DVB Logo
Home
Lead Story
ကြင်စိုး ဖိုးကြာ (သရော်စာ)
DVB
·
October 25, 2022
ကြင်စိုး ဖိုးကြာ (သရော်စာ)
Donate to DVB

"ကြားလို့မှ ကောင်းကြသေးရဲ့လား. . . ဟားဟား ဟားဟား ဟားဟား "

အဘစောမူးသာ့ထံမှ ထွက်ပေါ်လာသည့် စကားသံနှင့် တဆက်တည်း ရယ်သံကြီးကို  ရုတ်တရက်ကြီး ကြားလိုက်ကြရပေရာ နံနက်ခင်း၏ ရေနွေးကြမ်းဝိုင်းကွပ်ပစ်မှာ တုန်တောင်သွားပါပေ၏။

" ဟားဟား ဟားဟား ဟားဟား . . ကြင်စိုး . . . ကြင်စိုး . . နင် ဘယ်အပေါက်ချိုးပြန်ပြီလဲ . . . ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ "

အဘစောမူးသာက ဖုန်းကိုကြည့်ရင်း ပြောလိုက် ရယ်လိုက်ပါ ခင်ဗျ။ အဘရစ်ချတ်ရယ်၊ စစ်ပြန်ကြီး အဘလုံးတုံးရယ်၊ လေရှီးက ဖေကြီးရယ် အဘစောမူးသာ့ထံမှ သတင်းထူးကို ငံ့လင့်နေကြရပါပေတော့၏။

"ဘာ ထရယ်တာလဲ မူးသာ . . . နင့်ဟာကလည်း အလန့်တကြား "

"ဟားဟား ဟားဟား ဟားဟား . . ဒီမှာဟတောကြက်ကြီးလုံးတုံးရ . . . မယ်တော်ကြီး မိဟောင်လှိုင် ပြည်သူကို လမ်းလွှဲပြန်ပကွ . .ဟ ဟ ဟ "

" ဘာတွေလဲကွာ . . . "

အဘရစ်ချတ်ကထပ်မေးတော့ အဘစောမူးသာက ' ဖြစ်ကြောင်းကုန်စင် အညာတစ်ခွင် 'ဆိုသလို ကြင်စိုး သာ၀ မအလ၏ ' အညာဇာတ်ဆန်း ' တစ်ပုဒ်ကို ပြောပြပါလေ၏။

'အင်းဝိဇ္ဇာဓိုရ် ' ဆိုသူနှင့်အဖွဲ့က မအလ၏ ရွှေတိဂုံဂေါပကလူကြီးများနှင့်ပေါင်း၍ ' အရိယာ သောတာပန် သူရဿတီ မယ်တော်ကြီး ' နှင့် ' သီရိဒေဝီ မယ်တော်ကြီး ' အမည်တပ် ' မယ်တော် ' ဟူသည့် အရုပ်တွေကို မြန်မာဆန်ဆန် အဝတ်အစားများ ဆင်မြန်းပေးကာ မြန်မာ့ကျက်သရေဆောင် ကမ္ဘာ့ကျက်သရေဆောင် ရွှေတိဂုံဘုရားမှာ ရင်ငွေ့လှုံစေပြီး ပြည်သူလူထုကို အတင်း ဖူးမြော်ဦးချခိုင်းစေတယ်ဆိုပဲ ခင်ဗျ။

' ရုပ်တု ' ဆိုပေမယ့် ' အင်္ဂတေ ' တို့ ' ပလာစတာ' တို့ 'ဖယောင်း ' တို့ ' သစ်သား' တို့ 'ကြေး'တို့ ' စကျင်ကျောက် ' တို့ဘာတို့နှင့် ထုထားတာမဟုတ်ဘဲ ' စီလီကွန် ' နှင့်ပြုလုပ်ထားသည့် အရုပ်တွေပါ တဲ့။

" နောက်ဆုံးပေါ် ' စီလီကွန် ' ဆိုတော့ ခေတ်မီတာပေါ့ မူးသာရ "

" ဟားဟား ဟားဟား ဟားဟား ဟားဟား "

အဘလုံးတုံး၏စကားကို ' အဟား ' ဖြင့်တုံ့ပြန်ပါလေ၏။ ပြီးတော့ အနှီသတင်းကို ဆက်ရှင်းပြပါ၏။ ဤမယ်တော်အရုပ်တွေမှာ ပြည်တွင်းဖြစ်မဟုတ်မူဘဲ မအလတို့ ဘောမနေရတဲ့ စိန့်တိုင်း တရုတ်ပြည်ကနေ ကြွချီလာတာပါ တဲ့။ တစ်ရုပ်ကို ဒေါ်လာ 'နှစ်ထောင့်ငါးရာ '  တောင်မှပေးရပြီး နှစ်ရုပ်ဆိုတော့ ဒေါ်လာငါးထောင်ပေါ့ဗျာ တဲ့။

