပါအဝင် အာဆီယံနိုင်ငံတွေရဲ့ သဘောထားအပေါ် သက်ရောက်နိုင်ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က မှတ်ချက်ပြုပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ နွေဦးလီလီက “အဲဒီပြောဆိုချက်တွေက UN အပါအဝင် အာဆီယံလို အဖွဲ့အစည်းတွေ၊ အဖွဲ့ဝင်နိုင်ငံတွေအပေါ် မြန်မာပြည်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီအရေး ရှေ့ဆက်လုပ်ဆောင်မဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ တစုံတရာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ သူ့ဆီကထွက်လာတဲ့ အသံဟာ နိုင်ငံတကာအစိုးရတွေကို ပေးတဲ့ recommendation တခုပါပဲ။ သူ့ရဲ့ အစီရင်ခံစာနဲ့ ထုတ်ပြန်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ အရေးပေါ် နိုင်ငံတကာအစိုးရတွေ ဘယ်လိုတုံ့ပြန်သင့်တယ် ဆိုတဲ့ဟာကို အကြံပြုထားတာလည်း ဖြစ်တယ်” လို့‌ပြောပါတယ်။

ဒီလို တိုက်တွန်းပြောဆိုချက်တွေ ရှိနေပေမဲ့လည်း တရုတ်နိုင်ငံရဲ့ အားထုတ်မှုတွေနဲ့အတူ ကုလသမဂ္ဂမှာ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နေရာတခု ဖန်တီးပေးနေကြောင်း မြန်မာ-တရုတ်အရေး ကျွမ်းကျင်သူ ဂျေဆန်တာဝါက DVB နဲ့ အင်တာဗျူးမှာ ပြောပါတယ်။

“အယောင်ဆောင်ရွေးကောက်ပွဲကနေ တဆင့် သမ္မတရာထူးကို ရယူထားတဲ့ မင်းအောင်လှိုင်ကို နိုင်ငံတကာအသိုက်အဝန်းက လက်ခံ အသိအမှတ်ပြုလာအောင် တရုတ်က ပိုပြီးတော့ အကဲဆတ်တဲ့ပုံစံနဲ့ တွန်းအားပေးလာနေတာပါ။ ကုလသမဂ္ဂမှာလည်း ဒီလိုပါပဲ။ ဒီနှစ်နှောင်းပိုင်း နယူးယောက်မှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်နေရာနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ဆွေးနွေးပွဲတွေ ရှိပါတယ်။ ‘မြန်မာနိုင်ငံ အပြည့်အဝ ပါဝင်ခွင့်ရရေး’ ဆိုတဲ့ တရုတ်ရဲ့ ထုတ်ပြန်ချက်အပေါ် ကျနော့်ရဲ့ သုံးသပ်ချက်ကတော့ ဘေဂျင်းဟာ လက်ရှိအခြေအနေကို ပြောင်းလဲပစ်ချင်နေပြီး နောက်ဆုံးမှာ မင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့သူတယောက်ကို မြန်မာ့ကုလသမဂ္ဂ အဖွဲ့ဝင်နေရာမှာ ထိုင်စေချင်နေတာ ဖြစ်ပါတယ်။”

တဖက်မှာလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်က သတ္တုတူးဖော်ရေး ကဏ္ဍနဲ့ တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေ ပါဝင်တဲ့ Greenland က ယူရေနီယံနဲ့ မြေရှားတူးဖော်ရေး စီမံကိန်းတခုမှာ နည်းဗျူဟာအကြံပေးသူအဖြစ် ခန့်အပ်ခံရတာက အကျိုးစီးပွား ပဋိပက္ခတွေကို ဦးတည်နေတာကြောင့် စုံစမ်းစစ်ဆေးပေးဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်က ရပ်ဆိုင်းဖို့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၂၉၀ ကျော်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကို ၂၀၂၅ မတ်လတုန်းက တောင်းဆိုခဲ့တာလည်း ရှိပါတယ်။

ဒီအခြေအနေတွေက မြန်မာနိုင်ငံဆိုင်ရာ အစီအရင်ခံစာ ထုတ်ပြန်မှုမှာ သက်ရောက်စေတာ ဖြစ်ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ဖြည့်ပြောပါတယ်။

သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ နွေဦးလီလီက “အဲဒီလို တောင်းဆိုတဲ့ ကိစ္စရပ်တွေ ရှိခဲ့တဲ့အတွက် ဂျူလီဘစ်ရှော့ပ်ဟာ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး အစီရင်ခံ တင်ပြပြောဆိုရာမှာ ပိုသတိထားလာတယ်လို့တော့ မြင်တယ်။ ပြည်တွင်းထဲမှာ ဖြစ်နေတဲ့ အခြေအနေတွေ၊ တော်လှန်ရေးအခြေအနေ၊ စစ်အုပ်စုရဲ့ လုပ်ဆောင်မှုတွေကို သူ ပိုသတိထား လေ့လာထားတာ တွေ့ရတယ်။ သူ့ထုတ်ပြန်ချက်တွေထဲမှာလည်း မြန်မာပြည်ရဲ့ လက်တွေ့အခြေအနေတွေနဲ့ တော်တော်နီးစပ်တာလည်း တွေ့ရတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ပျက်ပြားနေပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေ၊ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ မြေမြှုပ်မိုင်းဒဏ်တွေ ဆိုးရွားလာကြောင်းလည်း ပါဝင်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ် သေဆုံးမှုနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေကြောင့် ပြည်တွင်း နေရပ်စွန့်ခွာသူတွေ အပါအဝင် ပြည်ပနိုင်ငံတွေဆီ ထွက်ပြေတိမ်းရှောင်နေရသူတွေ အကြောင်းကိုပါ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013