DVB Logo
Home
မြန်မာသတင်း

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းပြီး ထိုင်းကုန်ပစ္စည်းတင်သွင်းသူများ အရှုံးပေါ်

DVB
·
November 27, 2026
Photo : DVB
Photo : DVB
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ငွေလဲဈေးကွက်မှာ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး နိုဝင်ဘာ ၂၇ ရက် ဒီနေ့မှာ မြန်မာငွေကျပ် ၁ သိန်းကို ထိုင်းဘတ်ငွေ ၆၀၀ ဝန်းကျင်အထိ ဆက်လက် ကျဆင်း နေပါတယ်။

ကျပ်ငွေတန်ဖိုး ရုတ်တရက် ထိုးကျသွားတာကြောင့် ထိုင်းနိုင်ငံကနေ ကုန်ပစ္စည်း မှာယူတင်သွင်း နေသူတချို့အနေနဲ့ အရှုံးပေါ်ပြီး အမှာစာတွေ ရပ်ဆိုင်းထားရတဲ့ အခြေအနေထိ ရင်ဆိုင် နေရပါတယ်။

ထိုင်းနိုင်ငံရောက် ငွေလဲလုပ်ကိုင်နေသူတွေဆီက သိရတဲ့ အချက်အလက်တွေအရ နိုဝင်ဘာ ၂၅ ရက်က ကျပ် ၁ သိန်းကို ၆၀၅ ဘတ်ဝန်းကျင် ရှိခဲ့ရာကနေ နိုဝင်ဘာ ၂၆ ရက်မှာ ၆၀၀ ဘတ်အထိ ကျဆင်းသွားခဲ့ပြီး နိုဝင်ဘာ ၂၇ ရက် ဒီနေ့မှာလည်း ကျပ် ၁ သိန်းကို ဘတ် ၆၀၀ ဝန်းကျင်မှာပဲ ဆက်လက်ရှိနေပါတယ်။ ငွေလွှဲလုပ်ကိုင်သူ တချို့ကသာ ကျပ် ၁ သိန်းကို ၆၀၅ ဘတ် ဝန်းကျင်နဲ့ လဲလှယ်ပေးနေတာပါ။

အခု ပေါက်ဈေးအရ ထိုင်းဘတ်ကနေ မြန်မာကျပ် ပြန်လဲမယ်ဆိုရင် ဘတ် ၆၃၀ ပေးရုံနဲ့ ကျပ် ၁ သိန်း ရရှိနိုင်ပေမဲ့ မြန်မာကျပ်ကနေ ထိုင်းဘတ်ကို ပြောင်းလဲရာမှာတော့ ကျပ်ငွေ ၁ သိန်းကို ဘတ် ၆၀၀ သာ ရရှိတဲ့အတွက် ကျပ်ငွေကိုင်ဆောင်ထားသူတွေ အနေနဲ့ သိသိသာသာ နစ်နာနေတာ ဖြစ်ပါတယ်။

အထူးသဖြင့် ရန်ကုန်ဘက်က ဖောက်သည်တွေဆီက ကျပ်ငွေနဲ့ လက်ခံပြီး ထိုင်းဘက်မှာ ဘတ်ငွေနဲ့ ကုန်ပစ္စည်း ဝယ်ယူပေးပို့နေရသူတွေ အနေနဲ့ ငွေဈေးအပြောင်းအလဲ မြန်ဆန်မှုကြောင့် အမြတ်အစွန်း မကျန်တော့ဘဲ လုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားရတယ်လို့ ဘန်ကောက်မှာရှိနေတဲ့ ကုန်သည်တချို့က DVB ကို ပြောပါတယ်။

ဘန်ကောက်ကနေ ရန်ကုန်ကို အဝတ်အထည်ပစ္စည်း ပို့နေသူတယောက်က “ကျနော်တို့ဆို ပြီးခဲ့တဲ့ အပတ်က ဖောက်သည်တွေဆီကနေ ရန်ကုန်ကနေ ဘန်ကောက်မှာ ပစ္စည်းမှာတာ အဝတ်အစားနဲ့ ဖိနပ်တွေပေါ့လေ။ ဘတ်ဈေးကို ကျနော်တို့ ပေါက်ဈေးပေါ့၊ ကျပ်ကနေ ဘတ်ကို ပြောင်းပြီးတော့ ဝယ်ဈေး ၆၅၀ နဲ့ ဖြတ်ပြီးမှ ပစ္စည်းဝယ်လိုက်တဲ့ အချိန်မှာ အဲမှာ ကျပ်တွေက လက်ကျန် ရှိနေတဲ့အတွက် အခုလို ကျပ်ဈေး ရုတ်တရက် ထိုးကျသွားတဲ့အချိန်မှာ ကျပ်တွေက ကျနော်တို့ လက်ထဲ ရှိနေတယ်။ ပြန်ရောင်းလို့ ရရင်တောင်မှ ဒါ ၆၅၀ မရနိုင်ဘူးပေါ့နော် တသိန်းကို။ အဲဒါကျတော့ ကျနော်တို့ အမြတ်လည်း မကျန်ဘူး။ အဲဒါဆိုတော့ ပစ္စည်းမှာတာကိုလည်း ကျနော်တို့ ခဏလောက် ရပ်ထားရတယ်ပေါ့” လို့ ပြောပါတယ်။

