DVB Logo
Home
မြန်မာသတင်း
KIO နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချ
DVB
·
October 25, 2022
KIO နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချ
Donate to DVB

အောက်တိုဘာ ၂၅ ရက်မှာ ကျရောက်မယ့် ကေအိုင်အိုရဲ့ ၆၂ နှစ်ပြည့် အထိမ်းအမှတ်အကြိုအနေနဲ့ ကေအိုင်အေ တပ်မဟာ-၉ အနန့်ပါကျေးရွာမှာ အောက်တိုဘာ ၂၃ ရက်ည ၈ နာရီခွဲဝန်းကျင် တေးဂီတ ဖျော်ဖြေပွဲပြုလုပ်ချိန် စစ်ကောင်စီလေတပ်က  တိုက်လေယာဉ် ၃ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် လက်နက်ကိုင်အဖွဲ့တွေက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

ဗုံးကြဲတိုက်လိုက်ခံရတဲ့နေရာ အနန့်ပါဟာ KIA တပ်စခန်းမဟုတ်ဘဲ ခရီးသွားများ ခေတ္တခဏ အနားယူကြတဲ့ ဈေးဆိုင်တန်း စခန်းငယ်နေရာဖြစ်တာကို အာဏာရှင်စစ်ကောင်စီက သိပေမယ့် လူအစုလိုက် အပြုံလိုက်သေကြေဖို့ ရွယ်ရွယ်ချက် ရှိရှိနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရပ်သား ပြည်သူတွေ၊ KIO အမှုထမ်း မြောက်မြားစွာ  ထိခိုက်သေဆုံးခဲ့ရကြောင်း KIO ကထုတ်ပြန်ပါတယ်။

အာဏာရှင် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရွံရှာဖွယ်ဒီလုပ်ရပ်ကို ဖိနှိပ်ခံပြည်သူတွေနဲ့ သမိုင်းမှတ်ကျောက်အဖြစ် မှတ်တမ်းတင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးရသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ အနုပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အရပ်သားပြည်သူတွေအတွက် များစွာ စိတ်မကောင်း ဝမ်းနည်းဖြစ်ရကြောင်းနဲ့ ကျန်ရစ်သူမိသားစုဝင်ဆွေမျိုးတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းလည်း KIO က ထုတ်ပြန်ပါတယ်။

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က “KIO ဗဟိုကော်မတီသည် မြန်မာ အစိုးရ အဆက်ဆက်ကို ကူညီထောက်ခံသည့်သူများပင်လျှင် ရန်ဘက်အဖြစ် မသတ်မှတ်ခဲ့ပါ။  အခု A Nang Pa (အနန့်ပါ) သို့ လာရောက်သော ပြည်သူများ၊ ဒေသခံများကို စကစမှ ရန်သူသဖွယ်ပြုမူခဲ့ပြီဖြစ်သည်။ လူငယ်ကို အခွင့်ကြုံတိုင်း ဘဝမှာ ပြုပြင်လို့မရနိုင်မည့်အမှားများမလုပ်မိဖို့ ပြောလေ့ရှိပေမယ့် ဒီလိုအမှားများကို လုပ်သူတွေက လူကြီးတွေပဲဖြစ်နေတယ်” လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကတော့  မကြာမှီကာလအတွင်း နိုင်ငံရေးအရွေ့တခုကို ဖော်ဆောင်သွားမှာ ဖြစ်ပြီး အဲ့ဒီနိုင်ငံရေးအရွေ့ဖော်ဆောင်တဲ့အခါ ကေအိုင်အို ပါတီဝင်တွေ၊ ပြည်သူတွေနဲ့ ကေအိုင်အိုဝန်ထမ်းတွေ အားလုံး အားသွန်ခွန်စိုက်ပါဝင်သွားကြဖို့ အောက်တိုဘာ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ကေအိုင်အို ၆၂ နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ 

အာဏာရှင်စနစ်ကို ချေမှုန်းတိုက်ဖျက်ပစ်ရမှာဖြစ်ပြီး ဒီလုပ်ဆောင်ချက်မှာ ကေအိုင်အိုကလည်း ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ပါဝင်တာဝန်ယူပြီး  ဦးဆောင်ရမယ်လို့ ကေအိုင်အို ဥက္ကဋ္ဌရဲ့ မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီလိုလုပ်ဆောင်မှာ မိမိတို့လိုလားတဲ့ အခွင့်အရေးတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မဲ့ အခင်းအကျင်းဖြစ်ပေါ်လာမှာလို့ ဆိုပါတယ်။ 

