DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူစာရင်းအတိအကျ အတည်မပြုရသေးဟု ဗိုလ်မှူးကြီးနော်ဘူပြော
DVB
·
October 24, 2022
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူစာရင်းအတိအကျ အတည်မပြုရသေးဟု ဗိုလ်မှူးကြီးနော်ဘူပြော
Donate to DVB

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် KIA တပ်မဟာ ၉ ရဲ့ ဗျူဟာမှူးတွေအပါအဝင် အရာရှိအဆင့်သူတွေနဲ့ ပြည်သူ ၅၀ နီးပါး သေဆုံးသွားခဲ့ပေမယ့် စာရင်းအတိအကျကို အခုထိ ပြောမရသေးဘူးလို့ ကေအိုင်အို သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကို ပြောပါတယ်။ 

KIO ရဲ့ ၆၂ နှစ်ပြည့်နေ့အထိမ်းအမှတ်အကြိုနေ့အနေနဲ့ KIA တပ်မဟာ ၉ အနန့်ပါကျေးရွာမှာ တေးဂီတဖျော်ဖြေပွဲပြုလုပ်နေချိန် အောက်တိုဘာ ၂၃ ရက်ည ၈ နာရီခွဲဝန်းကျင်လောက် အာဏာသိမ်းစစ်ကောင်စီရဲ့  ဂျက်လေယာဉ် ၃ စီးက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူအများအပြား ထိခိုက်သေဆုံးသွားတာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကေအိုင်အို သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှု KIA တပ်ဖွဲ့ဘက်က တပ်မဟာ ၉ ရဲ့ ဗျူဟာမှူးတွေ အရာရှိအကြီးအကဲတွေ စီးပွားရေးလုပ်ငန်းရှင်တွေ အများအပြားသေဆုံးသွားခဲ့တာကြောင့် ၂ ဖက်စစ်ရေးတင်းမာမှုတွေဟာ အခုထက်ပိုဆိုး လာနိုင်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ သေဆုံးစာရင်းကို တိတိကျကျထုတ်ပြန်နိုင်ခြင်းမရှိသေးဘဲ ဗုံးကြဲချခဲ့တဲ့နေရာမှာ အသားစတွေ ပြန့်ကြဲနေပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတောင် ပြောဖို့ခက်သလို ဒဏ်ရာရတဲ့သူတွေကိုလည်း အချိန်မီဆေးဝါးမကုသနိုင်တာကြောင့် သေဆုံးတဲ့ အရေအတွက်တွေ ထပ်မံများပြားလာတယ်လို့ ကူညီကယ်ဆယ်မှုလုပ်ပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အနန့်ပါကျေးရွာကို လူမှုကူညီကယ်ဆယ်ရေးက သူတွေ သွားရောက်ကယ်ဆယ်ဖို့ သွားပေမယ့် အဲဒီလမ်းမှာရှိတဲ့ ဒညင်းကုန်း စစ်တပ်ဂိတ်က ပေးမဖြတ်လို့ အာဏာသိမ်းစစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ပိတ်မိနေကြတယ်လို့ အဲဒီကိုသွားရောက်ကယ်ဆယ်နေတဲ့လူမှုကယ်ဆယ်ရေးပြုလုပ်ပေးနေသူတွေက ပြောပါတယ်။

စစ်ကောင်စီ လေတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်သူတွေထဲမှာ ဂီတဖျော်ဖြေပွဲကို လာရောက်ဖြေဖျော်တဲ့ ကချင် အနုပညာရှင်တွေ တေးသံရှင်တွေပါတယ်လို့ ကချင်သတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။

KIO/KIA အနေနဲ့ သေဆုံးသွားတဲ့သူတွေကို သင်္ဂြိုဟ်နိုင်ဖို့အတွက် လုပ်ဆောင်နေသလို ဒဏ်ရာရသွားတဲ့ သူတွေကိုလည်း ဆေးဝါးကုသမှုလုပ်ပေးနေပေမယ့် အရပ်သားတွေကို ကယ်ထုတ်နိုင်ရေး လုပ်ဆောင်တဲ့အခါမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ပိတ်ဆို့ထားမှုကြောင့် ပိတ်မိနေတဲ့သူတွေလည်း ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အခုလိုမျိုး အာဏာသိမ်းစစ်ကောင်စီဘက်က ပြည်သူလူထုအများအပြားရှိနေချိန် နေရာတိတိကျကျကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ သူလျိုဒလန်တွေရဲ့ သတင်းပေးပြောဆိုမှုကြောင့် ဖြစ်နိုင်တယ်လို့ သံသယရှိပေမယ့် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ပြောဆိုဖို့ခက်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

KIA အရာရှိတွေနဲ့ ရဲ့ဘော်တွေအပြင် ပြည်သူတွေ အခုလို ထိခိုက်သေဆုံးသွားမှုဟာ စစ်အာဏာရှင်တော်လှန်ရေးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့သတ်မှတ်ပြီး ကချင်အလံတွေကို တိုင်တဝက်လွှင့်ထူပြီး ဂါဝရပြုဆုတောင်းမှုတွေလည်းပြုလုပ်ခဲ့ကြပါတယ်။ 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် အမျိုးသားညီညွတ်ရေး အစိုးရကတော့  အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအတွင်း ကျဆုံးခဲ့ရတဲ့ တိုင်းရင်းသားပြည်သူတွေအတွက် များစွာဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကျဆုံးခဲ့သူ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှုပြန်လည်ရရှိရေး ပြည်တွင်းနဲ့ နိုင်ငံတကာ တရားဥပဒေနဲ့အညီ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013