DVB Logo
Home
မြန်မာသတင်း
အာရှလမ်းပေါ် ဖြတ်သန်းသွားလာခွင့် မပြုသေးဟု KNLA စစ်ကြောင်းမှူး ပြော
DVB
·
October 23, 2022
အာရှလမ်းပေါ်  ဖြတ်သန်းသွားလာခွင့် မပြုသေးဟု KNLA စစ်ကြောင်းမှူး ပြော
Donate to DVB

နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကော့ကရိတ်-မြဝတီ(အာရှ) လမ်းပေါ် ခရီးသည်ယာဉ်တွေနဲ့ ကုန်စည်ယာဉ်တွေ ဖြတ်သန်းသွားလာတာတွေ ရှိနေပေမယ့် KNLA ပူးပေါင်းတပ်ဖွဲ့တွေဘက်က ဖွင့်လှစ်ပေးထားတာမရှိသေးဘူးလို့ KNLA စစ်ကြောင်းမှူး တဦးက ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်ကစပြီး ကော့ကရိတ်- မြ၀တီ(အာရှ)လမ်း၊ တောနောရေတံခွန်အနီးမှာ စစ်ကောင်စီတပ်၊ နယ်ခြားစောင်(BGF)ပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ရာက အောက်တိုဘာ ၂၁ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေကြောင့် ကော့ကရိတ်-မြဝတီ(အာရှ) လမ်းကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ အတွက် ခရီးသည်ယာဉ်တွေ၊ ကုန်စည်ယာဉ်တွေဟာ နီးစပ်ရာနေရာတွေမှာ ရပ်နားထားရသလို ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုတွေပါ ယာယီရပ်ဆိုင်းထားရပါတယ်။

လတ်တလောမှာလမ်း ကော့ကရိတ်မြို့အနီးတဝိုက်နဲ့ ကော့ကရိတ်-မြဝတီ(အာရှ)လမ်းအနီး စစ်ကောင်စီပူးပေါင်းတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

KNLA စစ်ကြောင်းမှူး တဦးက “လောလောဆယ်တော့ အတိအကျပြောလို့ မရသေးဘူး။ ဖွင့်တယ် ပြောလိုက်လို့ ပြည်သူတွေကသွားလိုက်လို့ အန္တရာယ်ဖြစ်မှာလည်း စိုးရိမ်တယ်။ အဲဒါကြောင့်မို့ပါ။ ကျနော်တို့ဘက်ကတော့ အဓိကက အခြေအနေအတိကျပြောပြလို့ မရသေးဘူး” လို့ ပြောပါတယ်။

ကော့ကရိတ်မြို့ခံ ယာဉ်မောင်တဦးက “လမ်းကို ဖွင်ပေးတယ်ဆိုတာ အရပ်စကားနဲ့ပြောတာ။ တော်လှန်းရေး(PDF)တွေဘက်ကတော့ ဖွင့်ပေးတာမဟုတ်ဘူး။ ပိတ်ထားတာကြာခဲ့ပြီ။ သွားရဲ ရင်သွားကြပေါ့။ စစ်ကောင်စီဘက်ကတော့ ဖွင့်ပေးတာ ၂ ရက်ရှိပြီ။ မနက်ဖြန် တရက် ကျန်သေးတယ် ပြောတယ်” လို့ ဆိုပါတယ်။

အောက်တို့ဘာ ၂၁ ရက် မနက်ပိုင်းကစတင်ပြီး ကော့ကရိတ်မြို့ကိုထိန်းချုပ်နိုင်ဖို့ KNLA ပူးပေါင်းတပ်တွေက ကော့ကရိတ်-မြဝတီလမ်းဟောင်း အမှတ် ၃ ဂိတ်နေရာကနေစတင်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ရုံးစိုက်ရာအနီးတဝိုက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စကခ ၁၂ လှိုင်ဝအမြောက်ကုန်းနဲ့ ခလရ ၉၇ တပ်တွင်းကနေ ကော့ကရိတ်မြို့၊ အမှတ် ၁ ရပ်ကွက်(ထန်းပင်ကုန်း)၊ အမှတ် ၇ ရပ်ကွက်(တံတားဦး)၊ ကွက်သစ်နေရာတွေကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်သလို လေကြောင်းလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေကြောင့် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၁၇ ယောက် ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့ထံကနေ သိရပြီး စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၁၀ ယောက် ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

ကော့ကရိတ်မြို့တွင်း တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် ထပ်မံတိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ရပ်ကွက်နေပြည်သူတွေဟာ ဒီကနေ့အထိ ဘားအံမြို့နဲ့ မော်လမြိုင်မြို့ကို ရွှေ့ပြောင်းသွားသူတွေ၊ နီးစပ်ရာ ဆွေမျိုးတွေရှိရာကို ရွှေ့ပြောင်းနေကြဆဲလို   ရပ်ကွက်နေပြည်သူတဦးက ပြောပါတယ်။

ဒါအပြင် ကော့ကရိတ်မြို့နယ်၊ တောင်ကြားအင်းကျေးရွာဘက်မှာ စစ်ကောင်စီရဲ့ ပူးပေါင်းတပ် တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ ရေပူကျေးရွာအုပ်စု၊ ကိုးတိုင်ကျေးရွာနဲ့ လောင်ကိုင်းကျေးရွာသွား ကားလမ်းတလျှောက်နဲ့ ကျုံဒိုးမြို့သွား ကားလမ်းတလျှောက်  နေရာယူပိတ်ဆို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013