DVB Logo
Home
မြန်မာသတင်း
FATF ၏ အမည်ပျက်စာရင်းသွင်းခံရမှု စိုးရိမ်စရာမဟုတ်ဘဲ ယခင်ကလည်းကြုံဖူးဟု ဗဟိုဘဏ် ထုတ်ပြန်
DVB
·
October 23, 2022
FATF ၏ အမည်ပျက်စာရင်းသွင်းခံရမှု စိုးရိမ်စရာမဟုတ်ဘဲ ယခင်ကလည်းကြုံဖူးဟု ဗဟိုဘဏ် ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံကို နိုင်ငံတကာငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းသွင်းခံရတာဟာ စိုးရိမ်စရာမဟုတ်ဘဲ အရင်ကလည်းကြုံခဲ့ဖူးတယ်လို့ စစ်ကောင်စီဩဇာခံ ဗဟိုဘဏ်က သတင်းထုတ်ပြန်ပါတယ်။  

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အချက်အလက်‌တွေကို FATF ဥက္ကဋ္ဌက ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံကို တိုးမြှင့်စောင့်ကြည့်ခွင့်ရှိတဲ့ နိုင်ငံတွေစာရင်း (Jurisdictions under increased monitoring) ကနေ စိစစ်ဆောင်ရွက်ဖို့တောင်းဆိုခံရတဲ့ အန္တရာယ်မြင့်မားတဲ့ နိုင်ငံတွေ စာရင်း(High-Risk Jurisdictions subject to a Call for Action)ကို အောက်တိုဘာ ၂၁ ရက်က ပြောင်းရွှေ့ထည့်သွင်းတာခံခဲ့ရပါတယ်။

အခုလိုထည့်သွင်းခံရပေမဲ့ မြန်မာနိုင်ငံဟာ  လက်ရှိ အမည်ပျက်စာရင်းဝင် မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့လိုမျိုး FATF အဖွဲ့ဝင်နိုင်ငံ‌တွေနဲ့ တခြားနိုင်ငံတွေ တိုးမြှင့်အရေးယူဖို့ တောင်းဆိုတာခံရတဲ့ နိုင်ငံနဲ့ ဒေသ‌တွေစာရင်းမှာထည့်ပြီး တန်းတူအရေးယူတာခံရမယ့် အဆင့်မျိုး မဟုတ်ဘူးလို့ ဗဟိုဘဏ်က ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အရင်ကလည်း အလားတူစာရင်းမှာ ၂၀၁၁ ခုနှစ်၊ ဇွန်လက‌နေ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိရောက်ရှိခဲ့ပြီး ပြန်လည်လွတ်မြောက်အောင်လုပ်ခဲ့တဲ့ အရင်အတွေ့အကြုံ‌တွေ အရ အဲဒီစာရင်းကနေ မြန်မြန်လွတ်ဖို့ တနှစ်အတွင်းဆောင်ရွက်မယ့် စီမံကိန်းတွေ ဆွဲပြီးပြီလို့လည်း ဆိုပါတယ်။

အခုလို သတ်မှတ်ခံရတာကြောင့် မြန်မာနိုင်ငံအနေနဲ့ ပြည်ပနဲ့ငွေကြေးလွှဲပြောင်းတဲ့အခါမှာ ပြည်ပအဆက်အသွယ် ဘဏ်‌တွေက အလေးထားစိစစ်တာ‌တွေ ပိုလုပ်ခံရမှာဖြစ်ပြီး သက်ဆိုင်ရာဘဏ်‌တွေအနေနဲ့ လက်ရှိလုပ်နေကျမေးခွန်းတွေမေးတာ၊ ငွေလွှဲ အထောက်အထား အချက်အလက်‌တွေ တောင်းတာ စတာတွေကို အရင်ကအတိုင်း လုပ်နိုင်မယ်လို့ လည်း ဆိုပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံနဲ့ဒေသအားလုံးဟာ FATF ကထုတ်ပြန်တဲ့ အကြံပြုချက် ၄၀ ကို လိုက်နာဆောင်ရွက်ကြရပြီး မြန်မာနိုင်ငံအနေနဲ့ မူလ အကဲဖြတ်တုန်းက အချက် ၂၀ ကျော်ကို သတ်မှတ် ကာလအတွင်း ပြည့်ခဲ့ပေမယ့် အခုတော့ ၂၄ ချက်ကိုပြည့်မီတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စကို အကြောင်းပြုပြီး မသမာတာတွေ မလုပ်ကြဖို့နဲ့ ဗဟိုဘဏ်စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတာတွေတွေ့ရင် အရေးယူမယ်လိုလည်း ဆိုထားပါတယ်။

ဒီမတိုင်ခင်ရက်ပိုင်းကလည်း ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေကြေး ရောင်းသူဝယ်သူတွေရှိတဲ့ ဖေ့စ်ဘွတ်ခ်ဂရုပ်တွေကို တရားစွဲမယ်လို့ ထုတ်ပြန်ထားခဲ့ဖူးပါတယ်။

နိုင်ငံတကာငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့  FATF ရဲ့ မျက်နှာစုံညီအစည်းအဝေးကို အောက်တိုဘာ ၂၀ နဲ့ ၂၁ ရက်တို့က FATF  ရုံးစိုက်ရာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပခဲ့ပြီး အဲဒီမှာ စစ်ကောင်စီကစေလွှတ်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့လည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ သတ်မှတ်စောင့်ကြည့်ကာလ တနှစ်ကျော်လာတဲ့အထိ ကတိပြုထားတဲ့  အဓိက လုပ်ဆောင်ရမယ့် တရားမဝင်ငွေကြေးစီးဆင်းမှုကိစ္စတွေကိုင်တွယ်ဖြေရှင်းရာမှာ တိုးတက်အောင် ဆက်လက်လုပ်ဆောင်ခဲ့ခြင်းမရှိတာကြောင့် ကမ္ဘာ့ဆုံးဆိုင်ရာငွေကြေးစနစ်ရဲ့ အပယ်ခံနိုင်ငံတွေအဖြစ် မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့နဲ့ အတူ မြန်မာကို ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013