ကေအိုင်အို ဗဟိုကော်မတီကလည်း လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ အနန်ပါဒေသ ဗုံးကြဲခံရတဲ့ ဝမ်းနည်းစရာ ဖြစ်ရပ်ကို အာဏာရှင်စစ်ကောင်စီကို တွန်လှန်တဲ့ တော်လှန်ရေးခွန်အား အဖြစ် အရှိန်မြင့်တင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ကချင်ပြည်နယ် ဖားကန့်မြို့ထဲက အနန်ပါဒေသမှာ ကေအိုင်အို တည်ထောင်တဲ့ ၆၂ နှစ်ပြည့် အကြို ဂီတဖျော်ဖြေပွဲ ပြုလုပ်နေတုန်းမှာ စစ်ကောင်စီ လေတပ်က တိုက်လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အနည်းဆုံး လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့သူ ၇၀ လောက်ရှိတယ်လို့ ကေအိုင်အိုဘက်က ပြောပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး (KNU)ကလည်း အာဏာသိမ်း စစ်ကောင်စီဟာ တေးဂီတပွဲကို လူအများငြိမ်းချမ်းစွာ စုဝေးဆင်နွဲနေချိန် ရက်စက်ကြမ်းကြုတ်စွာ လူသား မဆန်စွာ ရည်ရွယ်ချက်ရှိရှိ အစီအစဉ် ရှိရှိနဲ့ အစုလိုက်အပြံလိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရာဇဝတ်မှု မြောက်တယ်ဆိုတာ သက်သေခံနေကြောင်း ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စနစ်တကျ ကျူးလွန်တဲ့ စစရာဇဝတ်မှုတွေအတွက် တာဝန်ရှိပြီး ကျူးလွန်ခံရသူ အပြစ်မဲ့ပြည်သူလူထုတွေအတွက် တရားမျှတမှုကို ရရှိဖို့လည်း KNU က တောင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ ပြည်တွင်းစစ်မှာ အသုံးမပြုရဟု ပိတ်ပင်တားမြစ်ထားတဲ့ စစ်ဆင်ရေးသုံး စစ်ဂျက်လေယာဉ်တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အရပ်သား ပြည်သူဆိုပြီး ခွဲခြားမှုမရှိဘဲ ရန်ငါစည်းခြားလျက် ငါနဲ့မတူ ရန်သူဆိုပြီး သိမ်းကြုံးသတ်မှတ်ကာ ပစ်မှတ်ထား ဗုံးကြဲ တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှု (war Crime) ကို ကျူးလွန်ခြင်းဖြစ်ကြောင်းလည်း ထောက်ပြထားပါတယ်။

နိုင်ငံတကာအစိုးရများနဲ့ နိုင်ငံတကာတရားရေးဆိုင်ရာ ယန္တရားတွေကလည်း ဒီလို လူသားချင်းစာနာထောက်ထားတဲ့ ဥပဒေတွေကို ပြောင်ပြာင်တင်းတင်း ကျူးလွန်သူနဲ့ အမိန့်ပေးစေခိုင်းတဲ့ အာဏာသိမ်းစစ်ကောင်စီကို တာဝန်သိစွာနဲ့ ပြစ်ဒဏ်ပေးအရေးယူ ဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။

ဒီလိုပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဟာ စစ်တပ်အပေါ် ရွံရှာနာကြည်းမုန်းတီးမှုတွေကိုသာ ပိုမိုဖြစ်ပေါ်စေပြီး မိမိပြည်သူကို ပြန်သတ်ဖြတ်နေတဲ့ စစ်တပ်ကို တိုင်းရင်းသားပြည်သူတရပ်လုံး ပို့မိုစည်းလုံးညီညွတ်စွာဖြင့် အတူတကွ ဝိုင်းဝန်းဆန့်ကျင်မှု ပြုကြဖို့ လိုကြောင်းလည်း KNU က ထောက်ပြပြောဆိုထားပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကလည်း စစ်ကောင်စီရဲ့ လူမဆန်သော အကြမ်းဖက်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာဒေသာဟာ စစ်ရေးလှုပ်ရှားမှုနဲ့ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာဒေသမဟုတ်တဲ့အတွက် စစ်ကောင်စီအနေနဲ့ တမင်သက်သက် အရပ်သားကို ပစ်မှတ်ထား တိုက်ခတ်ခြင်းဖြစ်သလို စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာ ထင်ရှားကြောင်း ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ အခုလို ပြည်သူတွေအပေါ် ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်မှုကို ကရင်နီ၊ ကချင်၊ စစ်ကိုင်း၊ ချင်း၊ ကရင်ပြည်နယ်‌တို့နဲ့ တခြား ဒေသတွေမှာလည်း နေ့စဉ် ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

၆၂ ပြည့် KIO နေ့ အထိမ်းအမှတ်ဂီတပွဲကို တိုက်ခိုက်တဲ့နေ့မှာလည်း ကရင်နီပြည် ကုန်းသာ စစ်ရှောင်စခန်းကိုလည်း အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီ ကလေးငယ်တဦးအပါအဝင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့ တိုင်းပြည်အာဏာကို စစ်တပ်က သိမ်းယူပြီးချိန်ကစပြီး နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၃၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး ၁ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် ဆိုးရွားလွန်းတဲ့ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းပေါင်းများစွာကိုလည်း ရင်ဆိုင်ကြုံတွေ့နေရသလို လူပေါင်း ၁၂၀၀၀ ထက်နည်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရပါတယ်။

ဒီဖြစ်ရပ်မျိုးကို နိုင်ငံတကာအဖွဲ့အစည်း၊ နိုင်ငံတကာ အစိုးရတွေအနေနဲ့ လက်ပိုက်ကြည်မနေ့သင့်တေ့ဘဲ မြန်မာပြည်သူလူထုကို ကာကွယ်ဖို့ ပိုမိုထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို အမြန်ဆုံးပြုလုပ်သင့်ကြောင်းလည်း KNPP က တောင်းဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013