DVB Logo
Home
Lead Story
အမည်ပျက်စာရင်းနဲ့ မြန်မာပြည် စစ်ရေးစစ်ရာ
DVB
·
October 24, 2022
အမည်ပျက်စာရင်းနဲ့ မြန်မာပြည် စစ်ရေးစစ်ရာ
Donate to DVB

အခုတလော လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နေရာယူနေတာကတော့ ကော့ကရိတ် စစ်စမ်းပွဲနဲ့ မြန်မာနိုင်ငံကို အမည်ပျက်စာရင်းအသွင်းခံရတဲ့ ကိစ္စတို့ပါပဲ။ နှစ်ခုစလုံးက ရှေ့ဆင့်နောက်ဆင့် တနေ့တည်း ဖြစ်လာတာလို့တောင် ဆိုနိုင်ပါတယ်။ ကော့ကရိတ် စစ်စမ်းပွဲက အရင်ပေါ့။ 

ကော့ကရိတ်စစ်စမ်းပွဲကိုကြည့်ရင် ကော်သူးလေဒေသအတွက်တော့ အဲဒီနေရာဒေသဟာ ပထဝီဝင်နိုင်ငံရေးအရ အလွန်ဗျူဟာကျတဲ့ဒေသလို့ ဆိုရမယ် ထင်ပါတယ်။ ခါးဖြတ်စစ်စမ်းလိုက်တဲ့ သဘောပဲ။ ကော့ကရိတ်ကနေ ခါးကိုဖြတ်လိုက်တာနဲ့ မြဝတီကိုပါ ထိန်းချုပ်ဖို့ ဖြစ်လာနိုင်ပေတာပဲ။ နာမည်ပျက်နေတဲ့ ကမ္ဘာကျော် ရွှေကုက္ကို လောင်းကစား မူးယစ်နယ်မြေတို့လည်း ဆက်စပ်နေတာပေါ့။ ညနေပိုင်းရောက်တော့ စစ်စမ်းပွဲက ပြီးသွားပြီ။

အောက်တိုဘာ ၂၁ ရက်နေ့မြန်မာစံတော်ချိန် ည ၉ နာရီရောက်တော့ မြန်မာနိုင်ငံကို FATF က ဘဏ္ဏာရေးဆိုင်ရ ာအမည်ပျက်စာရင်းသွင်းလိုက်ကြောင်း ကြေညာတဲ့ သတင်းတွေ တက်လာတယ်။ အဓိကကတော့ နယ်ခြားဒေသတွေမှာရှိတဲ့ ကာစီနိုလောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကြောင့်လို့ ဆိုတယ်။ ဒီပွဲကို တက်ရောက်ခဲ့သူတွေထဲမှာ ကမ္ဘာ့ဘဏ်နဲ့ အင်တာပို နိုင်ငံတကာရဲတပ်ဖွဲ့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ကိုယ်စားလှယ်တော်တွေ တက်ရောက်ခဲ့ကြပြီး မြန်မာ့ကိုယ်စားလှယ်အဖြစ် စစ်ကောင်စီခန့် ဗဟိုဘဏ်နဲ့ ပြည်ထဲရေးအဆင့်မြင့်အရာရှိကြီးတွေပါ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အာဏာလုစစ်အုပ်စုအတွက်ကတော့ စစ်ရေးထိုးစစ်နဲ့ စီးပွားရေးထိုးစစ်ကို တနေ့တည်း တပြိုင်တည်း အထိုးခံလိုက်ရသလိုပါပဲ။ စီးပွားရေးအရ မြန်မာငွေကြေးဈေးကွက်ဟာ ကမောက်ကမ ဖြစ်သွားတယ်။ ငွေဈေးနှုန်းတွေ မတည်မငြိမ် ဖြစ်သွားတယ်။ ဒေါ်လာဈေး အဆမတန်မြင့်တက်သွားတယ်။ ဘတ်ဈေးမငြိမ်တာကြောင့် နယ်စပ်ကုန် သွယ်ရေးလည်း ဆိုင်းငံ့နေတာ တွေ့ရတယ်။