" အခုလက်ရှိ ဒေါ်လာပေါက်ဈေး ငါးထောင်နဲ့မြှောက်ကြည့်ရင် အမယ်လေးလေးလေး "

" ဘာသာ သာသနာအတွက် ရက်ရက်ရောရောအကုန်အကျခံတဲ့ အဖွဲ့ပါလား ဟ "

" ဟားဟား ဟားဟား ဟားဟား . . . . . "

နိဂုံးချုပ်တော့ ဤအရုပ်တွေမှာ အမျိုးသမီးတွေနှင့်ဝေးနေသည့်၊ အိမ်ထောင်ဘက်တွေနှင့် လရှည် ခွဲခွာနေရသည့် အမျိုးသားတွေအတွက် မူလ ပထမ လက်ဦးမဆွက ထုတ်လုပ်ထားသည့် လူနှင့်အတော်တူပြီး လူ့အသားအရေနှင့် အတော်နီးစပ်အောင်ဖန်တီး ထားသည့် 'အင်္ဂါစုံပါ ' အရုပ်တွေပါတဲ့ ခင်ဗျ။

သူတို့ကို ပုံစံမျိုးစုံအောင် ပြုလုပ်၍ရပါသတဲ့။ ထိုင်ခိုင်းမလား၊ ရပ်ခိုင်းမလား၊ စောင်းခိုင်းမလား၊ ကုန်းခိုင်းမလား၊ ကော့ခိုင်းမလား . . . အားလုံး အိုကေပါ တဲ့။ ပြီးတော့ သူတို့ရဲ့ အတွင်းပစ္စည်းတွေဟာလည်း သက်ရှိအမျိုးသမီးတွေနှင့် နင်လား ငါလား ချွတ်စွတ်တူအောင် ဖန်တီးထားတာ ဆိုပါလား ခင်ဗျာ။

" အေးကွာ . . . အဲသလို ' လိင်ကိစ္စ ' ကိုဖြေ ရှင်းပေးတဲ့ ' Silicone Sex Dolls ' အရုပ်မ တွေကိုမှ မအပ်မရာ မကြံကောင်းမစည်ရာကွာ၊ ဘာသာ သာသနာနဲ့မှ မကြောက်မရွံ့ ' တွဲ ' ရက်တဲ့ ကြင်စိုး သာ၀ မအလ "

" ဟားဟား ဟားဟား ဟား ဟား . . . . . . "

ဖေကြီးတို့တစ်ဖွဲ့လုံး အုံးအုံးထ ရယ်ချလိုက်မိကြပါလေတော့၏။ ' လုပ်ရက်ပ အဘရာ . . . ကြေမွ ' လို့ သီချင်းပင် ထပြီးဟစ်ရမလိုပါပေ။

အဘလုံးတုံးကလည်း သုံးသပ်ပါ၏။ တိုင်းပြည်နဲ့လူထုကို ဒီလိုနည်းနဲ့ လမ်းလွှဲလာတာ နှစ်ငါးဆယ် ' ရာစုဝက် ' မကတော့ဘူး၊ ' စိန်ရတု 'တောင် တိုင်ခဲ့ပါပြီ တဲ့။

" အဲသည် အရုပ်တွေကိုမြင်ရတော့ ရေတပ်က ထွက်ပြီး သင်္ဘောသားလုပ်သွားတဲ့ တစ်ခါကငါ့ သူငယ်ချင်းအဖြစ်ကို သတိရမိသွားသဗျား . . . . ဟားဟား ဟား ဟား ဟား ဟား "

စစ်ပြန်ကြီးအဘလုံးတုံးက သူ့ဟာသူပြောပြီး သူ့ဟာသူ တဟားဟား ထရယ်ပါလေ၏ ခင်ဗျာ။ သူ၏ဇာတ်လမ်းကို ဖေကြီးတို့တွေ စိတ်ဝင်စားနေကြပြီ ဖြစ်ပါ၏။

" ရေတပ်ကနေထွက်ပြီး စောစောစီးစီး ကမ္ဘာပတ်ခဲ့တဲ့ကောင် ' မောင်ပု ' လေကွာ . . ဟားဟား ဟားဟား ဟားဟား . . . . . "

ဒီလိုနဲ့ ကမ္ဘာကိုပတ်ကာ ဒေါ်လာတွေရှာ အိမ်ကို ပုံမှန်ပြန်ပြန်ပို့ပြီး ဝန်းတွေခြံတွေနဲ့ မိသားစု  ပြည့်ပြည့်စုံစုံ ကျကျနနကို နေထိုင်နိုင်ခဲ့ပါသတဲ့။ 

