DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်၏ ရာဇဝတ်မှုများ အမြန်အရေးယူနိုင်ရေး ကုလအပါအဝင် ကမ္ဘာ့ခေါင်း ဆောင်များ ပူးပေါင်းလုပ်ရန် CRPH တိုက်တွန်း
DVB
·
October 24, 2022
အကြမ်းဖက်စစ်တပ်၏ ရာဇဝတ်မှုများ အမြန်အရေးယူနိုင်ရေး ကုလအပါအဝင် ကမ္ဘာ့ခေါင်း ဆောင်များ ပူးပေါင်းလုပ်ရန် CRPH တိုက်တွန်း
Donate to DVB

ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်နဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊ ရာဇဝတ်မှုကျူးလွန်သူတွေကို အမြန်ဆုံး အရေးယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က တောင်းဆိုလိုက်ပါတယ်။ 

“KIO အထိမ်းအမှတ်နေ့” တေးဂီတ ဖျော်ဖြေပွဲကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီးတော့ သဘောထားထုတ်ပြန်ချက်မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး အဆိုပါ ဖြစ်ရပ်အတွင်း သေဆုံးခဲ့ရသူတွေ၊ မိသားစုဝင်တွေ၊ ကချင်တိုင်းရင်းသား ပြည်သူတွေနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း၊ အဲဒီလို အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်စစ်ကောင်စီက စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုတွေအပေါ်လည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အောက်တိုဘာ ၂၃ ရက် မနေ့က ည ၈ နာရီခွဲအချိန်က ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ကျင်းပနေတဲ့ “KIO အထိမ်းအမှတ်နေ့” တေးဂီတ ဖျော်ဖြေပွဲကို အကြမ်းဖက် စစ်တပ်က တိုက်ခိုက်ရေးလေယာဉ် ၃ စီးကို အသုံးပြုကာ လေကြောင်းနဲ့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာကြောင့် နာမည်ကျော် အဆိုတော်၊ အနုပညာရှင်တွေအပါအဝင် ကချင်တိုင်းရင်းသားပြည်သူအယောက် ၅၀ ထက်မနည်း သေဆုံးခဲ့ကာ ထိခိုက်ဒဏ် ရာရရှိခဲ့သူ အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။

လူသတ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ဒီမိုကရေစီအ‌ရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊  အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်သူတွေနဲ့ တိုင်းရင်းသားအင်အားစု တွေအပေါ် ခြိမ်းခြောက်အကျပ်ကိုင်ပြီး သတ်ဖြတ် တိုက်ခိုက်နေတဲ့အပြင် အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတယ်ဆိုတာကို ဒီဖြစ်ရပ်တွေက သက်သေခံနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့မှု နောက်ပိုင်းမှာ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာလည်း အကြမ်းဖက် စစ်ကောင်စီက လေကြောင်း အင်အားသုံးပြီးတော့ တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တဲ့နည်းတူ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ ကျေးရွာနေ ပြည်သူတွေကို မဟုတ်မမှန် စွပ်စွဲဖမ်းဆီးတာ၊ လူမဆန်စွာ သတ်ဖြတ်တာမျိုးတွေလို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်တိုက် ကျူးလွန်လုပ်ဆောင်လာနေခဲ့တာပါ။။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေအပေါ် အကာအကွယ်ပေးဖို့ တာဝန် ပျက်ကွက်မှုနဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက် လူသတ်စစ်တပ်အပေါ် အရေးယူဖို့ ပျက်ကွက်နေမှုတွေကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေဟာ ရက်စက်တဲ့ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုတွေကို နေ့စဉ်ကြုံတွေ့ရင်ဆိုင်နေရတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ 

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၃၈၀ နီးပါးနဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆၀၀၀ နီးပါးထိရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းမှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၁ ဒသမ ၄ သန်းကျော် ရှိလာခဲ့ပြီဖြစ်ကာ အဲဒီအထဲကမှ လူဦးရေ ၁ သန်းကျော်ဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နောက်ဆုံးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013