
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ အာရှလမ်းကို ပြန်ဖွင့်လိုက်တာ ၆ လနီးပါး ရှိပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီလမ်းကနေ ဝင်လာတဲ့ လူသုံးကုန်နဲ့ စားသောက်ကုန်တွေကို စစ်အာဏာရှင်အစိုးရက စစ်ဆေးဖမ်းဆီးတာတွေ တင်းကျပ်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်က ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ အာရှလမ်းကို စစ်အာဏာရှင်အစိုးရက ပြန်ဖွင့်ပေးခဲ့ပါတယ်။
အာရှလမ်းဖွင့်ပြီးနောက် နယ်စပ်ကုန်သွယ်ရေး အဆင်ပြေပြီး ကုန်ဈေးနှုန်းတွေ ကျလာမယ်လို့ ပြည်သူတွေက မျှော်လင့်နေကြပေမဲ့ လက်တွေ့မှာတော့ ထိုင်းကုန်ပစ္စည်းတွေ ပြည်တွင်းကို သယ်ယူခွင့် စစ်အာဏာရှင်တပ်က ကန့်သတ်ထားတဲ့အတွက် ကုန်ဈေးနှုန်းတွေ ကျဆင်းလာခြင်း မရှိသေးပါဘူး။
အာရှလမ်းပေါ်မှာတော့ ခရီးသည်တင်ကားတွေသာ ဖြတ်သန်းခွင့်ပြုပြီး ခရီးသည်တွေရဲ့ တနိုင်တပိုင် ကုန်စည်တချို့သာ ပေးသယ်ပါတယ်။ အဲဒါကလည်း အချိန်တိုင်းတော့ မဟုတ်ပါဘူး။ တချို့ အချိန် တွေမှာတော့ စစ်အာဏာရှင်တပ်က အာရှလမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေ ချထားပြီး ကုန်ပစ္စည်းတွေကို ဖွင့်ဖောက် စစ်ဆေးကာ သူတို့ ကန့်သတ်ထားတဲ့ ပစ္စည်းတွေကို သိမ်းယူတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ ကားသမားတွေက ပြောပါတယ်။
တနိုင်တပိုင် သယ်တဲ့ကုန်ပစ္စည်းတွေကိုတော့ မရမ်းချောင်ဂိတ်မရောက်ခင် ကျိုက်ထိုအထိပဲ သယ်ခွင့်ရပြီး ပဲခူး၊ ရန်ကုန် စတဲ့ မြို့နယ်တွေဘက်ကို သယ်ယူဖို့ ခက်ခဲတဲ့အကြောင်း မြဝတီ-ရန်ကုန် ခရီးသည်တင်ကားမောင်းသူ တယောက်က ပြောပါတယ်။
“အခုက ပို့တော့ပို့တယ် နည်းနည်းပါးပါးပေါ့၊ မြင်းကျားအိတ် အကြီးတအိတ်ရတယ် (ပီနံအိတ်)၊ သူတို့ကတော့ ဘာမှပေးမသယ်ဘူး၊ နည်းနည်းပါးပါးတော့ ခရီးသည်တွေက ယူလို့ရတာပေါ့။ အလှကုန်တို့ အချိုမှုန့်တို့ ဆပ်ပြာမှုန့်တို့ကတော့ ပေးမသယ်ဘူးလေ၊ နည်းနည်းပါးပါးဆို ရတာပေါ့၊ အများကြီးတော့ မရဘူး။ အချိုမှုန့်တွေ ဘာတွေတော့ နည်းနည်း သူတို့ယူတယ်။ ပျောက်တာတွေ ကြားဖူးတယ်။ ကားသမားတွေကျတော့ နည်းနည်း သူတို့ကို ပိုက်ဆံပေးရတာပေါ့။ ပြီးတော့ ခရီးသည်ပစ္စည်းဆိုပြီး လိမ်ခိုင်းပြီး ယူသွားရတာ။ ယူသွားတာက ကျိုက်ထိုတို့ ဘားအံတို့လောက်ဆို မြန်တယ်လေ၊ ဘားအံလမ်းက အစစ်အဆေး သိပ်မရှိဘူးလေ၊ ပဲခူးတို့ ရန်ကုန်တို့ဆို ကြာတယ်။”
ဒီလိုသယ်ယူမှုတွေကြောင့် မြဝတီကနေ ကျိုက်ထိုမြို့အထိတော့ အတိုင်းအတာတခုထိ ထိုင်းကုန်စည်တွေ သယ်ယူနိုင်ပြီး ကျိုက်ထိုကနေ ရန်ကုန်ကို သယ်ယူဖို့တော့ အစစ်အဆေး တင်းကျပ်တယ်လို့ ကားသမားတွေက ပြောပါတယ်။