တကယ်တော့ နိုင်ငံခြားငွေလဲလှယ်ရေးမှာ ယေဘုယျအားဖြင့် စနစ် နှစ်ရပ်ရှိတာ။ အခုက အဲဒီစနစ်နှစ်ရပ်လုံးက လက်လှမ်းမမီလောက်အောင်ဖြစ်နေတာပဲ။ ပုံသေနှုန်းစနစ်(Fix Exchange Rate System)ကလည်း စတင်ပြဋ္ဌာန်းလိုက်ကတည်းက ပျက်ယွင်းနေတာ။ ဘာလို့လဲဆိုတော့ ပုံသေနှုန်းကိုထိန်းညှိဖို့ ဗဟိုဘဏ်မှာကလည်း လိုအပ်တဲ့ငွေပမာဏကလည်း မရှိ။ တခါ Floating Exchange Rate System လုပ်ပြီး အပြင်ပေါက်ဈေးအတိုင်း မျှောချဖို့ကလည်း သေနတ်ပစ်တတ်တာကလွဲပြီး ဘာမှမလုပ်တတ်တော့ အခက်သားကလား။ စစ်အုပ်စုကချပေးတဲ့ ပုံသေငွေလဲနှုန်းက သတ်သတ်။ အပြင်မှာက Floating Exchange Rate သာမက လှိုင်းကြီး လေထန် လဲလှယ်နှုန်းဖြစ်နေပေါ့။ တကယ့် ကြိုက်ရောင်း ကြိုက်ဝယ်ဈေးကွက်ကြီး။

ဗဟိုဘဏ်မှာ အရန်ငွေမလုံလောက်တော့ လုပ်ငန်းရှင်တွေထံက ရသလောက်ညှစ်ကြည့်ပေမဲ့ လုံလောက်တဲ့ အတိုင်းအတာကလည်းမရ။ နိုင်ငံတကာကို အလုပ်လုပ်ပြီး ကျွန်ခံနေရတဲ့ အလုပ်သမားတွေဆီကတောင် ရသလောက် ညှစ်ထုတ်နေရတဲ့ အခြေအနေ။ မကြာခင်ကပဲ သင်္ဘောသားတွေကို ထပ်ပြီးညှစ်တဲ့အမိန့်တွေ ထုတ်ပြန်လိုက်တာကို တွေ့လိုက်ရသေးတယ်။ NUG တို့လို ‘ဘွန်း’ထုတ်ရောင်းဖို့ ဆိုတာကလည်း အာဏာလုစစ်အုပ်စုကို ဘယ်သူကမှ မယုံသလို နိုင်ငံတကာကလည်း အသိမှတ်မပြုဆိုတော့ နစကအဖို့ ‘သဲနဲ့ဆောက်တဲ့ရဲတိုက် မိုးလေသင့်တာနဲ့ ပြိုကျဖို့အသင့် ဖြစ်နေသလို ပါပဲ။

နိုင်ငံတော်ဝင်ငွေကြည့်တော့လည်း ဘာမှမရှိ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ဝင်မလာ၊  တွင်းထွက်သတ္တု၊ ကျောက်မျက်နဲ့ သဘာဝဓာတ်ငွေ့လောက်ပဲရှိတာ။ ကျောက်မျက်ဆိုရင် ပိုင်ရှင်ကို ဖမ်းဆီးထောင်ချပြီး အပိုင်သိမ်းထားတဲ့ အရည်သွေးကောင်းတွေကို ဓားပြတိုက်အနုကြမ်းစီးပြီး ရောင်းစားရတဲ့ အခြေအနေရောက်နေတာကို ကျောက်မျက်လောကသားတွေအသိ။ ဝင်ငွေနဲ့ အသုံး စရိတ်တွက်ကြည့်တော့လည်း မနိုင်တဲ့စစ်ကို အမိုက်ခံဆင်နွှဲနေတဲ့ ကုန်ကျစရိတ်ကို မကာမိတော့ လိုငွေပြပြီပေါ့။ လိုငွေပြတော့ ‘အရင်အစိုးရကတည်းက လိုငွေပြနေတာ’ဆိုပြီး သူများမျက်ချေး လက်ညှိုးထိုးပြလားပြရဲ့။ ကိုယ့်မှာက မျက်ချေးပိတ်နေရုံမက မျက်စေ့တောင် စွန်နေတာကိ မသိလေရော့သလား။ အဲ့လောက်ကျဆင်းနေတဲ့ကြားထဲက အမည်ပျက်စာရင်း ကြေညာခံလိုက်ရပြီဆိုတော့ နစကအတွက် ရပ်စရာနေရာပျောက်တော့မယ်ထင်ပါရဲ့။ အချိန်မီ ဘက်ကူးထားဖို့တော့လိုလိမ့်မယ်။

