DVB Logo
Home
နိုင်ငံတကာ
“ပထဝီဝင်နယ်နိမိတ်ကန့်သတ်ချက်မရှိ” စစ်ရေးအရ တုံ့ပြန်ရန် အီရန်အဓိပတိ အမိန့်ပေး
DVB
·
November 1, 2026
“ပထဝီဝင်နယ်နိမိတ်ကန့်သတ်ချက်မရှိ” စစ်ရေးအရ တုံ့ပြန်ရန် အီရန်အဓိပတိ အမိန့်ပေး
Donate to DVB

အီရန်အဓိကခေါင်းဆောင် မိုဂျ်တာဘာခါမေနီက ရန်သူရဲ့ ဘယ်လို ခြိမ်းခြောက်မှုကိုမဆို “ပထဝီဝင်နယ်နိမိတ် ကန့်သတ်ချက်မရှိဘဲ” ချက်ချင်း တုံ့ပြန်ဆောင်ရွက်ဖို့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အမိန့်ပေးလိုက်တယ်လို့ အောက်တိုဘာ ၃၁ ရက်က သူ့ရဲ့တရားဝင် Telegram အကောင့်မှာ ကြေညာပါတယ်။ 

ရန်သူတွေဘက်က စစ်ရေးအရဖြစ်စေ၊ အကြမ်းဖက်တိုက်ခိုက်မှု ပုံစံနဲ့ဖြစ်စေ ထပ်တိုက်ခိုက်လာရင်၊ ဒီလိုတိုက်ခိုက်မှုတွေကို ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေမျိုးနဲ့ အဆုံးသတ်မလဲ ဆိုတာကို အီရန်ဘက်က ဆုံးဖြတ်သွားမယ်လို့ ခါမေနီက ပြောပါတယ်။ 

ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာမဟုတ်တဲ့ ပိုင်ဆိုင်မှုတွေကို အီရန်တပ်ဖွဲ့တွေက တိုက်ခိုက်နိုင်တဲ့ အတိုင်းအတာထဲကို ရောက်အောင် စစ်ရေးပစ်မှတ်စာရင်းကို ပြန်မွမ်းမံပြင်ဆင်ထားဖို့ကိုလည်း သူက ညွှန်ကြားပါတယ်။ 

အမေရိကန်နဲ့ အစ္စရေးတို့က အရေးပါတဲ့ ရွေးကောက်ပွဲတွေကို ကျင်းပနေချိန်မှာ စစ်ရေးအရ ထပ်လှုပ်ရှားမယ်လို့ ခြိမ်းခြောက်ပြောဆိုထားတာပါ။

အမေရိကန်ဘက်က တိုက်ခိုက်မှုအသစ် တစုံတရာ လုပ်လာရင် စစ်ပွဲက ပိုကျယ်ပြန့်သွားလိမ့်မယ်လို့ အီရန်စစ်တပ်က စနေနေ့မှာ သတိပေးလိုက်ပါတယ်။ 

တိုက်ပွဲတွေ ပြန်ဖြစ်မလာအောင်တားဖို့ သံတမန်ရေးရာ ကြိုးပမ်းချက် အသစ်တွေလုပ်နေချိန်မှာ အီရန်ရဲ့ သတိပေးချက် ထွက်ပေါ်လာတာပါ။ 

လက်ရှိမှာ ကာတာနိုင်ငံက ကြားဝင်စေ့စပ်သူတွေ တီရန်မြို့မှာ ရောက်နေပြီး၊ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကလည်း အီရန်လုံခြုံရေးဆိုင်ရာ အကြီးအကဲ မိုဆန်ရီဇာအီဆီကို စာတစောင် ပေးပို့ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

တကယ်လို့ အမေရိကန်သမ္မတက ဇီယွန်ဝါဒီတွေရဲ့ ဖိအားပေးမှုကြောင့် ဒါမှမဟုတ် သူတို့ကို ကျေနပ်စေဖို့ ရည်ရွယ်ချက်နဲ့ ဒေသတွင်းမှာ ထပ်ပြီး စွန့်စားလုပ်ဆောင်လာရင် စစ်မီးက ပိုကျယ်ပြန့်တဲ့ ပထဝီဝင်နယ်မြေတခုလုံးဆီ ကူးစက်လောင်ကျွမ်းသွားမှာ အသေအချာပဲလို့ အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အာကရာမီနီယာက X လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။

ဒါပေမဲ့သူက အသေးစိတ်အချက်အလက်တွေကို ထပ်ရှင်းမပြခဲ့ပါဘူး။ အီရန်စစ်ပွဲကို အဆုံးသတ်ရေး ဆက်ပြီးကြိုးပမ်းနေချိန်မှာ သောကြာနေ့က တီရန်မြို့မှာ ၁၂ နာရီကျော်ကြာ ဆွေးနွေးပြီးတဲ့နောက်၊ အီရန်ညှိနှိုင်းရေးအဖွဲ့ဝင်တွေက ကာတာနိုင်ငံက ကြားဝင်စေ့စပ်သူတွေနဲ့ ဆွေးနွေးဖို့စနေနေ့မှာ ဒိုဟာမြို့ကိုရောက်လာတယ်လို့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး အသိပေးခံထားရတဲ့ တာဝန်ရှိသူက ရိုက်တာကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတခုအတွင်း ဒဏ်ရာရခဲ့ပြီးတဲ့နောက်ပိုင်းက စပြီး ခါမေနီကို လူမြင်ကွင်းမှာ မတွေ့ရသေးပါဘူး။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013