DVB Logo
Home
မြန်မာသတင်း
အမည်ပျက်စာရင်းသွင်းရခံမှု တိုင်းပြည်အသက်သွေးကြော ဖျက်ဆီးခံရခြင်းဖြစ်ဟု စီးပွားရေး သုတေသီများ သုံးသပ်
DVB
·
October 24, 2022
အမည်ပျက်စာရင်းသွင်းရခံမှု တိုင်းပြည်အသက်သွေးကြော ဖျက်ဆီးခံရခြင်းဖြစ်ဟု စီးပွားရေး သုတေသီများ သုံးသပ်
Donate to DVB

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းတင်သွင်းလိုက်တာဟာ တိုင်းပြည်ရဲ့ အသက်သွေးကြောကို ဖျက်လိုက်တာနဲ့ အတူတူပဲလို့ စီးပွားရေးသုတေသီတွေက သုံးသပ်ပြောပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ မှ ၂၁ ရက်အထိ ပြုလုပ်ခဲ့တဲ့ FATF အစည်းအဝေးကို ကမ္ဘာတဝန်းရှိ အဖွဲ့ဝင်နိုင်ငံတွေမှ ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ ဥက္ကဋ္ဌဖြစ်သူ စင်ကာပူနိုင်ငံမှ  ဒါရိုက်တာ ရာဂျာကူးမားက မြန်မာနိုင်ငံအား အမည်ပျက်စာရင်းထဲ တင်သွင်း လိုက်ကြောင်း ကြေညာလိုက်တာပါ။

အကြောင်းရင်းက မြန်မာနိုင်ငံအနေနဲ့ သတ်မှတ်စောင့်ကြည့်ကာလအတွင်းမှာ တနှစ်ကျော်လာတဲ့အထိ ကတိပြုထားတဲ့အတိုင်း အဓိက လုပ်ဆောင်ရမယ့် တရားမဝင် ငွေကြေးစီးဆင်းမှုကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိတာကြောင့် အခုလို ထည့်သွင်းလိုက်တာလို့ ဆိုပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောကို ဖျက်လိုက်တာနဲ့ အတူတူပဲလို့ စီးပွားရေးသုတေသီတွေက ထောက်ပြထားပါတယ်။

စီးပွားရေးပညာရှင်တဦးက “အခုဆိုရင် နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ကိုင်တဲ့နေရာမှာ အကုန် ခက်ခဲသွားပြီ။ ပထမတချက်က ပြည်တွင်းက လူတွေ ပို့ကုန်သမားပဲဖြစ်ဖြစ် သွင်းကုန်သမားပဲဖြစ်ဖြစ် အကုန် အခက်အခဲရှိသွားပြီ။ ဒုတိယအချက်က  မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့သူတွေ သူတို့အတွက်ကလည်း ငွေပေးငွေယူကိစ္စတွေမှာ အခက်အခဲ ရှိစေတာကြောင့် သူတို့လာဖို့ဆိုတာ အတော်ခက်သွားပြီ။ ဒါက မြန်မာပြည် စီးပွားရေးကို တိုက်ရိုက်ထိတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ဘဏ္ဍာရေးနဲ့ ငွေရေးကြေးရေး ဆိုတာက တိုင်းပြည်ရဲ့ အသက်သွေးကြောပဲလေ။ ဒီအသက်သွေးကြောကို ဖျက်လိုက်တယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးက နာလန်ထူဖို့ မလွယ်တော့ဘူး။ အဲဒါကို သူတို့ ဘယ်လို ဖြေရှင်းမလဲ။ ဒါက လွယ်ကူတဲ့ လုပ်ငန်းစဉ်မဟုတ်ဘူး။ ဥပမာဗျာ Banking sector ဆိုရင် နိုင်ငံခြားနဲ့ မပြောနဲ့။ ပြည်တွင်းမှာ ကိုယ့်ဘာသာ စုဆောင်းထားတဲ့ဟာကို အပြည့်အဝ ပြန်ထုတ်လို့ မရသေးတဲ့ အခြေအနေလေ။ ဒီလို အခြေအနေကိုတောင် မကျော်လွှားနိုင်သေးတာ။ နိုင်ငံခြားနဲ့ အပေးအယူဆိုရင် ပိုတောင် ဆိုးဝါးဦးမယ်။ ဒါက တိုင်းပြည်ပုံရိပ်ကို ကျစေတယ်။ ကျတဲ့အတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ကုန်သွယ်မှု ဒီကဏ္ဍတွေ အကုန်ထိမှာပဲ။ အထူးသဖြင့် ပြည်တွင်း လုပ်ငန်းရှင်တွေ ပိုထိမှာ မြင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က မြန်မာနိုင်ငံအနေနဲ့ ယခင်ကလည်း အလားတူစာရင်းထဲ ၂၀၁၁ ခုနှစ် ဇွန်မှ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီအထိ ရောက်ရှိခဲ့ပြီး ပြန်လည်လွတ်မြောက်အောင်ဆောင်ရွက်ခဲ့တဲ့ ယခင်အတွေ့ အကြုံတွေအရ ယင်းစာရင်းမှ ပြန်လည်လွတ်မြောက်စေဖို့ စီမံဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် လက်ရှိ အကျပ်အတည်းကို တနှစ်အတွင်း ကျော်လွှားနိုင်မယ်လို့ ကြွားလုံးထုတ်ထားတဲ့အပေါ် သုတေသန သမားတဦးက အခုလို မှတ်ချက်ပေးပါတယ်။

