DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး လက်တွေ့ဖြေရှင်းရန် ကုလလူ့အခွင့်အရေးကောင်စီ၌ ဆွေးနွေးတိုက်တွန်း
ဝေဝေ
·
September 11, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တက်ရောက်ပြီး မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လက်ရှိအခြေအနေတွေကို တင်ပြဆွေးနွေးခဲ့ကြကာ လက်တွေ့ဖြေရှင်းပေးဖို့ပါ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၆၃ ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာ ၇ ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပခဲ့ပြီး မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေကလည်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ တင်ပြဆွေးနွေးခွင့်ရခဲ့ပြီး လက်တွေ့ပါတဲ့ ဖြေရှင်းနည်းတွေပေးဖို့ပါ တိုက်တွန်းခဲ့ကြပါတယ်။

အစည်းအဝေးမှာ အမျိုးသမီးနဲ့ LGBTIQ အရေး၊ လိင်ပိုင်းဆိုင်ရာနဲ့ gender အခြေပြု အကြမ်းဖက်မှုတွေကို အလေးပေး တင်ပြခဲ့သလို လူသားချင်း စာနာမှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ လူငယ်တွေ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်နဲ့ ရိုဟင်ဂျာအမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း sisters 2 sisters အဖွဲ့က ပြောပါတယ်။

တချိန်တည်းမှာပဲ မြစ်ဆုံဆည်စီမံကိန်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သလို မြန်မာ့အရေးမှာ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ ထိုင်းနိုင်ငံတို့ ပိုမိုပူးပေါင်းပါဝင်ရေးကိုလည်း အလေးထား တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူ မသဉ္ဇာရွှန်းလဲ့ရည်က “ကျမတို့ရဲ့ ဆွေးနွေးမှုကို တုံ့ပြန်တဲ့ နိုင်ငံပေါင်း ၃၀ နီးပါး ရှိပါတယ်။ အဲထဲမှာဆိုရင် တရုတ်နဲ့ ရုရှားနဲ့ တချို့သော အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေရဲ့ တုံ့ပြန်မှုအပေါ်မှာတော့ ကျမတို့ အရမ်းစိုးရိမ်ရတယ်ပေါ့နော်။ သူတို့ရဲ့ ဆွေးနွေးချက်တွေက ကျမတို့ ပြည်သူတွေနဲ့ အတော်လေး ကင်းကွာတယ်။ ကျမတို့ လိုလားချက်တွေနဲ့ မကိုက်ညီဘူး။ ဒါပေမဲ့ အခြားသော ဒီမိုကရက်တစ်နိုင်ငံတွေကတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဆိုတာတွေ နောက် တရားမျှတမှု ဆိုတာတွေ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဆိုတာတွေကို ထည့်သွင်း ပြောဆိုကြတာ မြင်ရတယ်။ ဒီပေါ်မှာတော့ အားရမှု ရှိပါတယ်။ အဲဒီမှာ အဓိကအချက်ကတော့ Myanmar led, Myanmar Owned  ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပြီးတော့ စစ်တပ်ကလုပ်တဲ့ ရွေးကောက်ပွဲ နောက်ဆက်တွဲ အစိုးရကို အသိအမှတ်ပြုဖို့ ဝင်ရောက်မစွက်ဖက်ဖို့ ပြီးရင် ဒိုင်ယာလော့တွေ အတွက်ကိုပဲ စိုင်းပြင်းဖို့ ဆိုတာမျိုးတွေ တိုက်တွန်းတဲ့ နိုင်ငံတွေကိုတော့ ကျမတို့ဘက်ကနေ တုံ့ပြန်ခဲ့တာ ရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။

ဒါ့အပြင် IIMM နဲ့ UN လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာတွေကို အခြေခံပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရားမျှတမှုရရှိရေး၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တို့နဲ့ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးရာမှာ gender-based violence နဲ့ sexual violence တွေကို ထည့်သွင်းစဉ်းစားဖို့ တိုက်တွန်းခဲ့ကြောင်းနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေးနဲ့ နေရပ်ပြန်ပို့ရေးကိစ္စတွေကိုလည်း လက်ရှိအခြေအနေမှာ အန္တရာယ်ရှိနိုင်တာကြောင့် သတိထား ဆောင်ရွက်ဖို့ တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ရိုဟင်ဂျာတွေဟာ အဆိုးဝါးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြုံနေရပြီး မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကြားမှာ နေရပ်စွန့်ခွာနေရကာ မွေးရပ်မြေကနေ အပြီးအပိုင် ရွှေ့ပြောင်းရနိုင်တဲ့ အခြေအနေကို ရောက်နေပြီ ဖြစ်ကြောင်းကိုလည်း လူ့အခွင့်အရေးကောင်စီမှာ တင်ပြခဲ့တယ်လို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း ဆိုပါတယ်။

“လူမျိုးတုံး သတ်ဖြတ်မှုတွေက တောက်လျှောက်ဖြစ်နေတော့ ဒါကို ICC ကို refer လုပ်ဖို့ပေါ့နော်၊ ပြီးတော့ UK အနေနဲ့လည်း pen holder ဖြစ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တစိုက်မတ်မတ် ဒီကိစ္စကို လုပ်ဖို့ တိုက်တွန်းခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒီနေ့မှာဆိုရင် အဆိုးဝါးဆုံး အခြေအနေကို ရောက်နေပါတယ်။ ဒီလိုဖြစ်နေတာက member state လို့ခေါ်တဲ့ နိုင်ငံတကာရဲ့ ဂရုစိုက်မှု အာရုံစိုက်မှု လိုသလောက် အလုပ်မလုပ်တာ နှေးကွေးမှုတွေကြောင့် မြန်မာပြည်သူတွေဟာ တော်တော်လေးကို အခြေအနေ ဆိုးဝါးတဲ့ အခြေအနေမှာ ရောက်နေတယ်။ အဲဒါကြောင့် ကုလသမဂ္ဂမှာ ပါနေတဲ့ နိုင်ငံအားလုံးက ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံကို အရေးတယူ လုပ်ပြီးတော့ စစ်တပ်ကို အရေးယူဖို့ လိုအပ်တယ်။ အဲဒါကို ကျနော် ပြောခဲ့ပါတယ်။”

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိစေရေး၊ ICC ကို လွှဲပြောင်းပေးရေးနဲ့ စစ်တပ်ထံ လေယာဉ်ဆီနဲ့ လက်နက်တင်ပို့မှု ပိတ်ဆို့ရေး တိုက်တွန်းခဲ့ကြောင်းနဲ့ IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန် ကလည်း မြန်မာစစ်တပ်ဟာ အရပ်သား နေရာတွေကို လေကြောင်း၊ ဒရုန်းနဲ့ ပါရာမော်တာတွေ အသုံးပြုပြီး တိုက်ခိုက်နေပြီး ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထား ၁,၆၀၀ ကျော်နဲ့ သက်သေထွက်ဆိုချက် ၇၅၀ ကျော် စုဆောင်းထားပြီး ဖြစ်တယ်လို့  ပြောဆိုခဲ့ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013