DVB Logo
Home
မြန်မာသတင်း
ဖားကန့်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာစိုးရိမ်ဝမ်းနည်း၊ ကောလာဟလဟု စစ်ကောင်စီထုတ်ပြန်
DVB
·
October 25, 2022
ဖားကန့်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာစိုးရိမ်ဝမ်းနည်း၊  ကောလာဟလဟု စစ်ကောင်စီထုတ်ပြန်
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အရပ်သားပြည်သူ အများအပြား ထိခိုက် သေဆုံးခဲ့ရတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပြီး ဝမ်းနည်းရတဲ့ အကြောင်း ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ (အီးယူ) နဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာအသိုက်အဝန်းက ထုတ်ပြန်လိုက်ပြီး စစ်အာဏာရှင်အနေနဲ့ တာဝန်ယူ တာဝန်ခံရမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။  

အောက်တိုဘာ ၂၃ ရက်ည ၈ နာရီခွဲလောက်က ကေအိုင်အေ တပ်မဟာ ၉ နယ်မြေ အနန့်ပါကျေးရွာမှာ   ကေအိုင်အိုရဲ့ ၆၂ နှစ်ပြည့်နေ့အထိမ်းအမှတ်အကြိုနေ့ တေးဂီတဖျော်ဖြေပွဲကျင်းပချိန်   စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်အနုပညာရှင်တွေ၊ ကချင်ဒေသခံလူကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  ကေအိုင်အေ အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင်  ပြည်သူ ၅၀ လောက် ထိခိုက်သေဆုံးပြီး စာရင်းအတိအကျကို ပြောမရသေးဘူးလို့ ကေအိုင်အို သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကို ပြောထားပါတယ်။ 

ဖားကန့်လေကြောင်းတိုက်ခိုက်မှုနဲ့  ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ပြီး ဝမ်းနည်းတဲ့အကြောင်း ကုလသမဂ္ဂက  အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 

လက်နက်မဲ့ အရပ်သားတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အင်အားတရားလွန်သုံးပြီး မလျှော်မကန် တိုက်ခိုက်မှုဟာ လက်မခံနိုင်စရာဖြစ်ပြီး တာဝန်ရှိသူတွေ တာဝန်ခံရမယ်လို့လည်း ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ထိခိုက်သေဆုံး ဒဏ်ရာရခဲ့သူတွေရဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေကို  အလွန်အမင်းဝမ်းနည်းကြေကွဲ ရတဲ့အကြောင်း သတင်းစကားပါးလိုပြီး  ထိခိုက်ဒဏ်ရာရသူတွေအတွက် လိုအပ်တဲ့ ဆေးကုသမှုတွေ အမြန်ဆုံးပေးခွင့်ပြုဖို့လည်း  တောင်းဆိုလိုက်ပါတယ်။။ 

အဆိုပါလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သားပြည်သူတွေ ၁၀၀ လောက် ထိခိုက်သေဆုံးနိုင်ကြောင်း ကနဦးသတင်းတွေအရသိရပြီး  အသေအပျောက် အတော်လေးများနိုင်တယ်လို့ သတင်းတွေသိရကြောင်းနဲ့  ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အသေးစိတ်ကို ဆက်လက် စိစစ်နေတယ်ကြောင်း  ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ 

အလားတူ သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနဲ့  အီးယူအဖွဲ့ဝင် သံရုံးတွေဖြစ်တဲ့ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နဲ့ ဆွီဒင်တို့အပြင် နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေနဲ့ သံရုံးအကြီးအကဲတွေကလည်း ဖားကန့် လေကြောင်း တိုက်ခိုက်မှုအပေါ် သဘောထား ပူးတွဲ ကြေညာချက်ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်လူထုစုဝေးမှုတစ်ခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ လူအများအပြား အသက်ဆုံးရှုံးကြရတဲ့သတင်းကို ကြားသိရကြောင်း။ အဆင်ခြင်မဲ့တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားတွေ ထိခိုက်တာ၊ အတိဒုက္ခခံစားရတာတွေ နိုင်ငံတဝန်းဖြစ်ပေါ်နေကြောင်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းနဲ့ ဒေသတွင်းကြုံတွေ့နေရတဲ့ အကျပ်အတည်းနဲ့ မတည်ငြိမ်မှုတွေ အတွက် စစ်အာဏာရှင်အဖွဲ့အစည်းမှာ တာဝန်ရှိကြောင်းနဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားတွေကို အကာအကွယ်ပေးရမယ့် တာဝန်ဝတ္တရားကို အလေးမထားကြောင်းကို အခုတိုက်ခိုက်မှုက အထင်အရှားပြသနေတယ်လို့ နိုင်ငံပေါင်းစုံ သဘောထားကြေညာချက်မှာဖော်ပြပါတယ်။ 

စစ်ကောင်စီကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး  စစ်တပ်အနေနဲ့  KIA တပ်မဟာ(၉) နယ်မြေကို လိုအပ်တဲ့ စစ်ဆင်ရေးတွေ တန်ပြန်ဆောင်ရွက်ခဲ့တာဖြစ်ပြီး သတင်းဌာနတွေမှာ ဖော်ပြတဲ့ ပြည်သူ ၅၀ ကျော်နဲ့ အနုပညာရှင်တွေ သေဆုံးခဲ့ရသတင်းဟာ ကောလာဟလသာဖြစ်တယ်လို့  ထုတ်ပြန်ထားပါတယ်။

သေဆုံးသွားသူတွေထဲမှာ ကေအိုင်အေက တပ်မဟာမှူးအဆင့်ရှိ ရှရော်လဆိုင်း၊ ဒုတပ်မဟာမှူးအဆင့်ရှိ ဇယ်တောင်၊ တိုက်နယ်မှူးအဆင့်ရှိ ဒူကဘာ လအောင်နဲ့ သယံဇာတတိုင်းတာရေး တာဝန်ခံ ဖေရန်တို့ ပါဝင်တယ်လို့လည်းဆိုပါတယ်။

ကေအိုင်အို သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီရဲ့ အခုလို ပြည်သူတွေအပေါ်  လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဟာ ယုတ်မာတဲ့လုပ်ရပ်ဖြစ်တယ်လို့  ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာ ပြောပါတယ်။

ကေအိုင်အေအရာရှိတွေနဲ့ ရဲဘော်တွေအပြင် ပြည်သူတွေ အခုလို ထိခိုက်သေဆုံးသွားမှုဟာ စစ်အာဏာရှင်တော်လှန်ရေးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် ကချင်အလံတွေကို တိုင်တဝက်လွှင့်ထူပြီး ဂါဝရပြုဆုတောင်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013