လက်ရှိ ငွေလွှဲစီးဆင်းမှု အခြေအနေအရ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက မြန်မာပြည်က မိသားစုတွေဆီ ဘတ်ငွေ ပြန်လည်လွှဲပို့တဲ့ ပမာဏက ပိုမိုများပြားနေပေမဲ့ မြန်မာပြည်ဘက်ကနေ ထိုင်းဘက်ကို ငွေလွှဲသုံးစွဲနေရတဲ့ ကုန်သည်တွေနဲ့ ကျန်းမာရေး၊ ပညာရေး အတွက် လာရောက်သူတွေအတွက်တော့ ကုန်ကျစရိတ်တွေ သိသိသာသာ မြင့်တက်လာပါတယ်။

ပြည်တွင်း မတည်ငြိမ်မှုတွေ များလာတာ၊ ဗဟိုဘဏ်က သွင်းကုန်လုပ်ငန်းတွေအတွက် နိုင်ငံခြားငွေ လုံလောက်အောင် မထုတ်ပေးနိုင်တာအပြင် ပြည်တွင်းဘဏ်စနစ်အပေါ် ယုံကြည်မှု ကျဆင်း လာတာကြောင့် ပြင်ပမှောင်ခိုဈေးကွက်မှာ ဘတ်နဲ့ ဒေါ်လာ ဝယ်လိုအား မြင့်တက်ပြီး ငွေဈေး ကမောက်ကမ ဖြစ်နေတာလို့ ငွေလဲလုပ်ကိုင်သူတွေက သုံးသပ်ပါတယ်။

ထိုင်းနိုင်ငံရောက် ငွေလဲလုပ်ကိုင်သူတယောက်က “လက်ရှိ အနေအထားအရကတော့ ဘတ် ဝယ်လိုအားက များနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မြန်မာကျပ်ငွေကို လက်ထဲမှာ ရှိတဲ့လူတွေက တော်တော်များများက အိမ်ခြံမြေကို ပြောင်းလဲရင် ပြောင်းလဲ၊ မပြောင်းလဲရင် ရွှေကို ပြောင်းလဲ၊ ငွေသားလည်း မကိုင်ထားသလို ဘဏ်မှာလည်း ယုံကြည်စိတ်ချစွာ အပ်နိုင်ဖို့အတွက် ဆိုတာက ယုံကြည်မှု မတည်ဆောက်နိုင်တော့တဲ့ အတွက်ကြောင့် ဒီ black market မှာပဲ ဒေါ်လာတို့၊ ဘတ်တို့၊ ရွှေတို့ကိုပဲ ဝယ်နေကြတဲ့အတွက်ကြောင့် ငွေဈေး ကမောက်ကမ ဖြစ်တယ်လို့ပဲ ကျနော်ကတော့ မြင်တယ်ပေါ့နော်” လို့ ပြောပါတယ်။

မြန်မာစစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်ကတော့ နိုဝင်ဘာ ၂၅ ရက် အစည်းအဝေးမှာ နိုင်ငံခြားငွေ ကိုင်ဆောင်သူတွေ ဈေးကစားနေတာကြောင့် လဲလှယ်နှုန်း မြင့်တက်ပြီး ကုန်ဈေးနှုန်း ကြီးမြင့်ရတာလို့ ပြောကြားခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း အခု နိုဝင်ဘာလအတွင်း အရေးကြီးသွင်းကုန်တွေ အတွက် ၁ ဒေါ်လာ ၃,၆၆၀ ကျပ်နှုန်းနဲ့ အမေရိကန်ဒေါ်လာ ၂၅၅ သန်းကျော် အပါအဝင် ထိုင်းဘတ် ၇၆၂ သန်းကျော်နဲ့ တရုတ်ယွမ် သန်း ၉၀ နီးပါး ရောင်းချပေးထားတယ်လို့ ထုတ်ပြန်ထားသလို ရန်ကုန်မြို့မှာလည်း လိုင်စင်မဲ့ ငွေကြေးရောင်းဝယ်သူတွေကို လိုက်လံဖမ်းဆီးနေပါတယ်။

ဒါပေမဲ့ ပြင်ပဈေးကွက်မှာတော့ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၅,၄၀၀ ဝန်းကျင်နဲ့ တရုတ်ယွမ် ၁၀၀ ကို ကျပ် ၈၀,၀၀၀ နီးပါးအထိ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။

မောရစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013