နိုင်ငံတကာဆိပ်ကမ်းတွေ ရောက်ရင်လည်း ကုန်းပေါ်တက် ' ကဲ ' ပေမယ့် ' အရက် ' ကိုပဲ စွဲစွဲမြဲမြဲ တွယ်တာကာ ' အပျော်မယ်' ကို ရွံရှာသူပါတဲ့။

ထို မောင်ပုကား သင်္ဘောပေါ်တွင် အရေးပါသူ တစ်ဦးဖြစ်ပြီး သူ၏အခန်းကို သူကိုယ်တိုင် ရှင်းစရာမလိုဘဲ ကျန်အဆင့်လူများက အလှည့်ကျ  သန့်ရှင်းရေး ဘာညာ လုပ်ပေးရပါသတဲ့။

“အဲသည်လိုနဲ့ ဥရောပကအပြန် ပင်လယ်ပြင်ကြီးထဲက တစ်ရက် တစ်မနက်မှာ မောင်ပုရဲ့ အခန်းကနေ ဒေါသတကြီး အော်ဟစ်ပြီး ' ငါကိုင်တုတ် ' နေတာ ' င လ မ သ ' တွေကော၊ ' မ အ လ ' တွေကော၊ ' န မ လ ' တွေကော၊ ' က မ က လ ' တွေကော မိုးကိုမွှန်နေတာပဲ တဲ့ကွ . . . ဟ ဟ ဟ"

ပြီးတော့မှ သင်္ဘောပေါ်ကဆေးမှူးကို အခန်းထဲခေါ်ပြီး ' ပင်နယ်ဆလင် ' ထိုးရပါသတဲ့။ အဖြစ်ကတော့ မနှစ်ကနဲ့မတူ ဆိုသလို ဒုက္ခလှလှကြီးနဲ့ တွေ့ကြုံရတာပါတဲ့။

" ဘယ်လိုဖြစ်တာလဲဟ လုံးတုံးရ "

" ဟားဟား ဟားဟား ဟားဟား . . . . . . "

ဒီလိုပါတဲ့ . . . ညတုန်းက သူ့အခန်းထဲမှာ သူ့အမျိုးသမီး ' မော်ဒယ် ' Sex Doll ရာဘာအရုပ်နဲ့ အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်မှာ  နှစ်ကိုယ်တူချစ်အမျှ ချစ်တလင်းနယ်ခဲ့ပြီး မနက်လည်းကျရော အဲသလို ' ကိုဖိုးကြာ ' အဖြစ် အမည်သစ် ရခဲ့တာပါတဲ့ ခင်ဗျ။

ဇာတ်ပေါင်းရရင်တော့ သူ တစ်ကိုယ်တော်ဒိုင်ရှို ကြိတ်ပြီးသုံးစွဲနေတဲ့ အဲသည်မာတုဂါမအရုပ်ကို  မနေ့ကနေ့လယ် သူ့အခန်းကို သန့်ရှင်းရေးလုပ်တဲ့ သူကောင်းသားက အမှတ်မထင်တွေ့ရှိပြီး လူလစ်တုန်း တူနှစ်တိုင်းပြည် အမြန်တည်ဆောက်ကာ လူမမိခင် သုတ်ချေတင်သွားပုံပါပဲတဲ့ ခင်ဗျ။

" အဲသည်ကောင်ကလည်း အလစ်မှာ အမြန်' တွယ် ' ရတာဆိုတော့ အရုပ်မကို ရေပြန်ဆေး ဘာညာ သန့်ရှင်းရေး ဘာညာ လုပ်မသွားနိုင်ခဲ့ဘူးထင်ပါရဲ့ဗျား . . . ဟားဟား ဟားဟာဟား "

" ဟားဟား ဟားဟား ဟားဟား ဟားဟား "

သည်လို သည်ပုံကိုး ခင်ဗျ။ ဤသည်ကား ' အရုပ်မကပေးသည့် ရောဂါ ' ပါတကား။ အဘရစ်ချတ်ကော အဘစောမူးသာကော အဘလုံးတုံးပါ အရယ်သန်သူများပီပီ အပြိုင်ရယ်ကာ အရယ်ပြိုင်နေကြပါပေတော့၏။ ခဏနေတော့ အဘလုံးတုံးက တွေးတွေးဆဆ ပြောပါ၏။

" အခု တရုတ်ကကြွလာတဲ့ မယ်တော်အရုပ်တွေဆီမှာလည်း ရောဂါပေါင်းစုံ ကပ်ပါလာနိုင်တယ် ကွ"

" အေးဟ . . . ကြင်စိုး သာ၀ မအလကြီးတော့ ဒုက္ခရောက်အုံးမှာပါဗျား "

" ဟားဟား ဟားဟား ဟားဟား ဟားဟား . . "

 ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013