DVB Logo
Home
မြန်မာသတင်း
ပြည်သူလူထုကို လေယာဉ်ဖြင့်ဗုံးကြဲမှု စစ်သားမပီသသည့် သူရဲဘောကြောင်လုပ်ရပ်ဖြစ်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့ ကြေညာ
DVB
·
October 25, 2022
ပြည်သူလူထုကို လေယာဉ်ဖြင့်ဗုံးကြဲမှု စစ်သားမပီသသည့် သူရဲဘောကြောင်လုပ်ရပ်ဖြစ်ဟု  ညီနောင် မဟာမိတ် ၃ ဖွဲ့ ကြေညာ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူလူထုတွေ၊ အနုပညာရှင်တွေနဲ့  ကေအိုင်အေ စစ်ဘက် အရပ်ဖက်ဝန်ထမ်းတွေအတွက် များစွာကြေကွဲဝမ်းနည်းကြောင်းနဲ့ ဒီလုပ်ရပ်ဟာ စစ်သား မပီသတဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကိုးကန့်၊ တအာင်းပလောင်နဲ့၊ ရခိုင် ညီနောင် တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီဟာ  စစ်ရေး၊ နိုင်ငံရေး အခြေအနေ လက်ရှိအချိန်မှာ ပိုမိုဆိုးရွားလာတာနဲ့ အမျှ စိတ်ဓာတ်ကျဆင်းပြီး စိတ်ကစဉ့်ကလျားဖြစ်ကာ လက်နက်အားကိုးနဲ့ အပြစ်မဲ့ပြည်သူလူထုကို ဦးတည် တိုက်ခိုက်တာတွေကို မြန်မာပြည်အနှံ့ နေ့စဉ်ပြုလုပ်နေပြီး စစ်သားမပီသဘဲ သရဲဘောကြောင်စွာ ဂျက်တိုက်လေယာဉ်တွေနဲ့ ညအချိန် အလစ်အငိုက်တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကို အဓိက ပြုလုပ်နေပြီး စစ်ရာဇတ်မှုကျူးလွန်တာနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တာတွေ အထင်အရှားမြင်တွေ့နေရတယ်လို့ အောက်တိုဘာ ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ အဆိုပါ ၃ ဖွဲ့ရဲ့  ဝမ်းနည်းကြောင်း သဝဏ်လွှာမှာဖော်ပြပါတယ်။ 

စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ တရက်ထက်တရက် ပိုမိုဆိုးရွားလာနေတာကြောင့် ပြည်သူတရပ်လုံး အထူးသတိထားစောင့်ကြည့်ဖို့ လိုသလို နိုင်ငံကတာကလည်း အထူးသတိထားစောင့်ကြည့် အရေးယူဆောင်ရွက်မှုတွေ အမြန်ဆောင်ရွက်ဖို့လိုတယ်လို့ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီရဲ့ မီးစတဖက် ရေမှုတ်တဖက် လှည့်ကွက်တွေကြားမှာ သွေးအေးမနေဘဲ အထူးသတိထားရမယ့် အချိန်ဖြစ်တာနဲ့ အညီ စည်းလုံးညီညွတ်စွာ လုပ်သင့်လုပ်ထုင်တဲ့ အလုပ်ကို ပြတ်ပြတ်သားသား တက်လှမ်းလုပ်ရမယ့် အချိန်ဖြစ်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့နဲ့ ကျူးလွန်ခံရသူတွေဘက်ကနေ တရားမျှတမှုရရှိရေးကို မျှော်လင့်တယ်လို့  ညီနောင်တိုင်းရင်းသားမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့  ရက္ခိုင့်တပ်တော် (AA)  တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။ 

အောက်တိုဘာ ၂၃ ရက်ညက ကေအိုင်အေ တပ်မဟာ ၉ နယ်မြေ ဖားကန့်မြို့နယ် အနန့်ပါကျေးရွာမှာ   ကေအိုင်အိုရဲ့ ၆၂ နှစ်ပြည့်နေ့အထိမ်းအမှတ်အကြိုနေ့ တေးဂီတဖျော်ဖြေပွဲကျင်းပချိန်   စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်အနုပညာရှင်တွေ၊ ကချင်ဒေသခံလူကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  ကေအိုင်အေ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင်  ပြည်သူ ၅၀ လောက် ထိခိုက်သေဆုံးပြီး စာရင်းအတိအကျကို ပြောမရသေးဘူးလို့ ကေအိုင်အို သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကို ပြောထားပါတယ်။

စစ်ကောင်စီကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး  စစ်တပ်အနေနဲ့  KIA တပ်မဟာ(၉) နယ်မြေကို လိုအပ်တဲ့ စစ်ဆင်ရေးတွေ တန်ပြန်ဆောင်ရွက်ခဲ့တာဖြစ်ပြီး သတင်းဌာနတွေမှာ ဖော်ပြတဲ့ ပြည်သူ ၅၀ ကျော်နဲ့ အနုပညာရှင်တွေ သေဆုံးခဲ့ရသတင်းဟာ ကောလာဟလသာဖြစ်တယ်လို့  ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013