“ကျနော်တို့တိုင်းပြည်ရဲ့ ပုံရိပ်က စစ်အစိုးရ (နဝတ၊နအဖ) ခေတ်မှာ အများကြီး ကျဆင်းသွားခဲ့ရပြီးပြီ။ အဲဒီလို ကျဆင်းသွားခဲ့လို့ပဲ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တော်တော်လေး ပြန်လုပ်ခဲ့ရတယ်။ အဲ့ဒါကို ကျနော်တို့ချည်းပဲ လုပ်ယူလို့ ရခဲ့တာ မဟုတ်ဘူး။ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ IMF ၊ World Bank နဲ့ ADB တို့ရဲ့ နည်းပညာတွေ  ငွေရေးကြေးရေး အကူအညီတွေနဲ့ လုပ်ခဲ့ကြရတာ။ ဒါကိုလည်း ကိုယ်တယောက်တည်း ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး။ ဖြေရှင်းဖို့အတွက်လည်း လုံလောက်တဲ့ အင်အား မရှိဘူး။ ဆိုတော့ အခုလိုအချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးကလည်း ကျနော်တို့ နိုင်ငံကို ကူညီဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အခြေအနေမှာ သူတို့က ဘယ်လို နည်းလမ်းနဲ့ ဖြေရှင်းမှာမို့လို့ တနှစ်အတွင်းမှာ အမည်ပျက်စာရင်းကနေ ကင်းလွတ်အောင် လုပ်နိုင်မှာလဲဗျာ။ ကျနော့်အမြင်ကတော့ ဒီလောက်နဲ့ မလွယ်ဘူး။ အနည်းဆုံး ၃ နှစ် ၄ နှစ် လောက်အချိန်ယူရလိမ့်မယ်။ ဒါတောင် ကျနော် ပြောတာက ပုံမှန်အခြေအနေကို ပြောတာနော်။ အခုဟာက ပုံမှန်အခြေအနေမဟုတ်ဘူး။ သိတဲ့အတိုင်း ကျနော်တို့ဆီမှာ banking sector နဲ့ financial institution အကုန်လုံးက ပျက်နေတာ။ ဒီဟာတွေကို ပြန်လည် တည်ဆောင်ဖို့က မလွယ်ဘူး။ ဆိုတော့ ဒီကိစ္စတွေက အပြောလွယ်တယ်။ အလုပ်ခက်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့(FATF) ကို ၁၉၈၉ ခုနှစ်က ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ G-7 ထိပ်သီး အစည်းအဝေးမှာ ငွေကြေးခဝါချမှု၊ အကြမ်းဖက်လုပ်ငန်းတွေအတွက် ငွေကြေးရှာဖွေသုံးစွဲမှု အစရှိတဲ့ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို ခြိမ်းခြောက်လာနိုင်တဲ့ မသမာမှုတွေကို တိုက်ဖျက်ဖို့ ရည်ရွယ်ပြီး စတင်ဖွဲ့စည်းခဲ့တာပါ။ အဆိုပါအဖွဲ့က ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစနစ်ရဲ့ အပယ်ခံနိုင်ငံတွေအနေနဲ့ မြန်မာ အပါအဝင် မြောက်ကိုရီးယားနဲ့ အီရန် သုံးနိုင်ငံကို အမည်ပျက်စာရင်းထဲ ထည့်သွင်းသတ်မှတ်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013