ဒီကြားထဲ စစ်ရေးအခြေအနေကြည့်ပြန်တော့လည်း ကော့ကရိတ် စစ်စမ်းပွဲဟာ စစ်အာဏာရှင်ဆန့်ကျင်သူ မြန်မာပြည်သူတွေသာမက စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ် ကျေးကျွန်စစ်သားတွေလည်း တုန်လှုပ်ထိတ်လန့်သွားခဲ့ကြတယ်။ “စိတ်ဓာတ်တွေ ချေးတွင်းအဆုံးထိ ကျဆင်းသွားတယ်”လို့ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ တပ်မတော်သား အရာရှိတဦးက ညည်းတွားပြောဆိုသံကို ကြားလိုက်ရတယ်။

သူ့အပြောအရကတော့… တကယ်တော့ ကော့ကရိတ်နယ်ဟာ ကရင်ပြည်နယ်ရဲ့ ကုန်သွယ်ရေးလမ်းအရ ခါးဖြတ်လိုက်တဲ့သဘောပဲ။ ဒီနယ်မြေကနေ မြဝတီသာမက ဘားအံအထိ လက်လှမ်းမီတယ်။ ဘီလင်း၊ ကျိုက်ထို၊ သထုံတို့ကိုဖြတ်ထားနိုင်ရင် ဘားအံကို ဝိုင်းပြီးသားပဲလေ။  တခုပဲ မော်လမြိုင် ကျိုက်မရောလမ်းပိုင်းပါ ပိတ်ဆို့လိုက်ရင် ပြီးသွားပြီ။ ထိုင်းနဲ့မှောင်ခိုလမ်းကြောင်း ၂၀၀ လောက်ရှိတယ်ဆိုပေမဲ့ မြဝတီနဲ့ ဘုရားသုံးဆူက အဓိကကျတယ်။ အမည်ပျက်စာရင်းသွင်းခံထားရလို့  တရားဝင်ကုန်သွယ်ရေးရပ်ဆိုင်းရမှာဆိုတော့ တရားမဝင်မှောင်ခိုလမ်းကြောင်းပဲရှိတာလေ။ ဒီလမ်းပိတ်တာနဲ့ နစကနဲ့ တရားမဝင်ကုန်သွယ်ရေးက ပိုခက်သွားပြီပေါ့ဗျာ။ ဒါပေမဲ့ ကော်သူးလေနယ်နဲ့ ထိုင်းကုန်သွယ်ရေးကရှိနေမှာ။  တရုတ်နဲ့ အိန္ဒိယပဲ အားကိုစရာရှိတယ်။ ဒါကြောင့် စစ်ကိုင်းကိုဖိတိုက်နေတယ်ထင်တယ်”လို့ဆိုပါတယ်။ ဒါကသူ့အ မြင်ကို ပြောသွားတာပါ။

