
၂၀၂၅–၂၀၂၆ ဖရဲသီးနဲ့ သခွားမွှေး ရာသီမှာ မြန်မာနိုင်ငံရှိ တောင်သူတွေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေ စံချိန်တင်အရှုံးပေါ်ခဲ့တယ်လို့ သစ်သီးကုန်သည်တွေဆီက သိရပါတယ်။
အခုရာသီအတွင်း သခွားမွှေးပို့ကုန်တွေရဲ့ ရောင်းဈေးမှာ ပြီးခဲ့တဲ့ နှစ်တွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ ကျဆင်းသွားပြီးထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေ တိုးမြင့်လာခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဖရဲသီးဈေးကွက်မှာလည်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလအစပိုင်းမှာသာ ဈေးကောင်းရရှိခဲ့ပြီး နောက်ပိုင်း ဆက်တိုက်ကျဆင်းသွားကာ ရာသီကုန်အထိ ပြန်မတက်လာတော့ဘူးလို့ ဖရဲစိုက် တောင်သူတွေက ပြောပါတယ်။
ဖရဲပို့ကုန်လုပ်ငန်းရှင်တယောက်က “အစပိုင်းမှာ ဈေးကောင်းလေးရှိလို့ မျှော်လင့်ချက်နဲ့ ဆက်လက် ရောင်းခဲ့ပေမဲ့ နောက်ပိုင်းမှာ ဈေးက လုံးဝပြန်မတက်တော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် စိုက်ပျိုးထုတ်လုပ်ရေးအရင်းအနှီး မြင့်တက်လာတာ၊ မန္တလေး–တောင်ကြီး–ကျိုင်းတုံ –မိုင်းလား လမ်းကြောင်းတွေကတဆင့် သယ်ယူပို့ဆောင်ရာမှာ ကုန်ကျစရိတ်တိုးလာတာတို့ကြောင့် လုပ်ငန်းရှင်တွေအတွက် အခက်အခဲ ပိုမိုများပြားလာခဲ့တယ်လို့ သိရပါတယ်။
ကားတစီးကို ကျပ်သိန်းရာချီ ကုန်ကျပြီး မိုင်းလားအထိ ရောက်ရှိပေမဲ့ တရုတ်ဘက်ကို ဆက်လက် တင်ပို့ရာမှာ အခွန်နဲ့ တခြားစရိတ်တွေကြောင့် ဆက်တိုက် အရှုံးဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ပြည်တွင်းဈေးကွက်တွင်လည်း လောင်စာဆီပြဿနာတွေနဲ့ ပို့ဆောင်ရေးအခက်အခဲတွေကြောင့် အချိန်မီ ဈေးကွက်ကို မရောက်နိုင် ဖြစ်ပေါ်နေပြီး ဈေးနှုန်းတည်ငြိမ်မှု မရှိသေးဘူးလို့ တောင်သူတွေ က ပြောပါတယ်။
တရုတ်ဈေးကွက်ဘက်တွင်လည်း ဝယ်လိုအားထက် ရောင်းလိုအား များပြားနေတာက အဓိက ပြဿနာတရပ်ဖြစ်နေပြီး တရုတ်ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုအပြင် လာအိုနဲ့ မြန်မာနိုင်ငံအတွင်း တရုတ်လုပ်ငန်းရှင်တွေရဲ့ စိုက်ပျိုးမှု တိုးလာခြင်းကြောင့် စုစုပေါင်း ထုတ်လုပ်မှု ပမာဏ မြင့်တက်လာပြီး စားသုံးမှုမှာ ကျဆင်းနေပါတယ်။
သစ်သီးပို့ကုန်လုပ်ငန်းတွေဟာ အခုနှစ်မှာ စိန်ခေါ်မှုများကြီးမားစွာ ရင်ဆိုင်နေရပြီး အနာဂတ်ရာသီ တွေအတွက် ဈေးကွက်မဟာဗျူဟာ ပြန်လည်စဉ်းစားဖို့ လိုအပ်နေတယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ထားပါတယ်။