ကုန်စည်သီးသန့် အမြောက်အမြား သယ်ယူချင်ရင်တော့ မြဝတီ-ဘားအံ လမ်းဟောင်းဖြစ်တဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ လမ်းကနေ သယ်ယူကြရပါတယ်။ အဲဒါကလည်း ကျိုက်ထို အထိပဲ သယ်ဆောင်ရ အဆင်ပြေပါတယ်။
ရန်ကုန်ကို ဆက်သယ်ဖို့အတွက်တော့ ကျိုက်ထိုမြို့နယ်အထွက်က မရမ်းချောင်ဂိတ်နဲ့ ဝေါမြို့နယ် အဝင် ညောင်ခါးရှည်ဂိတ်တွေမှာတော့ ကုန်ကားတွေအပြင် အုတ်သဲကျောက်သယ်တဲ့ ကားတွေ ကိုပါ အသေးစိတ် စစ်ဆေးနေတာကြောင့် ကားတွေဟာ ဂိတ်ကိုဖြတ်ဖို့ ၂ ရက် ၃ ရက်ကြာ တန်းစီနေရတဲ့ အခြေအနေတွေ ရှိတယ်လို့ ကားသမားတွေက ပြောပါတယ်။
တချို့ ကုန်ကားသမားတွေကတော့ သက်ဆိုင်ရာ ရဲနဲ့ စစ်အာဏာရှင်တပ်သားတွေကို ငွေကြေး ပေးပြီး ညသန်းခေါင်မှာ မြို့ပြင်လမ်းတွေကနေ ရန်ကုန်ကို ကုန်ပစ္စည်းတွေ သယ်ယူကြရပါတယ်။
အဲဒီလို ငွေကြေးပေးပြီး ခိုးသယ်ကြပေမဲ့လည်း ညသန်းခေါင်မှာ အကောက်ခွန်ဝန်ကြီးဌာနက ဖမ်းဆီးတာ ကြုံခဲ့ရတဲ့အကြောင်း မြဝတီ-ရန်ကုန် ထိုင်းကုန်ပစ္စည်း သယ်ဆောင်သူတယောက်က ပြောပြပါတယ်။
“မှောင်ခိုပေါ့၊ ဆေးလိပ်တွေ ၂ ချက်ထိုးကြီး၊ ဖမ်းတာက ကာစတန် (အကောက်အခွန်) အဖွဲ့က၊ ကား တွေက တတန်းကြီးထွက်လာတာ၊ ကျမတို့က ရှေ့ဆုံးကပေါ့၊ ဒိုက်ဦးမြို့ဝင်ကြေးဂိတ်မှာ ပိုက်ဆံ ဆင်းပေးပြီး ပြန်ထွက်တော့ သူတို့ကားက မီးတောက်ရော၊ ကား ၂ စီးနဲ့ပေါ့၊ လူကလေး ငါးယောက် လောက် ရှိမှာပေါ့၊ ကျမတို့ကို အကုန်လုံးဆင်းပေါ့၊ သော့တွေပေး၊ ဖုန်းတွေပေး၊ Wheel Tax တွေ သိမ်းပေါ့၊ အဲ့မှာ သူတို့စစ်တော့ ဆေးလိပ်တွေဆိုတော့ မရဘူးတဲ့၊ မင်းတို့လိုက်ခဲ့တဲ့။”
ကျိုက်ထိုကနေ ရန်ကုန်ထိအရောက် လမ်းတလျှောက် အကောက်ခွန်ဂိတ် ၂ ခုနဲ့ စစ်အာဏာရှင်တပ် ၁၀ ခုဝန်းကျင်ရှိပြီး ဂိတ်တိုင်းကို ကားသမားတွေက ငွေကြေးပေးရပါတယ်။
အဲဒီဂိတ်တွေ အားလုံးမှာ ပစ္စည်းသိမ်းမခံရဘဲ ဖြတ်နိုင်တဲ့ ထိုင်းကုန်စည်တချို့သာ ရန်ကုန်ကို ရောက်ရှိတဲ့အတွက် ရန်ကုန်မှာ ထိုင်းကုန်စည်ရှားပါးပြီး ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။
အဲဒီလို အခက်အခဲတွေနဲ့ ကုန်ပစ္စည်း သယ်ယူနေရတဲ့ ကြားကပဲ စစ်အာဏာရှင်အစိုးရ နိုင်ငံခြား သုံးငွေကြီးကြပ်မှု ကော်မတီရဲ့ လမ်းညွှန်ချက်နဲ့ ခေါက်ဆွဲခြောက်၊ ချိုချဉ်၊ ဘီစကစ်၊ ကော်ဖီ စတဲ့ အခြေခံစားသောက်ကုန်တွေအပြင် စက်ပစ္စည်းတွေနဲ့ ကုန်ပစ္စည်း ၃၅ မျိုး တင်သွင်းခွင့်ကို ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်က စပြီး ကန့်သတ်ခဲ့ပါတယ်။
သီရိ