မိတ်ဆွေတပ်မတော်အရာရှိပြောသွားတဲ့ သဘောအရကတော့ စစ်တပ်က စစ်ကိုင်းကို အိန္ဒိယလမ်းကြောင်းဖွင့်ဖို့နဲ့ ရွေးကောက်ပွဲမှာ မြေပြန့်ဒေသတွေ ပါဝင်နိုင်ရေးအတွက် လုပ်ဆောင်နေတာလို့ ယူဆရပါတယ်။ ချင်းနဲ့ ရခိုင်ဒေသတွေကတော့ အိန္ဒိယလမ်းဖွင့်ဖို့ မလွယ်ပေဘူးပေါ့။ မိုးရေး တမူးလမ်းအတွက်က စစ်ကိုင်းက အဓိကလမ်းကြောင်းတခု ဖြစ်နေတယ်။ ရွေးကောက်ပွဲမှာလည်း တိုင်းရင်းသားဒေသတွေထက် မြေပြန့်ဒေသတွေကိုအခြေခံပြီး ဗမာမဲဆန္ဒ နယ်လောက်ပဲ ရည်မှန်းထားဟန်ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နာမည်ပျက်စာရင်း ကြေညာလိုက်တာဟာ အာဏာလုစစ်အုပ်စုနဲ့ အပေါင်းပါခရိုနီတွေသာမက အတိုက်အခံတော်လှန်ရေးအဖွဲ့တွေလည်း ထိသင့်သလောက်တော့ထိမှာပဲ။  မြန်မာနိုင်ငံသားမှန်ရင် ဒီကပ်ကိုတော့ ရှောင်လို့တော့မရနိုင်ဘူး။ ပြည်တွင်းက ဆင်းရဲသားတွေလည်း ထိမှာပဲ။ စစ်တပ်တခုတည်းထိတာတော့မဟုတ်ပေဘူး။ ဒါပေမဲ့ သေချာတာကတော့ တနိုင်ငံလုံးအတိုင်းအတာအရ အာဏာလုစစ်အုပ်စုမှာ တာဝန်အရှိဆုံးဖြစ်တာကြောင့် ဒီဒဏ်ကို အခံရဆုံးက သူတို့ပဲ ဖြစ်မှာပဲ။ 

တရားဝင်ကုန်သွယ်ရေးကတော့ ရပ်ဆိုင်းသွားမှာအသေအချာပါ။ ဒီတော့တရားမဝင် Black Market မှောင်ခိုဈေးကွက်တွေ တကျော့ပြန်ခေတ်စားလာလိမ့်ဦးမယ်။ မဆလလက်ထက်ကလည်း မှောင်ခိုဈေးကွက်ကိုပဲ အားထားခဲ့ရတာဆိုပေမဲ့ ဆိုရှယ်လစ်တခေတ်မှာ မြန်မာပြည်လည်းမွဲပြာကျသွားခဲ့တာပဲလေ။ ပိုဆိုးတာက ဒီနေ့ဟာ မဆလခေတ်မဟုတ်တော့ဘူး။ အခြေနေအားလုံး ကွဲပြားသွားပြီ။ ဆက်သွယ်ရေး၊ နည်းပညာ၊ နိုင်ငံရေးကအစမတူ ကွဲပြားသွားပြီ။ KNUနယ်မြေကို ဖြတ်သန်းဖို့ဆိုရင် ကော်သူးလေနယ်က  KNU အပိုင်အုပ်ချုပ်ရေးနယ် ဖြစ်သွားတာတာနဲ့ မြေပြန့်ဒေသဟာ တဆင့်ခံ မှောင်ခိုဈေးနဲ့ မလွဲမသွေကြုံကြရမှာပါ။ 

ပြည်သူအတွက်လည်းခက်ခဲလာနိုင်တယ်ဆိုပေမဲ့ သန်းခေါင်ထက်တော့ညဉ့်မနက်တော့ပါဘူး။ စစ်အာဏာရှင်သာ အမြစ်ပြတ်မယ်ဆိုရင်။ ဒီဒဏ်ကို ခါးကော့ခံနိုင်ပါတယ်လိ့ လူထုထံက နာနာကျင်ကျင်အသံတွေလည်းထွက်ပေါ်လာတယ်။ အာဏာလုစစ်အာဏာရှင်တို့ အခြေအနေက ‘တဲလေးမခိုင့်တခိုင် လေတိုးတာနဲ့ယိုင်’တော့မှာမို့ တော်လှန်ရေးအင်အားစုတွေရဲ့ တူညီလက်တွဲလို့ တပြိုင်တည်း စိန်ခေါ်တိုက်ပွဲဝင်လိုက်တာနဲ့ လွတ်မြောက်နယ်မြေ အမြောက်အမြားထွက်ပေါ်လာလိမ့်မယ်လို့ ထင်မြင်မိကြောင်းပါခင်ဗျား။

ဂန္ထဝင်မောင်တူး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013